ဇီလန်စကီးက ကာကွယ်ရေးဝန်ကြီး အသစ်ခန့်အပ်
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက နိုင်ငံ၏ တာဝန်ထမ်းဆောင်မှုသက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဒီနစ် ရှမီဂယ်ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ယခုသီတင်းပတ်အတွင်း ပါလီမန်မှ အတည်ပြုရန် မျှော်မှန်းထားသည့် အစိုးရအဖွဲ့ ပြောင်းလဲမှု တစ်စိတ် တစ်ပိုင်းဖြစ်သည်။
၄၉ နှစ်အရွယ် ရှမီဂယ်သည် ၂၀၂၀ ပြည့်နှစ် မှစတင်၍ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး Covid-19 ကပ်ရောဂါကာလနှင့် ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခမြင့်တက်လာချိန်များတွင် ဦးဆောင်ခဲ့သည်။ တနင်္လာ (ဇူလိုင် ၁၄) ညနေ ဗီဒီယိုမိန့်ခွန်းတွင် ဇီလန်စကီးက ရှမီဂယ်၏ နိုင်ငံ၏ ကန့်သတ်အရင်းအမြစ်များကို စီမံခန့်ခွဲနိုင်စွမ်းအား ချီးကျူးကာ အဆိုပါအတွေ့အကြုံသည် ၎င်း၏တာဝန်အသစ်အတွက် အထောက်အကူ ရရှိစေမည်ဟု ပြောကြားခဲ့သည်။
ဇီလန်စကီးက ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး ယူလီယာ ဆွီရီဒန်ကို ကို ရှမီဂယ်၏ နေရာတွင် ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားသည်။ အသက် ၃၉ နှစ်ရှိ ဆွီရီဒန်ကိုသည် အမေရိကန်အား ယူကရိန်း သတ္တု အရင်းအမြစ်များကို ဦးစားပေးအခွင့်အရေးရရှိစေသည့် သဘောတူညီချက် ကို ညှိနှိုင်းပေးခဲ့သည့်အတွက် ကျော်ကြားသူဖြစ်ပြီး သူမသည် မကြာမီ တွင် အဆိုပြုအစိုးရအဖွဲ့နှင့် အစိုးရ၏လုပ်ဆောင်မည့်အစီအစဉ်ကို တင်ပြ မည်ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ ပြောင်းလဲမှုအတွက် ရှမီဂယ်က တရားဝင် နုတ်ထွက်ခွင့် လျှောက်ထား ပြီးနောက် ပါလီမန်မှ အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။ လက်ရှိ အစိုးရအဖွဲ့ကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်မှုကို ဇူလိုင် ၁၆ ရက်နေ့တွင် ပြုလုပ်မည်ဟု သတင်းများက ဖော်ပြထားပါသည်။
အစ္စတန်ဘူလ်တွင် ရုရှားနှင့် ညှိနှိုင်းဆွေးနွေးမှုများ၌ ကိယက်ဗ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ယခင်ကာကွယ်ရေးဝန်ကြီး ရူစတမ် ဥမာရော့ဖ်အား ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် လျာထားကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် မကြာသေးမီနှစ်များအတွင်း အကျင့်ပျက် ခြစားမှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် စစ်တပ်အတွက် ဈေးမှန်ထက်ပိုမိုမြင့်မားသော အစားအစာ ဝယ်ယူမှုစာချုပ်များနှင့် သက်ဆိုင်သည့် အကျင့်ပျက်ခြစားမှုဖြစ်စဉ်ကြောင့် ယခင်ကာကွယ်ရေး ဝန်ကြီး အလက်ဇီ ရက်ဇနီကော့ဖ် နုတ်ထွက်ခဲ့သည်။ လေးလအကြာတွင် ၎င်း၏ဆက်ခံသူ ဥမာရော့ဖ်က ဝန်ကြီးဌာန၏ အတွင်းရေး စစ်ဆေးမှု တစ်ခုတွင် ခိုးယူမှုနှင့်သက်ဆိုင်သည့် ဒေါ်လာ ၂၆၂ သန်းခန့် ဆုံးရှုံးမှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဥမာရော့ဖ်ကိုယ်တိုင်လည်း ကာကွယ်ရေးဝယ်ယူမှုများနှင့်ပတ်သက်၍ အာဏာအလွဲသုံးစားလုပ်မှု စွပ်စွဲချက်များဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂