ကမ္ဘာ့ဖလားဘောလုံးပွဲလက်မှတ်များ စက်တင်ဘာ၁၀ရက်တွင် စတင် ရောင်းမည်
မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။
အမေရိကတွင် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။
“သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမှာဖြစ်တာကြောင့် မြောက်အမေရိကမှာ ကမ္ဘာက ပြန်ကြိုဆိုဖို့ မျှော်လင့်နေပါတယ်” ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
“ကမ္ဘာ့အားကစားမှာ အလိုချင်ဆုံး ထိုင်ခုံတွေဖြစ်လာမယ့် နေရာတွေကို ရယူရေး အသင့်ပြင်ထားကြဖို့ နေရာတိုင်းက ပရိသတ်တွေကို တိုက်တွန်းပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
လက်မှတ်များကို မည်သို့မည်ပုံ ထုတ်ရောင်းမည်ကို ဖီဖာက အသေးစိတ်မဖော်ပြခဲ့သော်လည်း ကြိုတင်စာရင်းပေးထားသော ပရိသတ်များသည် စက်တင်ဘာ ၁၀ ရက်တွင် ၎င်းတို့၏ ပထမဆုံးလက်မှတ်ဝယ်ယူခွင့်အတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်မှတ်စတင် ရောင်းချသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက် တနင်္ဂနွေနေ့ နောက်ဆုံးပွဲစဉ်အထိ လက်မှတ်ရောင်းချမှု အဆင့်များစွာ ရှိလိမ့်မည်ဟု ဖီဖာက ပြောကြားခဲ့သည်။
Popular Myanmar