အီတလီသည် ယူကရိန်းအတွက် အမေရိကန်လက်နက်များ ဝယ်ယူမည် မဟုတ်ဟု မီဒီယာများက ဆို
အီတလီသတင်းစာ La Stampa က အမည်မဖော်လိုသူများ၏ ထုတ်ဖော် ပြောဆိုချက်ကို ကိုးကား၍ အီတလီ၏ ဘတ်ဂျက်အနေအထားအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းသို့ အမေရိကန် လက်နက် များပေးပို့ရန် အစီအစဉ်တွင် ပါဝင်နိုင်စွမ်း မရှိကြောင်း ဖော်ပြခဲ့သည်။
တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ထရမ့်သည် ဥရောပ NATO အဖွဲ့ဝင်များက ငွေကြေးထောက်ပံ့မည်ဆိုပါက ယူကရိန်းသို့ လက်နက်အသစ်များ ပေးပို့ရန် ခွင့်ပြုခဲ့ပြီး ၎င်းကို "အလွန်အရေးကြီးသောသဘောတူညီချက်" အဖြစ် ရည်ညွှန်းခဲ့သည်။
La Stampa သတင်းစာက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်၌ ယူကရိန်းအတွက် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်အချို့ကို ဝယ်ယူရန် သဘောတူပြီးဖြစ်သည့် ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz ၏ အစီအစဉ်ကို အီတလီက လိုက်နာမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
သတင်းစာ၏ အရင်းအမြစ်များအရ ရောမအစိုးရသည် အဆိုပါ အစီအစဉ်မှ နုတ်ထွက်မည်ဖြစ်ပြီး ထိုသို့ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ "မိမိ တို့၏ လက်နက်စနစ်များသည် ယခင်က ကိယက်ဗ်သို့ ပေးအပ်ပြီး ဖြစ်ကာ ၎င်းတို့တွင် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ ကွဲပြားနေသည့်အပြင်၊ အထူးသဖြင့် ဂျာမနီနှင့်မတူဘဲ အီတလီအနေဖြင့် အဆိုပါလုပ်ငန်းအတွက် သတ်မှတ်ပေးနိုင်သောဘတ်ဂျက်သည် လက်တွေ့တွင် မရှိသလောက် ဖြစ်နေသည်" ဟု ဆိုသည်။
အီတလီအနေဖြင့် လက်ရှိအမေရိကန်ထံမှ စီစဉ်ထားသည့် တစ်ခုတည်းသော လက်နက်ဝယ်ယူမှုမှာ ၂၀၃၀ ပြည့်နှစ်များအတွက် စီစဉ်ထားသော F-35 တိုက်လေယာဉ်အချို့သာ ဖြစ်ကြောင်း အရင်းအမြစ်များက ဖြည့်စွက် ပြောကြားခဲ့သည်။
Politico သတင်းဌာနက အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ပြင်သစ်အရာရှိ နှစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ ပါရီအစိုးရသည် ယူကရိန်းအတွက် အမေရိကန်လက်နက်များ ဝယ်ယူမည်မဟုတ်ကြောင်း၊ အကြောင်းမှာ ပြင်သစ်သည် ဥရောပ၏ လုံခြုံရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်နေသောကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထိုနေ့တွင်ပင် ချက်သမ္မတ Petr Fiala က Publico သတင်းဌာနသို့ ပရာဟာသည်လည်း လက်ရှိတွင် အဆိုပါအစီအစဉ်တွင် ပါဝင်ရန် မစဉ်းစားသေးကြောင်း ပြောကြားခဲ့သည်။ ၎င်းက "ချက်နိုင်ငံသည် ယူကရိန်း ကို ကူညီရန် အခြားနည်းလမ်းများကို အဓိကထား အာရုံစိုက်နေသည်" ဟု ရှင်းပြခဲ့သည်။
EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas က ယခင်က ထရမ့်၏ ယူကရိန်းသို့ လက်နက်များ ပိုမိုပေးပို့မည်ဟူသော ကတိကို ကြိုဆိုခဲ့သော်လည်း ဝါရှင်တန်အနေဖြင့် အဆိုပါပေးပို့မှုများအတွက်ငွေကြေး ထောက်ပံ့ရာတွင် "ဝန်ထုပ်ဝန်ပိုးကို မျှဝေရန်" တိုက်တွန်းခဲ့သည်။ ထိုအတောအတွင်း အမေရိကန်က မော်စကိုနှင့် ကိယက်ဗ်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် ရက်ပေါင်း ၅၀ အတွင်း တိုးတက်မှု မရှိပါက ရုရှား၏ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအပေါ် အမေရိကန်၏ ကုန်သွယ်ခွန် ၁၀၀% အထိ စည်းကြပ်မည်ဟု ခြိမ်းခြောက်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂