ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏ မိသားစု နှင့်အတူမော်စကိုသို့ရောက်ရှိ

News Image

  • ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏ မိသားစု နှင့်အတူမော်စကိုသို့ရောက်ရှိ

ဆီးရီးယားသမ္မတဟောင်း Assad သည် ၎င်း၏မိသားစု နှင့်အတူ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ကရင်မလင် သတင်းရင်းမြစ်များကို ကိုးကား၍ TASS သတင်းဌာန ကဖော်ပြထားသည်။

အာဆတ်သည် ၎င်း၏မိသားစုဝင်များနှင့်အတူ မော်စကို မြို့သို့ ရောက်လာခဲ့ကြောင်း၊ ရုရှားနိုင်ငံက ၎င်းတို့ကို လူသားချင်းစာနာသည့် အကြောင်းပြချက်ဖြင့် ခိုလှုံခွင့် ပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက TASS သတင်း အေဂျင်စီသို့ ပြောကြားခဲ့သည်။

ဆီးရီးယား စစ်သွေးကြွများသည် ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို သိမ်းပိုက်ပြီးနောက် သမ္မတဟောင်း အာဆတ်၏ ၂၄ နှစ်ကြာ အုပ်ချုပ်မှုသည် အဆုံးသတ် သွားခဲ့သည်။ 

ဆီးရီးယား အကျပ်အတည်းကို ဖြေရှင်းရန် ကုလသမဂ္ဂ ဦးဆောင်သော ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ရုရှားနိုင်ငံက တောင်းဆိုခဲ့ကြောင်း TASS သတင်း အေဂျင်စီက ဖော်ပြထားသည်။ ဆီးရီးယားတွင် လည်ပတ်နေသော ရုရှားနိုင်ငံ၏ စစ်တပ်အခြေစိုက်စခန်းများနှင့် သံတမန် များ၏လုံခြုံရေးကို ဆီးရီးယားလက်နက်ကိုင် အတိုက်အခံ ခေါင်းဆောင်များက အာမခံထားကြောင်း ကရင်မလင် တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍  RIA သတင်းဌာနက ဖော်ပြထားသည်။

ကိုးကား - RIA Novosti နှင့် TASS သတင်းဌာန