အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၄ရက် နံနက်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တွင် ဆီးရီးယား သမ္မတသစ် အာမက် အယ်လ်ရှာရာနှင့် တွေ့ဆုံခဲ့သည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။ထရမ့်သည် အာရပ်နိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ထိပ်သီး အစည်းအဝေးမတိုင်မီ ဆီးရီးယားသမ္မတသစ်နှင့် နာရီဝက်ခန့် စကားပြောဆိုခဲ့သည်ဟုဆိုသည်။အဆိုပါတွေ့ဆုံမှုကို အိမ်ဖြူတော်က အသေးစိတ်မထုတ်ပြန်ခဲ့သော်လည်း အယ်လ်ကေဒါ အဖွဲ့ခွဲတစ်ခုကို ဦးဆောင်ခဲ့ဖူးပြီး ယင်းအဖွဲ့နှင့် အဆက် အသွယ်ဖြတ်ကာ ပုံရိပ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် ဆီးရီးယား ခေါင်းဆောင်သစ်အတွက် သမ္မတထရမ့်နှင့် တွေ့ဆုံမှုသည် အလှည့်အပြောင်း တစ်ခု ဖြစ်လာသည်။သမ္မတဟောင်း ဘာရှားအယ်လ်အာဆတ်ကို ဆီးရီးယားခေါင်းဆောင်သစ်၏ မဟာမိတ်အဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖြုတ်ချပြီးနောက် ၎င်း၏အစိုးရအဖွဲ့သည် ဆီးရီးယားအပေါ် ကျန်ရှိနေသေးသော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရန် ကြိုးပမ်းနေသည်။၂၀၁၁ ခုနှစ်စတင်ခဲ့သည့် ဆန္ဒပြဆန့်ကျင်မှုများကို အာဆတ်အစိုးရက ရက်စက်စွာ နှိမ်နင်းမှုများကြောင့် ပြည်တွင်းစစ်အဖြစ်သို့ ရောက်ရှိသွားပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခံခဲ့ရသည်။ဥရောပနိုင်ငံများက ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုများကို လျှော့ချရန် လုပ်ဆောင်နေသော်လည်း အမေရိကန်က အလွှာပေါင်းစုံတွင် စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် ဆီးရီးယား၏ စီးပွားရေးပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။ဆော်ဒီသို့ ရောက်နေသည့် သမ္မတထရမ့်သည် တူရကီသမ္မတ ရီဆပ် တေယပ် အာဒိုဂန်၊ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် တို့နှင့် တွေ့ဆုံပြီးနောက် ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန်လည်း ဆုံးဖြတ်ခဲ့သည်။ကိုးကား- AFPPhoto: CNN
Wed, 14-မေလ-2025