၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ မဖြစ်မနေဆောင် ရွက်ရမည့် အလုပ်ရှင်၏ တာဝန်များကို သိရှိလိုပါသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ဆောင်ရွက်ရမည့် အလုပ်ရှင်၏တာဝန်များမှာ-
(က) လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးမဝင်မနေရ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သော အလုပ်ရှင်သည် လုပ်ငန်း စတင်လုပ်ကိုင်သည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးတွင် မိမိ၏ အလုပ်ဌာနအား မှတ်ပုံတင်ရန် တာဝန်ရှိပါသည်။ (နည်း ၄၀(ခ))
(ခ) အလုပ်ရှင်သည် အလုပ်သမားအသစ်တစ်ဦးခန့်တိုင်း ခန့်အပ်ပြီး (၁၀)ရက် အတွင်း လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါသည်။ (နည်း ၄၂(ဂ))
(ဂ) အလုပ်သမားတစ်ဦး ပြောင်းရွှေ့၊ နှုတ်ထွက်၊ သေဆုံးသည့်အခါ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ (၁၀)ရက် အတွင်း အကြောင်းကြားရမည်။ (နည်း ၄၃)
(ဃ) အလုပ်သမား ၅၀ ဦးနှင့်အောက်ရှိသော အလုပ်ဌာနများအနေဖြင့် ထည့်ဝင်ကြေးများပေးသွင်းရာတွင် သတ်မှတ်ထားသော ထည့်ဝင်ကြေးစာရင်း (ပုံစံ-၁၃) တွင် အာမခံထားသူအားလုံးအတွက် အချက်အလက်များအား ပြည့်စုံစွာ ဖြည့်စွက်ခြင်း၊ အလုပ်သမား ၅၀ ဦးအထက် အလုပ်ဌာနများအနေဖြင့် သတ်မှတ်ထားသည့် Contribution Excel File (Soft Copy) တွင် အာမခံထားသူ အားလုံးအတွက် အချက်အလက်များအား ပြည့်စုံစွာဖြည့်စွက်၍ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးသို့ လစဉ် ပေးပို့ရမည်။ (နည်း ၆၆(က))
(င) လစဉ် မိမိအလုပ်သမားများအတွက် လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းထားသော ထည့်ဝင်ကြေးစာရင်းအား အလုပ်ဌာနရှိ အလုပ်သမားများမြင်သာသောနေရာတွင် လစဉ် လစဉ်ကပ်ထားပေးရမည်။ (နည်း ၆၆(ခ))
(စ) အလုပ်တွင် ထိခိုက်ဒဏ်ရာရလျှင် အလုပ်ရှင်သည် (၂၄) နာရီ အတွင်း သက်ဆိုင်ရာရုံးခွဲသို့ အကြောင်းကြားရပါမည်။ (နည်း ၁၇၅)
(ဆ) သေဆုံးသည့် အာမခံထားသူ၏ အလုပ်ရှင် (သို့မဟုတ်) ကျန်ရစ်သူသည် ထိုအာမခံထားသူ သေဆုံးသည့်နေ့ (သို့မဟုတ်) ထိုသူသေဆုံးကြောင်း သိရှိသည့်နေ့ရက်မှ ၂၄ နာရီအတွင်း သက်ဆိုင်ရာ မြိုနယ်လူမှုဖူလုံရေးရုံးသို့ အကြောင်းကြားရမည်။ (နည်း ၁၂၇)
(ဇ) ဥပဒေ၊နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ထားပြီးသူ အလုပ်သမားအတွက် အကျိုးခံစားခွင့်များ ရရှိရန်ကိစ္စ ပေါ်ပေါက်လျှင် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ယူမည်ဖြစ်သော်လည်း မှတ်ပုံမတင်ရသေးသည့် အလုပ်သမား အတွက် အဖွဲ့ မှတာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ဘဲ အလုပ်ရှင်ကသာ အကျိုးခံစား ခွင့်အားလုံးအတွက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ပါ၍ အလုပ်သမားတစ်ဦး အသစ်ခန့်တိုင်း လူမှုဖူလုံရေးအဖွဲ့တွင် ချက်ချင်းမှတ်ပုံတင်ရန် အရေးကြီးပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/