ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆုရှင်

Posted_Date

Image

ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆုရှင်

Body

ဆွီဒင်နိုင်ငံ  စတော့ဟုမ်း နိုင်ငံတကာ ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ရေဘက်ဆိုင်ရာ၌  ထူးချွန်စွာဆောင်ရွက်သူများအား “စတော့ဟုမ်းရေဘက်ဆိုင်ရာဆု”ကို လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့သည်။ ယင်းဆုသည် ရေဘက်ဆိုင်ရာလုပ်ငန်း နယ်ပယ်၌ ကျော်ကြားလှပြီး  “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ဟုပင် တင်စားခေါ်ဝေါ်ကြသည်။၂၀၁၅ ခုနှစ် “ရေဘက်ဆိုင်ရာနိုဘယ်လ်ဆု”ကို အိန္ဒိယလူမျိုး ရာဂျင်ဒရာဆင်းအား ပေးအပ်ခဲ့သည်။ ဆုချီးမြှင့်ရေးကော်မတီ၏ မှတ်ချက်တွင် ရာဂျင်ဒရာဆင်းသည် ဒေသတွင်း ရေအခက်အခဲကို  လူမှုရေး စွမ်းဆောင်ရည် တည်ဆောက်ပြီး ဒေသခံတို့၏ပူးပေါင်းပါဝင်မှု၊ အမျိုးသမီးတို့ကို အားကိုးတာဝန်ပေးအသုံးချမှု၊  ရှေးရိုးနည်းပညာကို ခေတ်မီသိပ္ပံနည်းများနှင့် ပေါင်းစပ်ပေးနိုင်မှုတို့ကြောင့် ဆုပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သူသည် ကျေးရွာများကို ရေလွှမ်းမိုးမှုမှ    ကာကွယ်ပေးခြင်း၊  မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ မြစ်ချောင်းများကို ကောင်းမွန်စွာစီးဆင်းစေခြင်း၊   ဇီဝမျိုးစုံမျိုးကွဲများကို  ထိန်းသိမ်းခြင်း  စသည့် အကျိုးကျေးဇူးများကိုလည်း ဖန်တီးပေးခဲ့သည်။ ရာဂျင်ဒရာဆင်း၏ ဆောင်ရွက်ချက်များသည် လိုက်နာအကောင်အထည်ဖော်ရန် ကုန်ကျစရိတ်မများခြင်း၊ လွယ်ကူရိုးရှင်းခြင်း စသည်တို့ကြောင့် တစ်ကမ္ဘာလုံး နမူနာယူသင့်သည်ဟု   ဆုချီးမြှင့်ရေးကော်မတီက   ဆိုသည်။    ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်ထိခိုက်မှုကို ခံနေရသော ရေရရှိမှု အခြေအနေကိုဖြေရှင်းရာ၌  ခေတ်မီသိပ္ပံနှင့် နည်းပညာများ သက်သက်ကိုသာ   အားကိုးနေ၍မရဘဲ   ကောင်းမွန်သောစီမံခန့်ခွဲမှု၊ မှန်ကန်သောမူဝါဒ၊ ခေါင်းဆောင်ကောင်းရှိမှုနှင့် အခြေအနေနှင့် လိုက်လျောညီထွေအောင်   လုပ်ဆောင်တတ်မှုတို့အပေါ်တွင်လည်း   မူတည်နေရာ ရာဂျင်ဒရာဆင်း၏    ဆောင်ရွက်ချက်များသည် အထက်ပါအချက်တို့နှင့် ကိုက်ညီနေသည်။

ဆုရှင်ရာဂျင်ဒရာဆင်းသည် ရေပညာရှင်တစ်ဦး မဟုတ်သည့်အပြင် ယင်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ရန်လည်း မူလက မရည်ရွယ်ခဲ့ပေ။ သူသည် အသက် ၂၈ နှစ်အရွယ်၌ အစိုးရဝန်ထမ်း အာယုဗေဒဆေးပညာရှင် အဖြစ်မှ နုတ်ထွက်ပြီး  ရာဂျက်စတန်ပြည်နယ် အာလ်ဝါခရိုင် ဂိုပါးလ်ပူရာရွာသို့ ရောက်ရှိခဲ့သည်။ ယင်းရွာတွင် ဆေးခန်းဖွင့်ရန် လက်ထောက်လေးဦးနှင့်အတူ လာခဲ့ခြင်းဖြစ်သည်။

ရာဂျင်ဒရာဆင်းနှင့်သူ၏ လက်ထောက်များ  ရွာသို့ရောက်လာသောအခါ  အစီအစဉ်က တစ်မျိုးဖြစ်သွားသည်။ ဒေသခံတို့သည်  ဆေးခန်းအစား  ရေကိုလိုချင်ကြသည်။ ရာဂျက်စတန်ပြည်နယ်သည် ခြောက်သွေ့သော ရာသီဥတုရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ပျမ်းမျှ ၁၆ လက်မသာရွာသည်။ မိုးအားလုံးလိုလိုမှာ ဇွန်လမှ စက်တင်ဘာလအတွင်း၌သာဖြစ်၍  ကျန်လများတွင် မြေကြီးသည်ခြောက်သယောင်းနေသည်။ မြေအောက်ရေလည်းကောင်းစွာမရ၍ ရွာတွင်ကြုံတွေ့နေရသောရေအခက်အခဲက အတော်ကြီးမားသည်။ သောက်ရေအတွက် အမျိုးသမီးများ၊   ကလေးငယ်များ  ဝေးလံသောအရပ်သို့   သွားရောက်သယ်ယူနေကြရသည်။ ရေမရှိ၍ အသီးအနှံများကောင်းစွာမဖြစ်ထွန်း။

ရှေးကရေရခဲ့

 ဒေသခံသက်ကြီးဝါကြီးတို့၏  အဆိုအရ အာလ်ဝါခရိုင်တွင် ရှေးအခါမှစ၍ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အထိ ရေကိုလုံလောက်စွာ သုံးနိုင်ခဲ့ဖူးသည်ဟုဆိုသည်။ ဒေသတွင်း၌ သစ်ပင်သစ်တောများနှင့် စိမ်းစိမ်းစိုစိုရှိခဲ့သည်။ မြစ်ချောင်းများတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်နှင့်ချီ၍ရှိခဲ့သော  “ဂျိုဟတ်”များကြောင့် ရေအတွက်မပူပင်ခဲ့ရဟု သက်ကြီးရွယ်အိုတို့ကပြောသည်။

“ဂျိုဟတ်”ဆိုသည်မှာ မြစ်ငယ်ချောင်းငယ်များကိုပိတ်၍    မြေသား၊  အုတ်၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားသော တမံနိမ့်များဖြစ်သည်။ ဂျိုဟတ်များကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ  မိုးရေကိုအလဟဿစီးဆင်းမသွားစေဘဲ တတ်နိုင်သမျှထိန်းသိမ်းသိုလှောင်၍ အသုံးချရန်ဖြစ်သည်။

ဂျိုဟတ်များသည်  ရှားရှားပါးပါး ရွာကျလာသောမိုးရေများကို  တားဆီးသိုလှောင်ထားနိုင်၍    မသုံးရမစွဲရဘဲ မြစ်ချောင်းများ ထိုမှတစ်ဆင့် နောက်ဆုံး ပင်လယ်ထဲ   ပြန်ရောက်သွားခြင်းကို ကာကွယ်ခဲ့သည်။ မိုးမရွာသောလများတွင် ဂျိုဟတ်မှရေကို ရယူသုံးစွဲနိုင်ကြသည်။ ထို့ပြင်  ဂျိုဟတ်က  တားဆီးသိုလှောင်ထားသော   ရေတို့သည် မြေအောက်သို့ဖြည်းဖြည်းချင်း စိမ့်ဝင်ကာ မြေအောက်ရေကြောကို ဖြည့်တင်း

ပေးသည်။ ခြောက်သွေ့သောဒေသဖြစ်သော်ငြား မြေအောက်ရေရသောကြောင့် ဂျိုဟတ်တို့ပတ်ဝန်းကျင်တွင်   သစ်ပင်ဝါးပင်များကိုတွေ့နိုင်သည်။ မြေအောက်ရေကြောင့် စိုက်ခင်းများရှင်သန်သည်။

ဇီဝမျိုးစုံမျိုးကွဲများ အထိုက်အလျောက်ပေါများသည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ တည်ခဲ့သော ယင်းအခြေအနေသည်   လွန်ခဲ့သောနှစ်ပေါင်း  ၆၀ ကျော်မှစ၍  သစ်ပင်သစ်တောများကို ထင်းအတွက် အဆင်အခြင်မဲ့ခုတ်ယူကြခြင်းကြောင့် ပြောင်းလဲသွားသည်။ သစ်ပင်ခုတ်၍ ယင်းသစ်ပင်များကို မှီခိုရှင်သန်နေသော တိရစ္ဆာန်များဘုံပျောက်သည်။ မိုးရေသည်  သစ်ပင်နည်းပါးသောမြေပြင်ပေါ် အရှိန်ဖြင့်စီးဆင်းလာပြီး မြေဆီလွှာကိုတိုက်စားသည်။

ဂျိုဟတ်များတွင်  မြေမှုန်များ၊  သဲနုန်းများဖြင့်ပြည့်လာကာ တဖြည်းဖြည်းကောသွားသည်။ ဂျိုဟတ်ကောသွား၍ မြေပေါ်မှရေစိမ့်ဝင်ခြင်း မရှိတော့သဖြင့် မြေအောက်ရေပြင်နိမ့်ကျသွားသည်။ ရေတွင်းများ ခန်းသွားသည်။

သက်ကြီးစကား

ဒေသခံသက်ကြီးရွာသားအချို့က ယခုကောနေပြီဖြစ်သော ဂျိုဟတ်များကို ပြန်လည်တူးဖော်ပေးလျှင်  ဒေသတွင်း ရေအခက်အခဲပြေလည်မည်ဖြစ်ကြောင်း ရာဂျင်ဒရာဆင်းကို  ဝိုင်းပြောကြသည်။

ရာဂျင်ဒရာဆင်းသည်   ရွာပတ်လည် လှည့်လည်ကြည့်ရှုရင်း  ဂျိုဟတ်များကိုလေ့လာသည်။  သူသည်  ဂျိုဟတ်တို့ ပြန်လည်အသက်ဝင်လာလျှင်   ရရှိမည့်အကျိုးကျေးဇူးကိုမြင်သွားသည်။ ကောနေသည့်ဂျိုဟတ်များကို ပြန်လည်တူးဖော်ကြရန်  ဒေသခံလူငယ်တို့ကိုစည်းရုံးသည်။ အချို့က စိတ်မပါကြသော်လည်း ရာဂျင်ဒရာဆင်း၏   ကြိုးစားမှုကြောင့် စိတ်မပါ့တပါဖြင့် တူးဖော်ကြသည်။

ရသမျှလူအင်အားဖြင့် ဖြည်းဖြည်းချင်းတူးကြရာ  ခုနစ်လခန့်ကြာသောအခါ ၁၅ ပေနက်သော   ဂျိုဟတ်တစ်ခုကို ပြန်တူးဖော်နိုင်ခဲ့ကြသည်။

တူးပြီး မကြာမီမှာပင် မုတ်သုံမိုးရွာသည်။ ဂျိုဟတ်တစ်ခုလုံး ရေပြည့်သွားသည်။ ဂျိုဟတ်ရေပြည့်ပြီး မကြာမီမှာပင်အနီးရှိ ရေခန်းနေသော  အဝီစိတွင်းတစ်တွင်း၌ ရေများပြန်ရောက်နေသည်ကို တွေ့လိုက်ကြသည်။   ပတ်ဝန်းကျင်၌ သစ်ပင်များပြန်လည် ပေါက်ရောက်လာသည်။ စိုက်ပင်ပျိုးပင်များ ပို၍ဖြစ်ထွန်းလာသည်။ ဂေဟစနစ်ပြန်လည်ရှင်သန်လာသည်။ ရွာသားလူငယ်တို့သည် ဂျိုဟတ်ဖြင့်  ရေကိုထိန်းသိမ်းနိုင်ခြင်းကြောင့် ရသောအကျိုးကို လက်တွေ့သိသွားကြသည်။  ကောနေသော  အခြားဂျိုဟတ်များကို  ဆက်လက်တူးဖော်ကြသည်။ ဂျိုဟတ်အသစ်များကို တည်ဆောက်သည်။  ရွာပတ်လည်တွင် သစ်တောများကို စိုက်ပျိုးခြင်းဖြင့် ရေကိုထိန်းသိမ်းကာ ဂျိုဟတ်တို့၏ စွမ်းဆောင်ချက်ကို  ပို၍မြှင့်တင်ပေးကြသည်။ ရေပိုရရန်သစ်တောများကိုထိန်းသိမ်းဖို့   လိုအပ်ကြောင်းသိသော ရွာသားတို့သည်  သစ်ပင်များကို မခုတ်မိအောင် တတ်နိုင်သမျှ စောင့်ထိန်းကြသည်။

ရေပြန်ရောက်လာ

၁၉၉၆  ခုနှစ်တွင်    ဂိုပါးလ်ပူရာဒေသခံတို့ ပြန်လည်တူးဖော်  အသစ်တည်ဆောက်သော ဂျိုဟတ်များသည် ရေဂါလန် သန်း ၁၆၀ ကျော်ကို သိုလှောင်ထားနိုင်သည်။ ဂျိုဟတ်ရေများက ပြန်လည်ဖြည့်တင်းပေးမှုကြောင့်  မြေအောက်ရေမျက်နှာပြင်သည်  ၄၅ ပေအနက်မှ  ၂၂ ပေ အနက်သို့ မြင့်တက်လာသည်။

မြေအောက်ရေမြင့်လာသဖြင့် မြေဆီလွှာ ပြန်လည်စိုစွတ်လာသည်။ သီးနှံစိုက်ခင်းများ   ပြန်၍စိုက်ပျိုးအောင်မြင်လာသည်။ တစ်သီးစားစိုက်ရာမှ နှစ်သီးစားစိုက်လာနိုင်သည်။  ရွာသားတို့ ဝင်ငွေပိုကောင်းလာသည်။ သိုး၊  ဆိတ်၊ နွားမွေးမြူရေးလုပ်ငန်းများ  ပို၍ဖြစ်ထွန်းလာသည်။

သစ်တောရှိ သစ်ပင်များကို စနစ်တကျ သင့်သလောက်သာခုတ်ခြင်းဖြင့် ရွာအတွက်လောင်စာလည်းရ တိရစ္ဆာန်အစာများလည်း ရကြသည်။ စီးပွားရေးအခွင့်အလမ်းများ  ကောင်းလာသဖြင့် မြို့တက်၍ အလုပ်လုပ်နေကြသူအချို့ ရွာပြန်လာသည်။ ရေနှင့်ထင်းအတွက် အမျိုးသမီးတို့  ဝေးလံသောအရပ်သို့ အချိန်ကုန်ခံထွက်မရှာရတော့သဖြင့် အိမ်အလုပ်ပိုလုပ်လာနိုင်သည်။ ဆပ်ပြာချက်ခြင်း၊  ရက်ကန်းရက်ခြင်း စသည့် အိမ်တွင်းလက်မှုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးလာသည်။   အမျိုးသမီးငယ်တို့ ကျောင်းတက်လာနိုင်သည်။

ရာဂျက်စတန်ပြည်နယ်တွင် ၁၉၉၉ ခုနှစ်နှင့် ၂၀ဝ၂ ခုနှစ်များက မိုးခေါင်သောအခါ ဂျိုဟတ်များက ရေဖြည့်ထားသဖြင့် အဝီစိတွင်းအားလုံး ရေမခန်းဘဲ အသက်ဆက်နိုင်ခဲ့သည်။ ဂျိုဟတ်များကောနေခဲ့ချိန် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အကြား ရာဂျက်စတန်၌ အကြီးအကျယ်မိုးခေါင်ခဲ့စဉ်ကမူ အဝီစိတွင်းအများစု ရေခန်းသွားခဲ့ဖူးသည်။

ရာဂျင်ဒရာဆင်း၏ဦးဆောင်စည်းရုံး သိမ်းသွင်းမှုသည် လက်တွေ့ကျ၍ အခြားကျေးရွာ၊ မြို့နယ်များကပါ လိုက်လုပ်လာကြခြင်းကြောင့်  နှစ် ၂၀ ကြာပြီးနောက် ရာဂျက်စတန်ပြည်နယ်တစ်ဝန်း၌ ဂျိုဟတ်ပေါင်း ၉၀ဝ၀ နီးပါးမျှတည်ဆောက်ပြီး ရွာ ၁၀ဝ၀ ခန့်၌  ရေရရှိရန်ဖန်တီးပေးနိုင်ခဲ့သည်။

 

 

သူ၏   စွမ်းဆောင်ချက်များကြောင့် ရာဂျင်ဒရာဆင်းကို အိန္ဒိယနိုင်ငံတစ်ဝန်း၌ လူသိများလာကာ “ရေလူကြီး”ဟု ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ “စတော့ဟုမ်း ရေဘက်ဆိုင်ရာဆု”  သို့မဟုတ် “ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆု” အတွက် ရွေးချယ်ခံရသောအခါ ရာဂျင်ဒရာဆင်းကို အိန္ဒိယတွင်သာမက ကမ္ဘာကပင် သိသွားသည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်း၌  ဆွီဒင်ဘုရင်က ရာဂျင်ဒရာဆင်းအား ရေဘက်ဆိုင်ရာ နိုဘယ်လ်ဆုကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။    ။

MWD Web Portal