အနာဂတ်အတွက် ကြိုးမဲ့လျှပ်စစ်နည်းပညာ
Posted_Date
Image

Body
မီးကြိုးမလိုဘဲ မီးထွန်းလို့ရနိုင်ပါသလားဟု ဆိုပါက မကြာခင် အနာဂတ်ကာလမှာ ရနိုင်လာလိမ့်မည်ဟုသာ ဖြေရပါလိမ့်မည်။ ယခင်က WiFi ခေါ် ကြိုးမဲ့ဆက်သွယ်ရေးစနစ် ပေါ်ပေါက်ခဲ့ပြီး အင်တာနက်ဆက်သွယ်ရေး လောကကို တစ်ခေတ်ဆန်းသစ်စေခဲ့သည်။
ယခုအခါ LiFi ခေါ် မြန်နှုန်းမြင့်ကြိုးမဲ့ ဆက်သွယ်ရေးစနစ်ပင် စတင်ပေါ်ပေါက်လာနေပါပြီ။ ကြိုးမဲ့လျှပ်စစ်ပို့ဆောင်သည့်စနစ် Wi Tricity ပေါ်ပေါက်လာဖို့လည်း လမ်းစများ စတင်ရရှိနေပါပြီ။ ဝိုင်ယာလက် Wireless မှ Wi ကို အတိုကောက်ယူထားပြီး လျှပ်စစ်ဆိုတဲ့ အီလက်ထရစ်စီးတီး Electricity မှ Tricity ကိုယူ၍ နှစ်မျိုးပေါင်းပြီး WiTricity ဟု နည်းပညာသစ်ကို အမည်ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အမေရိကန်ပြည်ထောင်စု အမ်အိုင်တီမက်ဆက်ချူးဆက် နည်းပညာ တက္ကသိုလ်က ပါမောက္ခမာရင်းဆိုရာချီ၏ တီထွင်မှုဖြစ်သည်။ ပါမောက္ခ မာရင်းဦးဆောင်သည့် နည်းပညာအဖွဲ့သည် ၆၀ ဝပ်အားရှိသော မီးလုံးတစ်လုံးကို မည်သည့်မီးကြိုးမှ မဆက်သွယ်ထားဘဲ မီးပလတ်နေရာမှ ၇ ပေအကွာမှာထားပြီး မီးလင်းအောင် ၂၀၁၇ ခုနှစ် ကတည်းကပင် လုပ်ပြနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ မိုဘိုင်းဖုန်းရုပ်မြင်သံကြားနဲ့ လျှပ်စစ်ကား အပါအဝင် အီလက်ထရွန်နစ်ပစ္စည်း အားလုံးမှာ မီးကြိုးတပ်စရာမလို မီးအားပေးနိုင်အောင် ဆက်လက်ကြိုးစား တီထွင်လျက်ရှိကြောင်းနှင့် မကြာမီ အိမ်တွင်းလျှပ်စစ်ပစ္စည်းများကို ကြိုးမဲ့လျှပ်စစ်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း အမေရိကန်နိုင်ငံမှ မြန်မာကြိုးမဲ့ဆက်သွယ်ရေး နည်းပညာရှင်ပါမောက္ခ ဒေါက်တာဆန်းမော်က မကြာသေးခင်ကမှ ပြောကြားခဲ့သည်။ Wireless Electricity သို့မဟုတ် Wireless Power Transfer ဟု ယခင်ကလူသိများခဲ့သော ကြိုးမဲ့လျှပ်စစ် နည်းပညာဆိုသည်မှာ ဝိုင်ယာကြိုးများ၊ ကေဘယ်ကြိုးများမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးပို့နိုင်သည့် နည်းပညာတစ်ခုဖြစ်သည်။ အဆိုပါနည်းပညာမှာ ယခုမှပေါ်ပေါက်လာသော နည်းပညာမဟုတ်ဘဲ ၁၉ ရာစုနှစ်အကုန်ပိုင်းကတည်းက ကမ္ဘာကျော်သိပ္ပံပညာရှင် Nikola Tesla မှစတင်ခဲ့ပြီး လက်ရှိအချိန်တွင်မှ ခေတ်စား၍ အသုံးပြုလာနေခြင်းသာဖြစ်သည်။
အဆိုပါကြိုးမဲ့ လျှပ်စစ်နည်းပညာသည် Electromagnetic Induction နှင့် Resonance နိယာမများအပေါ် အခြေခံပြီး အလုပ်လုပ်ခြင်းဖြစ်သည်။ Electromagnetic Induction (လျှပ်စစ်သံလိုက်ညှိယူခြင်း)ဆိုသည်မှာ သံလိုက်မှတစ်ဆင့် လျှပ်ကူးပစ္စည်း(ဥပမာ-ဝိုင်ယာကြိုး)လို ကြားခံများမှတစ်ဆင့် လျှပ်စစ်စီးကြောင်းကို ဖြစ်ပေါ်စေသည့် လုပ်ငန်းစဉ်ဖြစ်သည်။ တည်ငြိမ်သံလိုက်စက်ကွင်းမှ လျှပ်စီးကြောင်းကို လုံးဝထုတ်မပေးနိုင်ပါ။ ပြောင်းလဲနေသည့် သံလိုက်စက်ကွင်းမှသာ လျှပ်စီးကြောင်းကို ထုတ်ပေးခြင်းဖြစ်သည်။ သီအိုရီနည်းအရ ရွေ့လျားနေသည့် သံလိုက်မှပြောင်းလဲ သံလိုက်စက်ကွင်း၏ အနားကို လျှပ်ကူးပစ္စည်း(Conductor)တစ်ခုခုထားသည့်အခါမှာ လျှပ်ကူးပစ္စည်းထဲက လျှပ်စစ်ဆောင်အမှုန်တွေကို ပြောင်းလဲသံလိုက်စက်ကွင်းက ညှို့ယူပြီး ဦးတည်ဘက်တစ်ခုစီကို ရွေ့လျားစေသည်။ သံလိုက်စက်ကွင်း ပြောင်းလဲမှုမှတစ်ဆင့် ဝိုင်ယာကြိုးထဲမှာ လျှပ်စစ်စီးဆင်းစေပြီး လျှပ်စစ်စီးကြောင်းများကို ဖြစ်ပေါ်စေသည်။ ကြိုးမဲ့လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် အခြေအနေမှာ လျှပ်စစ်စွမ်းအင်ကို ပါဝါအရင်းအမြစ် (အားသွင်းခုံ)မှ လက်ခံသူ(စမတ်ဖုန်း သို့မဟုတ် လျှပ်စစ်ကား) ဆီသို့ လွှဲပြောင်းပေးနိုင်ရန် လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုခြင်းဖြစ်သည်။
လက်ခံမည့်ပစ္စည်းအတွင်းမှာရှိသည့် ဝိုင်ယာကြိုးတစ်ခုအတွင်း လျှပ်စီးကြောင်းကို တွန်းပို့နိုင်သည့် ပါဝါရင်းမြစ်နားတွင် သံလိုက်စက်ကွင်းတစ်ခုဖန်တီးပြီး လျှပ်စစ်စီးကြောင်းကို စက်ပစ္စည်းအတွက် ပါဝါပေးဖို့ သို့မဟုတ် ဘက်ထရီအားသွင်းဖို့အတွက် အသုံးပြုနိုင်ခြင်းဖြစ်သည်။ Resonance ဆိုသည်မှာ အရာ၀တ္ထုတစ်ခုခု အချိန်အပိုင်းအခြားအလိုက် အားတစ်ခုခုနှင့်ထိတွေ့သည့်အခါမှာ သီးခြားကြိမ်နှုန်း တစ်ခုစီတုန်ခါစေသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ကြိုးမဲ့လျှပ်စစ်ကို အသုံးပြုသည့်အခြေအနေမှာ ပါဝါအရင်းအမြစ်နှင့် လက်ခံပစ္စည်းကြား စွမ်းအင်လွှဲပြောင်းနိုင်သည့် ပမာဏကို တိုးမြှင့်ဖို့အတွက် Resonance ကိုအသုံးပြုရခြင်းဖြစ်သည်။ အမြင့်ဆုံးစွမ်းအင်လွှဲပြောင်းခြင်းကို အသုံးပြုနိုင်သည့် စက်နှစ်လုံး၏ Resonance ကို တူညီစေခြင်းမှ Process ကို လုပ်ဆောင်သည်။ ထို့ကြောင့် ကြိုးမဲ့လျှပ်စစ်ဓာတ်အား သဘောတရားရှိနေခဲ့သည်မှာ ရာစုနှစ်တစ်ခုလောက် ရှိနေခဲ့ပြီဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် Tesla က မီတာများစွာ အကွာအဝေးမှ လျှပ်စစ်စွမ်းအင်ကို ကြိုးမဲ့နည်းပညာနှင့် ပို့လွှတ်ခဲ့ပြီး Wireless Power Transfer စနစ်ကို လက်တွေ့သရုပ်ပြ နိုင်ခဲ့သည်။ သို့သော်လည်း နည်းပညာ ကန့်သတ်ချက်များနှင့်အတူ နည်းပညာကို အသုံးပြုနိုင်သည့် Infrastructure များမရှိခြင်းကြောင့် အဆိုပါနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ ကြိုးမဲ့လျှပ်စစ်ဓာတ်အားပေး နည်းပညာဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါသည့် အခန်းကဏ္ဍတွင် ပါ၀င်ခဲ့သည့် အခြားသိပ္ပံပညာရှင်တစ်ဦးမှာ လျှပ်စစ်သံလိုက်လှိုင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် လူသိများခဲ့သည့် ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz ပဲဖြစ်သည်။ ၁၈၈၇ ခုနှစ်မှာ Hertz ကကြိုးမဲ့လျှပ်စစ် ပို့လွှတ်နိုင်ဖို့ မရှိမဖြစ် လိုအပ်သည့် လျှပ်စစ်သံလိုက်လှိုင်းများ ရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး စမ်းသပ်မှု အများအပြားကို ပြုလုပ်ပြသခဲ့သည်။ စမ်းသပ်ချက်များ အောင်မြင်သွားပြီး နောက်ပိုင်းမှသာ ကြိုးမဲ့လျှပ်စစ်နည်းပညာ ဆက်လက်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ ကြိုးမဲ့လျှပ်စစ်နယ်ပယ်သည် အစောပိုင်းမှာ အောင်မြင်မှုတွေရှိခဲ့သည်ဟု ဆိုသော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်းမရှိခဲ့ပါ။ ၁၉၀၀ ပြည့်နှစ်အစောပိုင်းမှာ Tesla က Wardenclyffe Tower စီမံကိန်းဟုခေါ်သည့် ကြိုးမဲ့ပါဝါပို့လွှတ်မှု စနစ်တစ်ခုကို တည်ဆောက်ဖို့အတွက် ကြိုးစားခဲ့သော်လည်း ရန်ပုံငွေမရှိသဖြင့် စီမံကိန်းမအောင်မြင်ခဲ့ပါ။ သိပ္ပံပညာရှင်များနှင့် တီထွင်သူများက ၁၉ ရာစုအစောပိုင်း ကတည်းက စတင်စမ်းသပ်ခဲ့သော်လည်း ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းတွေအထိ သိသာထင်ရှားသည့် တိုးတက်မှုများ မရရှိခဲ့ပါ။
နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အတားအဆီးများပါရှိခဲ့သည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ဖို့အတွက် လက်ရှိ Infrastructure များကို ကြိုးနှင့် သွယ်တန်းပြီး ဒီဇိုင်းထုတ်ထားခြင်းကြောင့် ကြိုးမဲ့စနစ်ကို ကူးပြောင်းရန်အတွက် ပိုမိုခက်ခဲစေခဲ့သည်။ အဆိုပါကိစ္စများကို အကောင်အထည်ဖော်သည့်နေရာမှာလည်း ကုန်ကျစရိတ်အလွန်မြင့်မားသည်ကလည်း အတားအဆီး တစ်ခုလိုဖြစ်နေခဲ့သည်။
သို့သော်လည်း စိန်ခေါ်မှုတွေကြားထဲမှ ကြိုးမဲ့လျှပ်စစ်နည်းပညာက ၂၀ ရာစုတစ်လျှောက်လုံး ဆက်လက်တိုးတက် လာနေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှာ Massachusetts Institute of Technology (MIT)မှ သုတေသီတွေက Resonant Coil တွေကိုအသုံးပြုပြီးတော့ကြိုးမဲ့ ပါဝါပို့လွှတ်ခြင်းအတွက် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပြီး တိုတောင်းတဲ့ အကွာအဝေးအတွင်းမှာ ပိုပြီးများပြားတဲ့ စွမ်းအင်လွှဲပြောင်းမှုတွေ ပြုလုပ်စေနိုင်ခဲ့သည်။ အဆိုပါနည်းပညာက မော်ဒန်ခေတ်ကြိုးမဲ့ အားသွင်းစနစ်အတွက် လမ်းခင်းပေးခဲ့ပြီး ယခုအချိန်မှာဆိုရင် လူသုံးအီလက်ထရွန်နစ်ပစ္စည်းများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြပြီဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ယခုအချိန်အထိ Wireless Electricity နဲ့ Charging နည်းပညာများက အသုံးမများကြသေးပါ။ လက်လှမ်းမီနိုင်သည့်အဆင့်အနေဖြင့် ဖုန်းကို Wireless ဖြင့် အားသွင်းနိုင်သည့်အဆင့်သာ ရှိနေပါသေးသည်။ များများစားစားအသုံးပြုရန် မထုတ်လုပ်နိုင်သေးခြင်း၏ နောက်ကွယ်တွင် ကုန်ကျစရိတ် မြင့်မားမှုများနှင့်အတူ အားနည်းချက်အချို့ ရှိနေသေးသည်။ သို့သော်လည်း လက်ရှိစမ်းသပ်တွေ့ရှိမှုများအရ မကြာခင်နေအိမ်များတွင် ကြိုးမဲ့လျှပ်စစ်နည်းပညာကို အသုံးပြုလာနိုင်သည့် အလားအလာရှိနေသည်။ ကြိုးမဲ့လျှပ်စစ်နည်းပညာ၏ အဓိကအားသာချက်တစ်ခုမှာ Flexible ဖြစ်ခြင်းဖြစ်ပြီး ကြိုးမဲ့လျှပ်စစ် နည်းပညာကို အသုံးပြုခြင်းကြောင့် လျှပ်စစ်ပေးဖို့လိုအပ်သည့် ပစ္စည်းများကို နံရံမှာပလတ်ထိုးထားစရာလိုမည် မဟုတ်တော့ပါ။ အိမ်တွေမှာ ရှုပ်ထွေးသည့်ဝိုင်ယာကြိုးလိုင်းများကို အသုံးပြုခြင်းထက် ပိုမိုအမြင်ရှင်းလင်းပြီး သုံးရလွယ်ကူသွားစေမည်ဖြစ်သည်။ ထို့ပြင် Safe ဖြစ်သည့် အပိုင်းတွင်လည်း အားသာချက်များ ရှိနေပါသေးသည်။ လက်ရှိအသုံးပြုနေသည့် လျှပ်စစ်မီးကြိုးများ အထူးသဖြင့် ဝိုင်ယာကြိုးများတွင် ပွန်းပဲ့ပျက်စီးနေလျှင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ခြင်းများနှင့် မီးလောင်နိုင်ခြင်းများရှိသည်။ ကြိုးမဲ့လျှပ်စစ် နည်းပညာမှာ အဆိုပါ အန္တရာယ်လုံးဝ မရှိတော့ဘဲ ပို၍ Safe ဖြစ်သည်။ သို့သော် ကြိုးမဲ့လျှပ်စစ်နည်းပညာ၏ အားနည်းချက်မှာ လက်ရှိအချိန်အထိ လျှပ်စစ်ပို့လွှတ်နိုင်သည့် ပမာဏနည်းနေသေးပြီး လွှဲပြောင်းသည့် နေရာတွင်လည်း လျှပ်စစ်ဆုံးရှုံးမှုများ နေဆဲဖြစ်သည်။ ထို့ကြောင့် ပုံမှန်လျှပ်စစ်ဓာတ်အား ပေးခြင်းထက်ထိရောက်မှုနည်းနိုင်ပြီး လျှပ်စစ်အတွက် ကုန်ကျစရိတ်ကိုလည်း မြင့်မားစေနိုင်သည်။ အဆိုပါအချက်များသည် လက်ရှိအချိန်တွင် ကြိုးမဲ့လျှပ်စစ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးခြင်း၏ အဓိကအချက်များဖြစ်သော်လည်း မဝေးလှသည့် အနာဂတ်ကာလတွင် ပြဿနာများကို ဖြေရှင်းနိုင်လာပြီး ပိုမို Flexible ဖြစ်လာစေမည့် ကြိုးမဲ့လျှပ်စစ်နည်းပညာ အနာဂတ်တစ်ခုကို ဦးတည်စေလိမ့်မည်ဖြစ်ပါကြောင်း ဗဟုသုတအနေဖြင့် ရေးသား တင်ပြလိုက်ရပါသည်။ ။