ရန်သူ့ လျှပ်စစ်ဓာတ်အားများကို ပြတ်တောက်သွားစေမယ့် တရုတ်ရဲ့ ဂရပ်ဖိုက်ဗုံး

Posted_Date

Image

ရန်သူ့ လျှပ်စစ်ဓာတ်အားများကို ပြတ်တောက်သွားစေမယ့် တရုတ်ရဲ့ ဂရပ်ဖိုက်ဗုံး

Body

လျှပ်စစ်စွမ်းအင်ဆိုတာ ယနေ့လူသားများရဲ့ နေ့စဉ်ဘဝမှာမရှိမဖြစ် လိုအပ်ချက်ဖြစ် လာပြီဆိုတဲ့အချက်ကို ဘယ်သူမှငြင်း နိုင်မယ်မထင်ပါဘူး။ ဒီလိုမျိုး လျှပ်စစ်ဓာတ်အားရဲ့ အရေးပါမှုက အရပ်ဘက်မှာသာမက စစ်ဘက်မှာပါ နေရာယူလာတာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေကြတဲ့စစ်လက်နက်ပစ္စည်းများက လျှပ်စစ်စွမ်းအင် မဖြစ်မနေ လိုအပ်လာပါတယ်။ အထူးသဖြင့် ရေဒါတို့၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တို့ပေါ့။

ဒါကြောင့် ဒီလိုမျိုးလိုအပ်လှတဲ့ လျှပ်စစ်စွမ်းအင်ကို ရှေ့တန်းနေရာများမှာပါ အသုံးပြုနိုင်စေဖို့အတွက် စက်မှုနည်းပညာ ဖွံ့ဖြိုးတဲ့နိုင်ငံများက နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားများကို တီထွင်ပြီး ရှေ့တန်းမှာလျှပ်စစ်မီးပေးနိုင်ဖို့ လုပ်ဆောင်လာနေကြတာ တွေ့ရပါတယ်။  အကယ်၍များ လျှပ်စစ်ဓာတ်အား မရဘူးဆိုရင် ခေတ်သစ်စစ်လက်နက် ပစ္စည်းများဟာ ဘယ်လိုမှအသုံးမဝင်တဲ့ အရုပ်သာသာဖြစ်သွားမှာ အမှန်ပါပဲ။

ဒီလိုဖြစ်လာစေဖို့ကိုလည်း နိုင်ငံများကလိုလားကြမှာပါ။ ဒါကြောင့် လျှပ်စစ်ဓာတ်အားကို ဘယ်လိုလက်နက်နဲ့ ဖြတ်တောက်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ရှာဖွေလေ့လာမှုတွေ လုပ်ခဲ့တဲ့အခါ ဂရပ်ဖိုက်ဗုံး ဆိုတာကိုသွားတွေ့ပါတယ်။ ဂရပ်ဖိုက်ဗုံးဆိုတာက လူ့အသက်များကိုသေစေတဲ့ ဗုံးအမျိုးအစားမဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်အားလိုင်းများမှာ လျှပ်စစ်ပြတ်တောက်မှုကိုသာဖြစ်စေမယ့် လက်နက်ဖြစ်ပါတယ်။ ဒီလက်နက်ကို  တဖြည်းဖြည်းနဲ့အဆင့်မြှင့်တင်နိုင်ဖို့ကိုလည်း နိုင်ငံကြီးများက ကြိုးပမ်းလာကြတာကို တွေ့ရပါတယ်။

မကြာသေးမီက   တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုကနေ ထုတ်ဖော်ပြသလိုက်တဲ့ ဗီဒီယိုတစ်ခုမှာ ဂရပ်ဖိုက်ဗုံး အမျိုးအစားအသစ်လို့ ထင်ရတဲ့အရာတစ်ခုကို ထည့်သွင်းဖော်ပြသွားတာ တွေ့ရပါတယ်။ အဲဒီဂရပ်ဖိုက်ဗုံး အမျိုးအစားအသစ်က ရန်သူ့ဓာတ်အားပေး စက်ရုံများကို အမှောင်ဖုံးစေပြီး သတ်မှတ်ထားတဲ့ နယ်မြေတစ်ခုအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကိုဖြစ်စေမှာဖြစ်တယ်လို့ အဲဒီသတင်းဌာနက ဆက်လက် ဖော်ပြထားပါတယ်။

CCTV သတင်းဌာနက ဖော်ပြထားတဲ့ အဲဒီဗီဒီယိုက အန်နီမေးရှင်းဗီဒီယိုဖြစ်ပြီး မြေပြင်အခြေပြုယာဉ်ကနေ  လက်နက်တစ်ခုကို ပစ်လွှတ်လိုက်တာ တွေ့ရပါတယ်။ ပြီးတဲ့အခါ အဲဒီလက်နက်က ထုလုံးပုံခဲယမ်း ၉၀ ကိုထပ်မံထုတ်လွှတ် လိုက်တာဖြစ်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်ကတော့ အနည်းဆုံးစတုရန်း မီတာ ၁၀၀၀၀ ရှိတဲ့နယ်မြေတစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ပြတ်တောက်စေနိုင်ပါတယ်။ အဓိကအားဖြင့် ရန်သူ့ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစနစ်များကို ပစ်မှတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။  

MWD Web Portal