BIMSTEC မှသည် မြန်မာ့ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွား မြှင့်တင်ရေးဆီသို့
Posted_Date
Image

Body
ဘင်္ဂလားပင်လယ်အော်၏အရေးပါမှု
ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးပင်လယ်အော်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့ဖြင့် ဝန်းရံထားကာ အရှေ့ဘက်တွင် အက်ဒမန်နှင့် နီကိုဘာကျွန်းတန်းများဖြင့် ပိုင်းခြားထားပါသည်။ အကျယ် အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၂.၂ သန်းခန့်၊ ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံခန့်၊ ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးကျော်ရှိပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး၏ လေးပုံတစ်ပုံသည် ၎င်းပင်လယ်အော်ကို ဖြတ်သန်းနေခြင်းဖြစ်ပြီး အရေးကြီးသော စွမ်းအင်လမ်းကြောင်းကြီး (Energy Lifeline) များ စီးဆင်းရာဒေသဖြစ်ပါသည်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း၌ မဟာဗျူဟာအရ အဓိကကျကာ အိန္ဒိသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအား ချိတ်ဆက်ပေးသော ပတ္တာသဖွယ်ဖြစ်နေပြီး Blue Economy ဆိုင်ရာ လုပ်ငန်းများနှင့် သယံဇာတပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်။ ငါးသယံဇာတများ တစ်နှစ်လျှင် တန်ချိန် ၆ သန်းခန့်နှင့် ဟိုက်ဒရို ကာဗွန် ၅၀ ထရီလီယံကုဗပေခန့် ထွက်ရှိ/ ထုတ်လုပ်နိုင်ပြီး ငါးသယံဇာတများအပါအဝင် သက်ရှိမျိုးစိတ်ပေါင်းများစွာနှင့် သန္တာကျောက်တန်းများ၊ မြစ်များဖြင့် ကမ္ဘာအဆင့် (၆၄) ရှိ ကြီးမားသော ပင်လယ်ဂေဟစနစ် (Large Marine Ecosystem) ဒေသရပ်ဝန်းတစ်ခု ဖြစ်သည်။ ၎င်းပင်လယ်အော်အတွင်းရှိ ဒေသတွင်းနိုင်ငံများ၏ အရေးပါသော ဆိပ်ကမ်းများ အဖြစ် ကိုလံဘို၊ ချန်နိုင်း၊ ကိုလ်ကတ္တား၊ ဗီဇာခပတ္တနမ်၊ စစ်တကောင်း၊ ၊ မွန်ဂလာနှင့် ရန်ကုန် ဆိပ်ကမ်းများကို တွေ့ရှိနိုင်ကာ Food Security နှင့် Energy Security အတွက် အာမခံချက် ရှိသော ပင်လယ်တစ်ခု ဖြစ်ပါသည်။
ဘင်္ဂလားပင်လယ်အော်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ရေကြောင်းနှင့် ဆက်နွှယ်သော Proactive နှင့် Assertive အယူအဆများအရ အိမ်နီးချင်းသည် ပထမမူဝါဒ (Neighborhood First Policy)၊ အရှေ့ ထိတွေ့မူဝါဒ (Act East Policy) နှင့် ဒေသတွင်းနိုင်ငံအားလုံး၏ လုံခြုံရေးနှင့် တိုးတက်မှုတို့အတွက် ရပ်တည်သည့် The Security and Growth For All in the Region (SAGAR) မျှော်မှန်းချက်တို့ဖြင့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် အတွင်း တက်ကြွစွာဦးဆောင် ဆောင်ရွက်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာ ကျကျအရေးပါလျက်ရှိပြီး ကုလားတန်မြစ်ကြောင်းစီမံကိန်းနှင့် စစ်တွေဆိပ်ကမ်းသည် အိန္ဒိယတို့၏ အရှေ့မြောက်ကုန်းတွင်းပိတ်ဒေသများနှင့် အရှေ့တောင်အာရှကို ဆက်သွယ် ပေးမည့် ပင်လယ်ပြင်ထွက်ပေါက်ဖြစ်လာမည်ဖြစ်သည်။ တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာအရ အရေးပါသကဲ့သို့ ကျောက်ဖြူဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းသည် ၎င်းတို့၏ အဓိကရေနံတင်သွင်းရာနေရာတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အရ အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်သင်္ဘောကြီးများသည် ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်သန်းကာ ရေနံသယ်ပို့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အချိန် အထိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒဲကျွန်း ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတင် သင်္ဘောကြီးများ စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိရာ အစီးရေ (၃၁၆) စီးအထိ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်အား အဓိကအခြေပြု၍ အမျိုးသား အကျိုးစီးပွားနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် Blue Economy ဖြင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်စေရေး အဓိကဦးတည်ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ဘင်္ဂလား ပင်လယ်အော်ဒေသကြီးကို ကမ္ဘာ့ရပ်ဝန်းအတွင်း “Collective Destiny” (စုပေါင်းကံကြမ္မာ) ဟု တင်စားခေါ်ဝေါ်လေ့ရှိပြီး ပထဝီဝင်အနေအထား၊ ဘာသာယဉ်ကျေးမှုဆိုင်ရာများနှင့် ကုန်သွယ်ကူးသန်းရေးတို့တွင်သာ ချိတ်ဆက်ထိတွေ့ဆက်ဆံ ရခြင်းမျိုးမဟုတ်ဘဲ ဒေသတွင်း ပြောင်းလဲဖြစ်ပေါ်နေသည့် စိန်ခေါ်ခြိမ်းခြောက်မှုအရာများအပေါ်၌ စုပေါင်းနားလည်စာနာမှု ဖြင့် ပူးပေါင်းကျော်ဖြတ်ကြမည့် သဘာဝက ပေးထားသော အခြေခံအကြောင်းတရားများ ကြောင့်ပင်ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အတွင်းရှိ နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားလာမှု (High Growth Rate) အခြေအနေများရှိနေပြီး ထွန်းသစ်စ အိန္ဒိယနိုင်ငံ (Emerging India) နှင့် ဖွံ့ဖြိုးတိုးတက်လာသော တရုတ်နိုင်ငံ (Rising China) တို့အကြား အရေးပါသည့် အနေအထားတွင် ရှိနေကြပါသည်။ ထို့အပြင် လူသားလုံခြုံရေး (Human Security) ဆိုင်ရာ ပြောင်းလဲလာသောအယူအဆများအရ ခြိမ်းခြောက်မှုများရှိနေခြင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင် လုံခြုံရေး ဆိုင်ရာများ ပံ့ပိုးပေးသူ (Security Provider) ၏ အခန်းကဏ္ဍများကို တာဝန်ယူဆောင်ရွက် ခြင်းတို့ဖြင့် ရေကြောင်းမဟာဗျူဟာနှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ တို့အတွက် ပင်လယ်ပြင်ရေလမ်းကြောင်းများ၊ သယံဇာတအရင်းအမြစ်များ၊ စွမ်းအင် လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ၊ မပြီးပြတ်သေးသော မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံတို့၏ သုံးနိုင်ငံနယ်နိမိတ်သတ်မှတ်ရန် ကျန်ရှိနေသော Grey Area များကြောင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာမဟာဗျူဟာများအရ ပဋိပက္ခ (Conflict)၊ ပြိုင်ဆိုင်မှု (Competition) နှင့် ပူးပေါင်းဆောင်ရွက်မှု (Cooperation) ဖြစ်စဉ်များအတွက် အရေးပါလျက်ရှိသည်။
ဘင်္ဂလားပင်လယ်အော်အတွင်းက မြန်မာ့ပင်လယ်
မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်၏ အရှေ့မြောက်ဘက်နှင့် ကပ္ပလီပင်လယ် ကို မျက်နှာမူနေသည့် ကျယ်ပြန့်သည့်ပင်လယ်ပြင်ပိုင်ဆိုင်သည့် နိုင်ငံများတွင်တစ်ခု အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတည်ရှိပုံ ပထဝီအနေ အထားအရ အင်ဒိုချိုင်းနား ကျွန်းဆွယ်အား ပိုင်းခြားထားပြီး အရှေ့ဘက်တွင် အာဆီယံ အပါအဝင် အာရှဒေသ တစ်ခုလုံးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်တွင် တောင်အာရှဒေသအပါအဝင် အိန္ဒိယ သမုဒ္ဒရာ စသည့် သမုဒ္ဒရာနှစ်စင်းနှင့်ဒေသနှစ်ခုကိုပိုင်းခြားထားသကဲ့သို့ ဖြစ်နေပါသည်။ တစ်နည်းအားဖြင့် ၎င်းဒေသနှစ်ခုနှင့် သမုဒ္ဒရာနှစ်စင်းတို့အား ဆက်စပ်ပေးရာ Land Bridge တစ်ခုအဖြစ်တည်ရှိနေပါသည်။ ရေမိုင် ၁၂၆၀ ရှည်လျားသော ကမ်းရိုးတန်းနှင့် ရေပြင်ဧရိယာ စုစုပေါင်း ၁၄၄,၉၁၂ စတုရန်းရေမိုင် အကျယ်အဝန်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သီလဝါရေနက်ဆိပ်ကမ်း တို့သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့ဘက်အကျဆုံးကမ်းခြေများ (Rim of the Indian Ocean) ဖြစ်ပြီး ပထဝီအနေအထားအရ သဘာဝကပေးသည့် အချက်အချာကျသော ဆိပ်ကမ်းကြီးများ ဖြစ်၍ တစ်ဆင့်ခံ ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း အလားအလာ ရှိသော ရေကြောင်းနိုင်ငံတစ်ခု အဖြစ် တွေ့မြင်ရမည် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် ရေကြောင်းကုန်သွယ်မှု အချက်အချာနိုင်ငံဖြစ်ရန် အဓိက လိုအပ်ချက်များဖြစ်သော ရှည်လျားသော ကမ်းရိုးတန်းနှင့် ဆိပ်ကမ်းကောင်းများ တည်ရှိ နေပြီး ၎င်းတို့ကို ၂၁ ရာစု တရုတ်နိုင်ငံ၏ ရေကြောင်းပိုးလမ်းမ (Maritime Silk Routes) အစီအမံများနှင့် ချိတ်ဆက်ကာ ဒေသတွင်းစီးပွားရေးအချက်အချာနေရာအဖြစ် အသုံးချသွား နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝဆိပ်ကမ်းများအနက် ကျောက်ဖြူဆိပ်ကမ်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း အကောင်းဆုံးသဘာဝဆိပ်ကမ်းဖြစ်ပြီး တရုတ်နိုင်ငံ၏ တောင်ဘက် ယူနန်ပြည်နယ်နှင့် အနီးဆုံးဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံဖြင့် ဆက်စပ်နေသည့် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့အကြားတွင် ပါလီပါလဲ့ ရေလက်ကြား (Preparis Channel)၊ အက်ဒမန်နှင့် နီကိုဘာကျွန်းအကြားရှိ ၁၀ ဒီဂရီ ရေလက်ကြား (Ten Degree Channel) နှင့် နီကိုဘာ (Great Nicobar) နှင့် စူမတ်တြား (Sumatra) ကျွန်းအကြားရှိသော Great Channel စသည့် အဓိကရေလက်ကြား ၃ ခုဖြင့် ဆက်သွယ်ထားရှိပါသည်။ ထို့အတူ အိန္ဒိယသမုဒ္ဒရာအတွင်း ကူးလူးဖြတ်သန်းလျက်ရှိသည့် ရေယာဉ်များသည် အာရေဗျပင်လယ် - သီရိလင်္ကာရေလမ်းကြောင်းမှတစ်ဆင့် မြန်မာ့ ရေနက်ဆိပ်ကမ်းများနှင့် ဆိပ်ကမ်းမြို့များဆီသို့လည်းကောင်း၊ မလက္ကာရေလက်ကြားမှ တစ်ဆင့် မြန်မာ့ရေနက်ဆိပ်ကမ်းများနှင့် ဆိပ်ကမ်းမြို့များဆီသို့လည်းကောင်း ချိတ်ဆက် ကုန်သွယ်ဆောင်ရွက်လာနိုင်မည့် အခြေအနေဖြစ်သည်။
BIMSTEC အဖွဲ့ဖြစ်တည်လာခြင်း...
၁၉၉၇ ခုနှစ်တွင် ဗန်ကောက်ကြေညာစာတမ်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ - ဘစ္စတက် (Bangladesh India Sri Lanka Thailand Economic Cooperation - BIST-EC) စတင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အထူးအစည်း အဝေးတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အဖွဲ့အမည်ကို Bangladesh-India-Myanmar-Sri Lanka-Thailand Economic Cooperation (BIMST-EC) (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု) ဟု အမည်ပြောင်းလဲခဲ့ကြသည်။ ယင်းနောက် ၂၀၀၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် ဘူတန်နှင့် နီပေါနိုင်ငံတို့ အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ပထမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို (Bay of Bengal Initiative for Multi-Sectoral Technical Economic Cooperation-BIMSTEC) (ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်- ဘင်းမ်စတက်) ဟု အမည်ပြောင်းလဲ သတ်မှတ်နိုင်ခဲ့သည်။
ဘင်းမ်စတက်ပဋိညာဉ်စာတမ်း (BIMSTEC Charter) ကို အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲ များက အတည်ပြုလက်မှတ်ရေးထိုးထုတ်ပြန်ထားရှိခဲ့ပြီး ဘင်းမ်စတက်အဖွဲ့သည် စည်းမျဉ်း စည်းကမ်းကို အခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် (Legal Personality) ရှိသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ ဘင်းမ်စတက်မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအားလုံးသည် အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်းမပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့် ဆုံးဖြတ်ချက်အားလုံးသည် တူညီ ဆန္ဒ (Consensus) အပေါ်၌ အခြေခံရန် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ တာဝန်ယူဆောင်ရွက်ရပြီး မြန်မာနိုင်ငံအနေဖြင့် ဥက္ကဋ္ဌတာဝန် (၂) ကြိမ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး လက်ရှိထိုင်းနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် BIMSTEC ဖွဲ့စည်းတည်ထောင်မှု (၂၇) နှစ် ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများက ဝမ်းမြောက် ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း “စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းရာတွင် ဘင်းမ်စတက်မူဘောင်အောက်မှ စုပေါင်းအင်အားဖြင့် ကြိုးပမ်းနိုင်ခဲ့ သည့်အတွက် ကျွန်ုပ်အနေနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်း၏ လမ်းညွှန်မှုဖြင့် ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုများက အနာဂတ် စိန်ခေါ်မှုများကို ဆက်လက်ကျော်လွှားနိုင်မည့် အဓိကအရာများဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ဘင်းမ်စတက်သည် ပိုမိုခိုင်မာ၍ ထိရောက်သော အဖွဲ့အစည်းဖြစ်လာပါစေကြောင်းနှင့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်” ဟု သဝဏ်လွှာပေးပို့ခဲ့ပြီး ယနေ့ ဘင်းမ်စတက် အဖွဲ့အစည်း၏ ဒေသအတွင်း အရေးပါမှုအခြေအနေများကို မီးမောင်းထိုးပြခဲ့ပါသည်။
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး မှသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများဆီသို့
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်ပါသည်။ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများက အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများနှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့် သတင်း အချက်အလက်များ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြပါသည်။
အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ Legitimacy ကို ပိုမိုအားကောင်းစေသည်သာမက ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ အထူးသဖြင့် ဘင်းမ်စတက်အဖွဲ့တွင် မြန်မာ့အိမ်နီးချင်းများ ဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများ ပါဝင်ခြင်းကြောင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်မှုများကို ပူးပေါင်းနှိမ်နင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ခဲ့သည်။
BIMSTEC ဒေသတစ်ခုလုံး၏ လူဦးရေသည် ၁ ဒသမ ၈ ဘီလီယံရှိပြီး တစ်ကမ္ဘာလုံး လူဦးရေ၏ ၂၂ ရာခိုင်နှုန်းရှိပါသည်။ ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃ ဒသမ ၆ ထရီလီယံရှိသည်။ ဘင်းမ်စတက်အဖွဲ့သည် အခြားအဖွဲ့အစည်းများနှင့် မတူဘဲ နေထိုင်မှုပုံစံ၊ ဘာသာစကား၊ ယဉ်ကျေးမှု စသည့်အချက်များ ကွဲပြားကြသည့်နိုင်ငံများဖြင့် ဖွဲ့စည်း တည်ထောင်ထားရှိသော်လည်း “စည်းလုံးခြင်းသည်အင်အား” “Unity is Strength” ဆိုသည့် စကားပုံအတိုင်း အဖွဲ့ဝင်နိုင်ငံများအားလုံးသည် အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများတွင် အရှေ့တောင် အာရှနိုင်ငံများ (Association of Southeast Asian Nations- ASEAN) ၌ ပါဝင်သည့် နိုင်ငံများပါရှိသကဲ့သို့ တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (South Asian Association for Regional Cooperation- SAARC) တွင်လည်း ပါဝင်သည့်နိုင်ငံများဖြစ်သည့် အတွက်ကြောင့် ဘင်းမ်စတက်အဖွဲ့ကြီးသည် ယင်းဒေသအတွင်းရှိ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းနှစ်ခုကို ဆက်စပ်ပေါင်းကူး ပေးနိုင်သည့် အဖွဲ့ဟုလည်း ဆိုနိုင်သည်။
ဘင်းမ်စတက်၏ ရေကြောင်းဆိုင်ရာလုံခြုံရေးနယ်ပယ်
၂၀၁၈ ခုနှစ် BIMSTEC 4th Summit တွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီက လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း အနာဂတ်စားနပ်ရိက္ခာအတွက် ပင်လယ်ရေကြောင်းကဏ္ဍ၏ အရေးပါမှု ကို "ကျွန်တော်တို့ ဒီဒေသရပ်ဝန်း၏ ပထဝီဝင်တည်နေရာက ကမ္ဘာလုံးဆိုင်ရာ ပင်လယ် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားရှိသကဲ့သို့ Blue Economy ကလည်း ကျွန်တော်တို့၏ စီးပွားရေးအားလုံးမှာ အထူးအရေးပါမှုတစ်ခုပဲ ဖြစ်တယ်” ဟု ဘင်္ဂလားပင်လယ်အော်၏ အရေးပါမှုကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း ဘင်္ဂလားပင်လယ်အော်ရှိ ရေကြောင်းလုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍ၏ အရေးပါမှုအခြေအနေ များအရ ဘင်းမ်စတက်အဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်များ (National Security Chiefs) အခန်းကဏ္ဍတွင် ရေကြောင်းလုံခြုံရေး (Maritime Security) နယ်ပယ်အား ထည့်သွင်းထားရှိကာ ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းဖော်ထုတ်ခဲ့ကြပါသည်။
ဘင်္ဂလားပင်လယ်အော်သည် BIMSTEC အဖွဲ့ဝင် (၅) နိုင်ငံဖြင့် တိုက်ရိုက်ထိစပ်နေပြီး ကျန်ကုန်းတွင်းပိတ်နှစ်နိုင်ငံဖြစ်သည့် ဘူတန်နှင့် နီပေါနိုင်ငံများအတွက်လည်း ဆက်စပ် ပင်လယ်ထွက်ပေါက်ရရှိစေသဖြင့် “Heart of the BIMSTEC” အဖြစ် ဘင်္ဂလားပင်လယ်အော် မှသည် အိန္ဒိယသမုဒ္ဒရာရပ်ဝန်းတစ်ခုလုံးရှိ ဒေသတွင်းနိုင်ငံများသို့ နယ်ပယ်ကဏ္ဍစုံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ချိတ်ဆက် ဖန်တီးဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်သည် BIMSTEC အဖွဲ့ဝင်နိုင်ငံများအတွက် လူမှုစီးပွားဘဝ တိုးတက်ရန် အခွင့်အလမ်းများစွာရှိသကဲ့သို့ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများစွာကိုလည်းအတူတကွရင်ဆိုင်ကျော်လွှား ဖြေရှင်းနိုင်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ ရင်ဆိုင်ဖြေရှင်းရာတွင် ဆိပ်ကမ်းလုံခြုံရေး၊ ကုန်သွယ်ရေလမ်းကြောင်းများ လုံခြုံရေး၊ ငါးဖမ်းလုပ်ငန်းများ အကာအကွယ်ပေးရေးနှင့် သဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များပါဝင်သည်။ BIMSTEC အဖွဲ့အစည်းအတွင်း ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ (၇) ခုလုံးကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ အထောက်အပံ့ ဖြစ်စေသည့် ရေကြောင်းလုံခြုံရေးကဏ္ဍအား ပုံမှန်လုံခြုံရေး ဆောင်ရွက်မှုများထက် ကျော်လွန်ပြီး သံတမန်ရေးရာပါဝင်သည့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုများအဖြစ် မြှင့်တင်ဆောင်ရွက်ရေး ကြိုးပမ်းလျက်ရှိပါသည်။
BIMSTEC သည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချိတ်ဆက် မှုကို မြှင့်တင်ပေးခြင်းမှတစ်ဆင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကျွဲကူးရေပါ မြင့်တက်စေမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်းကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေး၌ Maritime Transport Agreement (MTA) အား လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ပြီး ယင်းသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများ၏ ဆိပ်ကမ်းများအကြား အပြန်အလှန်ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မည့် အခွင့်အလမ်း ကောင်းများရရှိလာနိုင်မည်ဖြစ်ကာ ဒေသတွင်းကုန်စည်စီးဆင်းမှုကို လျင်မြန်စွာ တိုးတက်စေနိုင်မည်ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်အား ဗဟိုပြုဖြတ်သန်း၍ ဒေသ တွင်း အဖွဲ့ဝင်နိုင်ငံများအကြား ရေကြောင်းဆိုင်ရာကူးသန်းရောင်းဝယ်မှုများအပြင် အာဆီယံ နိုင်ငံများ၊ အာရှနိုင်ငံများသို့ မြန်မာနိုင်ငံမှတစ်ဆင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မည့် အခွင့်အလမ်းများလည်း ပွင့်လန်းလာမည်ဖြစ်ပါသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ရေကြောင်းဆိုင်ရာလုံခြုံမှုအတွက် သက်ဆိုင်ရာနိုင်ငံတိုင်းရှိ ရေတပ်များ၏ အခန်းကဏ္ဍများမှာလည်း ပိုမိုအရေးပါလာမည်ဖြစ် သည်။ ယနေ့အချိန်တွင် တပ်မတော်(ရေ)သည် ဘင်းမ်စတက်နိုင်ငံများ၏ ရေတပ်များနှင့် အတူ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် Navy To Navy Staff Talks ၊ CORPAT ၊ Maritime Security Conclave ၊ Maritime Security Exercise စသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဘင်းမ်စတက်မှသည် မြန်မာ့ရေကြောင်းအကျိုးစီးပွားများဆီသို့
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းရှည်လျား၍ ဆိပ်ကမ်းကောင်းများတည်ရှိမှု၊ သယံဇာတ ပေါကြွယ်ဝမှုနှင့် သင့်တင့်သောလူဦးရေအချိုးအစားတို့ကို ထိရောက်စွာ အသုံးပြုနိုင်ပါက ရေကြောင်းကုန်သွယ်ရေးကို အားပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်သည့် အခြေခံကောင်း များစွာ ရှိပြီးဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်သည် ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းနှင့် နီးကပ်စွာတည်ရှိနေခြင်း၊ ကျောက်ဖြူသဘာဝရေနက်ဆိပ်ကမ်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း တို့ကဲ့သို့ ဆိပ်ကမ်းကောင်းများကိုပိုင်ဆိုင်နိုင်ခြင်းတို့အပြင် မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတ၊ သဘာဝဓာတ်ငွေ့သယံဇာတများအပြင် ကမ်းလွန်ရေတိမ်ပိုင်းပင်လယ် ကြမ်းပြင် အောက်ရှိ အလွန်အဖိုးတန်သည့် သတ္တုသယံဇာတများလည်း မြောက်မြားစွာရှိနေပါသည်။ ထို့အပြင် မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ပင်လယ်ပြင်ခရီးသွား လုပ်ငန်းလုပ်ဆောင်နိုင်သည့် အလွန်လှပ၍ ဆွဲဆောင်မှုရှိသော ကျွန်းစုများကို ပိုင်ဆိုင်ထား ရှိသကဲ့သို့ ပင်လယ်ရေအောက်သန္တာကျောက်တန်းများ၊ အံ့မခန်း ရေအောက်အလှရှုခင်း များအား ကြည့်ရှုနိုင်သည့် Scuba Diving Site များလည်း များစွာတည်ရှိနေပါသည်။ ပင်လယ်ပြင်သည် သက်ဆိုင်ရာနိုင်ငံအတွက် အခွင့်အလမ်းနှင့် အကျိုးစီးပွားများကို ပေးစွမ်းနိုင်သော်လည်း ပင်လယ်ပြင်လုံခြုံရေးအတွက် စနစ်တကျ ထူထောင်ထားသော ကာကွယ်ရေး အစီအမံများမရှိပါက ယင်းရေလမ်းကြောင်းများသည် အင်အားသုံး အလွယ်တကူချဉ်းနင်း ဝင်ရောက်လာနိုင်သောအားနည်းသည့် ဝင်ပေါက် (Vulnerable Entrance)များဖြစ်လာနိုင်ပေသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပျက်မှုမှန်သမျှသည် မြန်မာ့ပင်လယ်ပြင်အပေါ် သက်ရောက်လျက်ရှိသကဲ့သို့ ဘင်္ဂလားပင်လယ်အော်၏ မဟာဗျူဟာတန်ဖိုးများတွင်လည်း ဆက်စပ်ပါဝင်လျက်ရှိပါသည်။ သို့ဖြစ်၍ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် တို့နှင့် ဆက်စပ်တည်ရှိကာ အာရှနှင့် တောင်အာရှတို့အား ဆက်သွယ်ပေးထားသည့် တစ်နည်းအားဖြင့် အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအား ကြားခံအဖြစ် ဆက်သွယ် ဆောင်ရွက်ပေးနိုင်သည့် Land Bridge တစ်ခုအဖြစ်တည်ရှိနေသည့် ပထဝီအားသာချက် အခွင့်အလမ်းအား အမိအရဆုပ်ကိုင်ဆောင်ရွက်သွားနိုင်ရန် အရေးကြီးပါသည်။ လက်ရှိ အခြေအနေအရ လုံခြုံရေးကန့်သတ်ချက်ရှိနေသော နယ်စပ်ကုန်သွယ်မှုများအား အပြည့်အဝ မှီခိုအားထားစရာမလိုသည့် ရေကြောင်းကုန်သွယ်မှုကဏ္ဍအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရခိုင် ကမ်းရိုးတန်းတွင် စစ်တွေမြို့၊ ကျောက်ဖြူမြို့များ၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ပုသိမ်မြို့နှင့် ရန်ကုန်မြို့၊ တနင်္သာရီကမ်းရိုးတန်းတွင် မော်လမြိုင်မြို့၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့ စသည့် ထင်ရှားသော ဆိပ်ကမ်းမြို့ကြီးများအား အဆင့်မြှင့်တင်၍ ဒေသတွင်းနိုင်ငံများ၏ ဆိပ်ကမ်းများနှင့် ကူးလူးဆက်သွယ်နိုင်မည့် ရေကြောင်းကွန်ရက်များ (Regional Maritime Network) ကို ချိတ်ဆက်ပုံဖော်ကြရမည် ဖြစ်ပေသည်။
ယနေ့ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်းမ်စတက်အဖွဲ့ဝင်များဖြစ်သည့် အိန္ဒိယ နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေ ဆိပ်ကမ်းများဖြစ်သော ဗီဇာခပတ္တနမ်၊ ကိုလ်ကတ္တားနှင့် ချန်နိုင်း ဆိပ်ကမ်းများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံ၏ ဟန်ဘန်တိုတာဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ၏ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ ဆိပ်ကမ်းများအား လမ်းကြောင်းတစ်သွယ် Coastal Shipping Sector အနေဖြင့် ချိတ်ဆက်ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာရေကြောင်းကုန်သွယ်မှုများသည် International Maritime Organization (IMO) ၏ Regulation များဖြင့် ဆောင်ရွက်နေရသော်လည်း Coastal Shipping Agreement မှာ IMO လုပ်ငန်းစဉ်ထက် ရိုးရှင်းပြီး နှစ်နိုင်ငံ သဘော တူညီမှုများဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်၍ ကမ်းရိုးတန်း ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းသစ်များအား လျင်မြန်ရိုးရှင်းစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်တည်ရှိရာ ဘင်္ဂလားပင်လယ်အော်၏ ရေကြောင်း ဆိုင်ရာ အကျိုးစီးပွားကာကွယ်ရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာနယ်ပယ် များတွင် ဘင်းမ်စတက်အဖွဲ့ကြီး၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တပ်မတော်(ရေ)၊ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့များအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ပြီး ပိုမိုလုံခြုံသော ရေကြောင်းပတ်ဝန်းကျင် (Safe and Secure Maritime Domain) တစ်ခုအဖြစ် အာမခံချက် ရှိနေစေခြင်းဖြင့် မြန်မာ့ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွား မြှင့်တင်ရေးကဏ္ဍတွင် တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်နိုင်ပါစေကြောင်း....။
pdf file download ရယူရန်