စွန့်လွှတ်စွန့်စားမှုကို အခြေခံကာ အောင်မြင်မှုဆီ ဆက်လှမ်းချီမယ့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်

Posted_Date

Image

စွန့်လွှတ်စွန့်စားမှုကို အခြေခံကာ အောင်မြင်မှုဆီ ဆက်လှမ်းချီမယ့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်

Body

 “ငါတို့က    အလုပ်သမားများ၊ လယ်သမားများရဲ့ သားများဖြစ်သည်။ ငါတို့က ပြည်သူ့လက်ရုံးများဖြစ်သည်။

မကြောက်မရွံ့၊ နောက်မတွန့်၊ စွန့်လွှတ်တိုက်ခိုက်မည်…..”အစရှိတဲ့ စာသားများက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့  စစ်ချီတေးတစ်ပုဒ်ထဲက စာသားများပဲဖြစ်ပါတယ်။ စစ်ချီတေးရဲ့စာသားအပြည့်အစုံကို နားထောင်ကြည့်တဲ့အခါ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရယ်လို့ ပေါ်ထွန်းလာမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ စွန့်လွှတ်စွန့်စားစစ်သည်များရဲ့ ဇာတိသွေး၊  ဇာတိမာန်တို့ကို အတိုင်းသား မြင်တွေ့လိုက်ရပါတယ်။   နောက်ဆုံးမှာတော့  အမိမြေလွတ်မြောက်မှုအတွက် ရည်စူးကာ တိုက်ပွဲဝင်သွားမယ့် သန္နိဋ္ဌာန်စိတ်ဓာတ်က မချီးကျူးဘဲမနေနိုင်အောင်ကို ဖြစ်လာရပါတယ်။

ဒီစစ်ချီတေးကို ပထမဆုံးသီဆိုခဲ့သူများက အမှတ်(၈)လမ်းကြောင်း တပ်တော်မှ  တိုက်ပွဲဝင်စစ်သည်များဖြစ်ပါတယ်။

ဒီစစ်ချီတေးဟာ အမှတ်(၈)လမ်းကြောင်း တပ်တော်ရဲ့စစ်ချီတေး ခြောက်ပုဒ်အနက် တစ်ပုဒ်အပါအဝင်ဖြစ်ပြီး    လက်ရှိတရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့တရားဝင် စစ်ချီတေးဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ဒီစစ်ချီတေးကိုသီဆိုခဲ့တဲ့ အမှတ်(၈)လမ်းကြောင်းတပ်တော် ဆိုတာကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်လာဖို့အတွက် လမ်းခင်းပေးခဲ့သူလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်သူ့ လွတ်မြောက် ရေး  တပ်မတော်အတွက် တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ရက်နောက်ပိုင်း ၁၀ နှစ်အကြာမှာမှအမှတ်(၈) လမ်းကြောင်းတပ်တော် ဆိုတာဖြစ်တည်လာတာပါ။ ဒါဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်မှု အတွက် အမှတ်(၈)လမ်းကြောင်း တပ်တော်က ဘယ်လိုမျိုး လမ်းခင်းပေးခဲ့သလဲ ဆိုတာနဲ့ပတ်သက်ပြီး   မေးခွန်းထုတ်စရာရှိပါတယ်။ ဒါကိုရှင်းပြပါမယ်။

၁၉၂၇ ခုနှစ်  ဩဂုတ်လ ၁ ရက်မှာ နန်ချန်းအုံကြွမှု စတင်ဖြစ်ပွားပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက တရုတ်နိုင်ငံမှာ အာဏာရထားတဲ့ ကူမင်တန်တို့က ကွန်မြူနစ်များကို ရှင်းလင်းသုတ်သင်ရေး လုပ်ငန်းများ  စတင် လုပ်ဆောင်လာတဲ့အတွက် ကွန်မြူနစ်တို့ဘက်က လက်နက်ကိုင်တော်လှန်မှုကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီနေ့ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စတင်သန္ဓေတည်ရာနေ့အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။ ဒါက ဩဂုတ်လ ၁ ရက်တိုင်းကို  ဘာကြောင့်  တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့အဖြစ် သတ်မှတ်ထားရတာလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။   နောက်တစ်ခု တင်ပြလိုတာက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဆိုပြီး ပေါ်ပေါက်လာပုံပါ။

နန်ချန်းအုံကြွမှု  စတင်ဖြစ်ပေါ်ပြီး နောက်တစ်နှစ်မှာ တပ်နီတော်ဆိုပြီး ပေါ်ပေါက်လာပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက တည်ထောင်လိုက်တာပါ။ ဒါပေမဲ့ သူတို့က ပြောက်ကျားစနစ်ကိုသာ ကျင့်သုံးပြီး ကျေးရွာတွေကို အခြေခံကာ စစ်အင်အားကို တည်ဆောက်ခဲ့ပါတယ်။ အထူးသဖြင့် လယ်သမားတွေ၊ အလုပ်သမားတွေ ပါဝင်ပါတယ်။ ဒီလိုနဲ့ ၁၉၃၇ ခုနှစ်အရောက်မှာ   တရုတ်ကွန်မြူနစ်ပါတီက အမှတ်(၈)လမ်းကြောင်း တပ်တော်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကို  ဖွဲ့စည်းလိုက်ပါတယ်။ အမှတ်(၈)လမ်းကြောင်း တပ်တော်နဲ့အတူ အမှတ်(၄)တပ်တော်သစ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ တပ်နီတော်မှာ  စစ်လက်နက်ပစ္စည်းဖွဲ့စည်းပုံဟာ  သာမန်မျှသာဖြစ်ပေမယ့် စိတ်ဓာတ်အရာမှာတော့ ထက်သန်လှတဲ့ မျိုးချစ်စိတ်နဲ့အတူမြင့်မားလှတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ တပ်ဖွဲ့တစ်ခုပါ။ အဲဒီကနေမှတစ်ဆင့် ပြောင်းလဲလာတဲ့ အမှတ် (၈)လမ်းကြောင်းတပ်တော်နဲ့ အမှတ်(၄)တပ်တော်သစ်တို့ကတော့ စစ်လက်နက်ပစ္စည်းများကိုအဆင့်မြှင့်တင်ကာ  စနစ်တကျဖွဲ့စည်းထားတဲ့   လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီတပ်ဖွဲ့နှစ်ခုကို ပေါင်းစည်းပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အဖြစ်  ဆင့်ကဲတိုးမြှင့်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်  တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်လာဖို့က မျိုးချစ်စိတ်နဲ့အတူ လွတ်လပ်သော   နိုင်ငံတည်ထောင်ရေးအတွက် သန္နိဋ္ဌာန်စိတ်ကိုအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့ရယ်ဆိုပြီး စတင်သတ်မှတ်လိုက်တာက   ၁၉၂၇ ခုနှစ် ဩဂုတ်လ ၁ ရက်ဖြစ်ပါတယ်။   ဒါကြောင့် ဒီနှစ်ဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့သက်တမ်းက  နှစ်ပေါင်း ၉၈ နှစ်တောင်မှရှိလာပါပြီ။  ဒီကာလအတောအတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ အပြောင်းအလဲများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း စိန်ခေါ်မှုတွေကိုကျော်ဖြတ်နေဆဲပါ။ တစ်ဖက်မှာလည်း အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်နေဆဲပါ။ ဒီအချိန်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က   ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်အဖြစ်ကို ရရှိပိုင်ဆိုင်လာပါပြီ။  ဒါတွေအားလုံးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကြောင့်လို့ ပြောရင်မမှားပါဘူး။   ယခင်တုန်းက ခြေလျင်တပ်ဖွဲ့ငယ်လေးတစ်ခုတည်းနဲ့ စတင်အခြေတည်ခဲ့တဲ့ တရုတ်ပြည်သူ့

လွတ်မြောက်ရေးတပ်မတော်က ယနေ့မှာ  ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ဒုံးတပ်ဖွဲ့နဲ့ မဟာဗျူဟာမြောက် ထောက်ပံ့ရေးတပ်ဖွဲ့ဆိုတဲ့ တပ်ဖွဲ့ကြီးငါးခုနဲ့ ဖွဲ့စည်းဖြစ်တည်လာပါတယ်။ တပ်ဖွဲ့ကြီးတစ်ခုစီကလည်း တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာနဲ့ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရာတို့မှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတာကို မြင်တွေ့ရပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဒီနေ့လိုပုံစံနဲ့မြင်တွေ့ရဖို့အတွက် အဆင့်မြှင့်တင်မှုများစွာကို လုပ်ဆောင်ခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု များစွာကိုလည်း  အသုံးပြုခဲ့ရပါတယ်။

မြင့်မားတဲ့ရည်မှန်းချက်ကိုချမှတ်ပြီး အကောင်အထည်ဖော်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ လက်ရှိရည်မှန်းချက်က ၂၀၄၉ ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ   တပ်မတော်တစ်ရပ် ဖြစ်လာစေရေးဖြစ်ပါတယ်။   ကမ္ဘာ့အဆင့်မီဆိုတာထက် ကမ္ဘာ့ထိပ်တန်း တပ်မတော်ဖြစ်လာစေရေးလို့ ပြောရင် မမှားပါဘူး။

အဲဒီလိုမျိုး အဆင့်မြှင့်တင်မှုတွေထဲမှာ ဒုံးကျည်နည်းပညာတွေ၊  တိကျမှုရှိစွာတိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးလိုမျိုး အရေးကြီးတဲ့စစ်ရေး စွမ်းရည်တွေရရှိစေဖို့လည်း    ပါဝင်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ရေတပ်ဆိုရင် အခုလက်ရှိမှာကိုပဲ   စစ်သင်္ဘောအရေအတွက် အင်အားအရ ကမ္ဘာ့အင်အားအကြီးဆုံး ရေတပ်အဆင့်ကို‌ရောက်ရှိနေပါပြီ။

ဒီကနေ့ခေတ်က AI ကိုအသုံးချတဲ့ ခေတ်ဖြစ်လာတဲ့အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အနေနဲ့ နည်းပညာပိုင်းမှာ ခေတ်ရှေ့ကိုတောင်ရောက်နေပါပြီ။   

စွမ်းဆောင်ရည်မြင့်မားလှတဲ့ စက်ရုပ်တွေ၊ ထိန်းချုပ်သူမဲ့ စစ်လက်နက်ပစ္စည်းတွေဆိုရင်လည်း   တရုတ်နိုင်ငံက ခေတ်ရှေ့ပြေးနေတာကို တွေ့ရပါတယ်။ 

တခြားသော စစ်လက်နက်ပစ္စည်း ပိုင်ဆိုင်မှုအပိုင်းကိုတော့  တခုတ်တရ ထည့်သွင်းပြောစရာ မလိုလောက်အောင်ကိုပြည့်စုံနေပါပြီ။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ အခုလိုမျိုး အောင်မြင်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေ ရရှိလာရခြင်းရဲ့  အဓိကအကြောင်းရင်းက   စစ်ဘက်-အရပ်ဘက်ပေါင်းစပ်ဆောင်ရွက်မှု မဟာဗျူဟာကြောင့်ဖြစ်တယ်လို့ ဆိုရမှာပါ။

လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစနစ်တွေကို ပေါင်းစပ်အမျိုးသား မဟာဗျူဟာမြောက်စနစ်နဲ့  စွမ်းဆောင်ရည်များထဲ ပေါင်းစပ်ထည့်သွင်း လိုက်ခြင်းအားဖြင့်  တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ရည်မှန်းချက် များကို  ရရှိလာစေတာဖြစ်တယ်လို့ လေ့လာသူများက သုံးသပ်ထားပါတယ်။          

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ ကမ္ဘာ့အဆင့်မီတပ်မတော် တစ်ရပ်ဖြစ်လာတာနဲ့အညီ ပြည်တွင်းမှာသာမက  ပြည်ပရေးရာကိစ္စများမှာလည်း အားတက်သရော ပါဝင်ဆောင်ရွက်လာပါတယ်။  အထူးသဖြင့်  သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာ  နေရာတွေမှာ   ကူညီကယ်ဆယ်ရေးကိုသာမက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများကို  ပေးအပ်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာရေးရာ ကိစ္စရပ်များမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းပါဝင်လက်တွဲပြီး ကမ္ဘာကြီးတည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်နေတာကိုလည်း တွေ့ရပါတယ်။  ဒါဟာ  ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ရဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။ အခုဆက်ပြီးတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား တပ်မတော်နှစ်ရပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို တင်ပြချင်ပါတယ်။

မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံနဲ့   တရုတ်နိုင်ငံတို့က အိမ်နီးချင်းနိုင်ငံတွေထဲမှာ နယ်နိမိတ်ထိစပ်မှု  အရှည်လျားဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ  အရေးကြီးတဲ့အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုဖြစ်တဲ့အပြင်  တရုတ်နိုင်ငံအတွက်   မြန်မာနိုင်ငံဟာလည်း ပထဝီနိုင်ငံရေးအရ  အလေးထားရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံစလုံးက အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်စိတ်ချရမှုတို့ကို  ပိုမိုခိုင်မာအောင် တည်ဆောက်နေကြတာဖြစ်ပါတယ်။ မြန်မာနဲ့တရုတ်ဟာ ယဉ်ကျေးမှုလည်းတူ၊ တောတောင်ရေမြေ သဘာဝအလှတွေလည်းတူ နှစ်နိုင်ငံသမိုင်းကြောင်းတွေလည်း တူညီမှုရှိကြပါတယ်။

မြန်မာနိုင်ငံနဲ့  တရုတ်နိုင်ငံဆိုတာ အလွန်ရှည်လျားတဲ့   နယ်နိမိတ်မျဉ်းတစ်လျှောက်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နေကြတဲ့ အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို ဘယ်လိုမှခွဲထုတ်လို့မရတဲ့ ညီရင်းအစ်ကို   ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထားကြတာပါ။

ဒါကြောင့်လည်း နှစ်နိုင်ငံခေါင်းဆောင်တွေ၊ တပ်မတော်အကြီးအကဲတွေဟာ တစ်ဦးနဲ့တစ်ဦး မိသားစုသဖွယ် ဆက်ဆံရေးနဲ့ အတူလျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။

အလားတူပဲ    မြန်မာ့တပ်မတော်နဲ့   တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့ကလည်း  အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုကို တစ်ဆင့်ပြီးတစ်ဆင့်    မြှင့်တင်လာနိုင်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်မှုဟာ  ဒေသတွင်းပထဝီနိုင်ငံရေး အတွက်လည်း   များစွာအရေးပါအရာရောက်တဲ့  အနေအထားမှာရှိနေပါတယ်။    ဒါ့အပြင်  နှစ်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများက အပြန်အလှန် ချစ်ကြည်ရေးခရီးများ သွားရောက်လည်ပတ်ကြသလို ထိုခရီးစဉ်များအတွင်း များပြားလှစွာသော သဘောတူညီချက်များရရှိခြင်းတို့ဟာ တပ်မတော်နှစ်ရပ်ကြား ရင်းနှီးမှုနဲ့အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို မြင့်မားတိုးတက် စေခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံကြားထိစပ်နေတဲ့ နယ်နိမိတ် ရှည်လျားတဲ့အလျောက် နယ်စပ်ဒေသများမှာ ဖြစ်ပွားလေ့ရှိတဲ့ တရားမဝင်ကိစ္စတွေ၊  မှောင်ခိုကူးမှုတွေကို တိုက်ဖျက်ဖို့အတွက် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းပြီး  ကင်းလှည့်ခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့ကြားက ဆက်ဆံရေးဟာ သာမန်ဆက်ဆံရေးထက်ပိုတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု အဆင့်အထိ တက်လှမ်းလာနေတာဖြစ်ပါတယ်။

အစကနေပြန်ကောက်ရရင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖြစ်တည်မှုမှာ နိုင်ငံကိုချစ်တဲ့စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်ကို အခြေခံခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေခံမှုနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီရဲ့ မှန်ကန်တဲ့ဦးဆောင်မှုအောက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ကမ္ဘာ့အဆင့်မီ တပ်မတော်အဖြစ်ကို ရောက်ရှိလာတာပါ။ အခုဆိုရင် နှစ်ပေါင်း ၉၈ နှစ် တောင်ရှိသွားပါပြီ။   သိပ်မကြာခင်အချိန်မှာ ရာပြည့်တပ်မတော်နေ့ ဆိုတာကိုလည်း ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ နှစ်တွေ ဘယ်လိုပင်ပြောင်းပါစေ၊   ရာသီတွေဘယ်လိုပင်ဟောင်းပါစေ   စွန့်လွှတ်စွန့်စားမှုတို့နဲ့အတူ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က အမြဲတမ်းသစ်လွင်မှုတွေနဲ့အတူ တက်ကြွမှုတွေကတော့   ၁၉၂၇  ခုနှစ်ကလိုမျိုး စိတ်ဓာတ်ရှိနေဆဲပါပဲ။ ဒီစိတ်ဓာတ်ကြောင့်ပဲ  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ တည်ရှိမှုက ရာစုနှစ်မှသည် ထောင်စုနှစ်ထိတိုင်  ခိုင်မြဲနေဦးမှာဖြစ်ကြောင်း   ရေးသားလိုက်ရပါတယ်။   ။


 MWD Web Portal