နောင်ချိုမှာ လမင်းသာပြီ

Posted_Date

Image

နောင်ချိုမှာ လမင်းသာပြီ

Body

      မိုးပေါ်မှာ ကြယ်တစ်လုံး

       တိမ်ဖုံးပါလို့ လမသာ

       သာတဲ့အခါ သာပါလိမ့်မယ်

       နတ်ဒေဝါ သူဖန်ဆင်းတယ်

       ဖိုးရွှေလမင်း။

     လရောင်သည် အေးမြ၏။ အေးမြသော လရောင်သည် ညအခင်းကို သာယာလှပစေ၏။ ညအခင်းတွင် လမင်းကြီးထိန်ထိန်သာနေလျှင် ကြည်နူးချမ်းမြေ့ရ၏။ လန်းဆန်းပျော်မြူးကြရ၏။ စိတ်ခွန်အားတွေ အလိုလိုရလာ၏။ ထို့ကြောင့် ထိန်ထိန်သာသောလမင်းကြီးကို လူတိုင်းနှစ်သက်မြတ်နိုးကြ ပါသည်။ မက်မောတောင့်တကြပါသည်။

တစ်ခါတစ်ရံတွင် ထိန်ထိန်သာနေသော လမင်းကြီးကို တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်များက ထိကပါးရိကပါးလာလုပ်ကြသည်။ ထိကပါးရိကပါးလာလုပ်ကြသော တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်များကြောင့် အေးအေးချမ်းချမ်း၊ သာသာယာယာ၊ လှလှပပနှင့် ပျော်ရွှင်ကြည်နူးချမ်းမြေ့ရသော ညအခင်း သည် အကျည်းတန်ခဲ့ရပါသည်။ ထိုသို့ အကျည်းတန်သောကြောင့်  မပျော်ရွှင်မချမ်းမြေ့နိုင်တော့ဘဲ စိတ်ညစ်ညူးကြရကုန်၏။

သို့သော်ငြား အခိုက်အတန့်မျှသာဖြစ်ပါသည်။ တိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်တို့သည် ကြာရှည်စွာရပ်တည်မနေနိုင်သောကြောင့်ဖြစ်ပါသည်။   အနှီတိမ်မည်း၊ တိမ်ညို၊ တိမ်ပုပ်တို့သည် လေပြည် လေညင်းများ တိုက်ခတ်လာသည့်အခါတွင် လွင့်စဉ်ပျောက်ကွယ်သွားကြရသည် မဟုတ်ပါလော။ ထိုအခါ လမင်းကြီးက ထိန်ထိန်သာနေတော့၏။ ညအခင်းက သာယာလှပနေတော့၏။ ချမ်းမြေ့ကြည်နူးစရာ ကောင်းလှပါသည်။

နောင်ချိုဟုခေါ်တွင်သော ရှမ်းမြို့လေးသည် ရေမြေတောတောင်အလှနှင့် ပနံရနေ၏။ သဘာဝအလှတရားများကြောင့် သာယာခံ့ထည်နေ၏။ တည်ငြိမ်အေးချမ်းနေ၏။   ခေတ်မီဖွံ့ဖြိုးတိုးတက်နေ၏။ ပျားပန်းခပ် စည်ကားနေ၏။ လူနေမှုအဆင့် မြင့်မားနေ၏။ ပျော်ရွှင်ကြည်နူးဖွယ်အတိ ဖြစ်ပါသည်။ နောင်ချိုဒေသခံများကလည်း ရိုးသားကြ၏။  စိတ်ထားဖြူစင်ကြ၏။ ဘာသာတရားကိုင်းရှိုင်းကြ၏။ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာ စရိုက် လက္ခဏာများကို လေးစားမြတ်နိုးတန်ဖိုးထားကြ၏။ ပကတိအလှတရားများဖြစ်ပါသည်။   ပကတိအလှတရားများနှင့် ပျော်ရွှင်ချမ်းမြေ့စရာနောင်ချိုမြို့သည်  တိမ်ညို၊ တိမ်မည်း၊တိမ်ပုပ်များဖြစ်ကြသော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အခိုက်အတန့်မျှ အကျည်းတန်အရုပ်ဆိုးရရှာသည်။ လရောင်ပျောက်သည့် အမှောင်အောက်တွင် ကြောက်ခမန်း လိလိနေကြရရှာသည်။ တိမ်ညို၊ တိမ်မည်း၊ တိမ်ပုပ်များကြောင့် ညအခင်းသည် လမင်းမသာဖြစ်ရသကဲ့သို့ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်ဆိုးညစ်မှုအမျိုးစုံ၊   မိုက်ကန်းကောက်ကျစ်မှုအဖုံဖုံတို့ကြောင့် နောင်ချိုမြို့သည် အမှောင်ဖုံးရရှာလေသည်။ TNLA အဖွဲ့နှင့်  PDF  အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသည်   တွေးခေါ်မြော်မြင်ဆင်ခြင်တုံတရား ကင်းမဲ့ကြသူများ ဖြစ်သည်နှင့်အညီ  ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းတံတားအဆောက်အအုံများ၊ ရုံးအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ နောင်ချိုသူနောင်ချိုသားများ၏ အိုးအိမ်တိုက်တာ အဆောက်အအုံများ စသည့်အဆောက်အအုံများကို အကြောင်းမဲ့ဖျက်ဆီးသည်။ ရဟန်းရှင်လူများကို ရမယ်ရှာဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည်။  ပစ္စည်းဥစ္စာရတနာရွှေငွေများကို   အတင်းအဓမ္မ အနိုင်ကျင့်လုယက် ခိုးယူသည်။ အေးချမ်းသာယာပျော်စရာ ကောင်းလှသည့် နောင်ချိုနယ်မြေရှိဒေသခံများသည် ကျီးလန့်စာစားဘဝသို့ နေ့ချင်းညချင်းရောက်သွားကြသည်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများသည်လည်း   တစ်မုဟုတ်ချင်း ရပ်တန့်သွားသည်။ အခြေမလှတော့သည့်အဆုံးတွင် ကိုယ်လွတ်ရုန်းပြီး အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးကြရ၏။

ပြည်သူလူထု၏ဘဝလုံခြုံရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးလည်မသုန် ထမ်းဆောင်နေသော အစဉ်အလာကောင်းသည့် မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖျက်လုပ်ရပ်ဟူသမျှကို လက်ပိုက်ကြည့် နေမည်မဟုတ်။ မိုက်မိုက်ကန်းကန်း၊ ရမ်းရမ်းကားကား အကြမ်းဖက် အဖျက်သမားများကို နောင်ချိုနယ်မြေမှသည်  ဝေးရာဆီသို့ရောက်အောင် တိုက်ထုတ်မောင်းနှင်ပစ်လိုက်သည်။ ထိုအခါမှ နေရပ်စွန့်ခွာနောင်ချိုနယ်မြေဒေသခံတို့သည် ''ဟင်း''ခနဲ သက်ပြင်းချနိုင်ကြလေတော့၏။ မိမိနေထိုင်ရာ  နောင်ချိုနယ်မြေဒေသအသီးသီးသို့ တပျော်တပါး ပြန်လည်ရောက်ရှိလာကြ၏။

မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖျက်သမားများအပေါ် ''နေလိုမီးလို'' ကျင့်လင့်ကစား အပြစ်မဲ့ပြည်သူလူထုအပေါ် ''လလိုရေလို'' ကျင့်မြဲဖြစ်ပါသည်။ ရန်မူရန်ပြုနေသော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများကိုမူ ရန်သူကဲ့သို့ဆက်ဆံပြီး နောင်ချိုနယ်မြေ ဒေသခံများကိုမူ တစ်မိတည်းဖွား သွေးသားရင်းချာမောင်နှမများကဲ့သို့ ဆက်ဆံသည်။ ထို့ကြောင့်လည်း မြန်မာ့တပ်မတော်၏ စေတနာမှန်ကို နားလည်ပြီးသားဖြစ်သည့် နောင်ချိုနယ်မြေနေဒေသခံတို့သည်  ကားကြီး ကားငယ်အသွယ်သွယ်စီးပြီး အိုးစည်ဗုံမောင်းတီးကာ ပျော်ပျော်ကြီးပြန်လာကြခြင်းဖြစ်ပါသည်။

နောင်ချိုနယ်မြေရောက်   မြန်မာ့တပ်မတော်သားတို့ကလည်း သူတို့ရပ်သူတို့ရွာ၊ သူတို့အိုး သူတို့အိမ်သို့ ပြန်လည်ရောက်ရှိလာကြသော နောင်ချိုနယ်မြေဒေသခံများကို ကိုယ့်ဆွေကိုယ့်မျိုး၊ ကိုယ့်သွေးကိုယ့်သားများ   ပြန်လည်ရောက်ရှိလာကြသကဲ့သို့ ဝမ်းသာအားရ နွေးနွေးထွေးထွေး ပွေ့ဖက်ဆီးကြိုကြသည်။

လတ်တလောစားဝတ်နေရေး အဆင်ပြေအောင် ထောက်ပံ့ကူညီအားပေးကြသည်။ ကိုယ်ကျန်းမာအောင် ဆေးဝါးကုသပေးကြသည်။ သူတို့အိုး သူတို့အိမ်နှင့် သူတို့ဘဝသူတို့ဓနလုံခြုံအောင်   စောင့်ရှောက် ကာကွယ်ပေးနေကြသည်။ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးသွားသည့် လမ်းတံတားများ၊ အဆောက်အအုံများကို ပြုပြင်ပေးကြသည်။ ညစ်ပတ်စုတ်ပြတ် ဖရိုဖရဲဖြစ်နေပြီး အကျည်းတန်အရုပ်ဆိုးသည်များကို သန့်ရှင်းသာယာလှပအောင် ပြုပြင်ပေးကြသည်။ မြန်မာ့တပ်မတော်သားတို့သည် နောင်ချိုနယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် သွေးစက်နှင်းပြီး လမ်းရှင်းပေးရုံသာမက နောင်ချိုနယ်မြေဒေသခံများ၏  ဘဝလုံခြုံရေး၊ စည်သာဝပြောရေး၊  သန့်ရှင်းသာယာလှပရေး၊   လူနေမှုအဆင့်မြင့်မားရေး၊ စိတ်အေးချမ်းသာစွာဖြင့်    နေထိုင်စားသောက်နိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချွေးစက်နှင်းပြီး ပန်းခင်းပေးနေကြပါသည်။

မြန်မာ့တပ်မတော်က TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများကို လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့်  ရဲရဲတက်၊  ရဲရဲတိုက်၊ ရဲရဲချေမှုန်း ခဲ့ကြရသည်။   သတ္တိဗျတ္တိပြည့်ဝသော မြန်မာ့တပ်မတော်သားတို့က အသက်ကိုပဓာနမထားဘဲ   ကျားကုတ်ကျားခဲ၊ ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့ကြရသည်။

ထိုပွဲတွင် မြန်မာ့တပ်မတော်သားတို့၏ ပြောင်မြောက်လှသော စစ်ရေးစွမ်းရည်၊ စစ်ရေးဗျူဟာကို   ထုတ်ဖော်ပြသလိုက်ကြသည်။ နောင်ချိုမြေတွင်  တွယ်ကပ်နေသော   အကြမ်းဖက်သောင်းကျန်းသူများကို အမြစ်ပါ မကျန်အောင် ချေမှုန်းမောင်းထုတ်လိုက်ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူလိုက်ကြသည်။      နောင်ချိုမြေတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံသည် တလူလူတလွင့်လွင့်နှင့် မြူးဝင့်လျက်ရှိပေပြီ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း  ချက်ချင်းပင်“ ယနေ့ခေတ်သည်  ပညာခေတ်ဖြစ်သည့် အတွက်အတန်းပညာ တတ်မြောက်မှသာ အတတ်ပညာကိုသင်ယူ တတ်မြောက်နိုင်မည် ဖြစ်သည့်အတွက် ပညာတတ်များ ပေါများလာစေရန် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့်  အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး  ကျောင်းသား၊ ကျောင်းသူများအေးချမ်း ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရန်’’လမ်းညွှန်မှာကြားလိုက်ပါသည်။

 ထို့ကြောင့်နောင်ချိုမြို့ရှိအခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် နိုင်ငံ့ရင်သွေးကျောင်းသား၊ ကျောင်းသူမောင်မယ်လေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ  ဖျက်ဆီးခဲ့သည့်ကျောင်း အဆောက်အအုံနှင့်ပရိဘောဂ ပစ္စည်းများပြုပြင်ပြီး  ကျောင်းဝန်းကျင်သန့်ရှင်း သာယာလှပရေး၊  ကျောင်းအပ်နှံလက်ခံရေး စသည်တို့ကိုမြန်မာ့တပ်မတော်သားများနှင့် အတူဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား မိဘပြည်သူများက တစ်ခဲနက်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြသည်။  

ထို့ပြင်ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်ပညာ သင်ကြားပေးကြမည့် ဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကျောင်းဝတ်စုံနှင့်   ကျောင်းသုံးစာရေးကိရိယာများ လက်ဝယ်အရောက်ပေးအပ် ချီးမြှင့်လျက်ရှိသည်။ ဇူလိုင်လ ၂၄ ရက်တွင်နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့်   ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ဗလာစာအုပ် ၁၈၀၀၀၀ အုပ်၊ ခဲတံ ၃၈၆၀ ဒါဇင်၊ ဘောပင် ၃၀၀၀ ချောင်းနှင့်ကျောင်းဝတ်စုံ ၂၀၀ စုံကိုလည်းကောင်း ဆရာ၊ဆရာမများအတွက် တပ်မတော်ကချီးမြှင့်ပေးအပ်သည့် ကျောင်းဝတ်စုံ ၁၇၆ စုံကိုလည်းကောင်း ဖြန့်ဝေပေးအပ်နိုင်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅  ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် နောင်ချိုမြို့သို့ သွားရောက်ခဲ့ပြီး အောင်ပွဲဝင်၊ အောင်ပွဲဆင်၊ အောင်လံတင်နိုင်ခဲ့ကြသော  မြန်မာ့တပ်မတော်သား အရာရှိ၊ စစ်သည်များနှင့်တွေ့ဆုံကာ ဂုဏ်ပြုချီးကျူးအားပေးသည်။ စစ်မြေပြင်တွင် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော စစ်သည်များကို စစ်မြေပြင်တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ အဆင့်တံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ အရာရှိ၊ စစ်သည်များအတွက် စားသောက်ဖွယ်ရာများကိုပါ ပေးအပ်ခဲ့သည်။   ထို့ပြင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကိုလည်း   တွေ့ဆုံပြီး  အားပေးစကားပြောကြားပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အခိုက်အတန့်အားဖြင့်   တိမ်ညို၊  တိမ်မည်း၊ တိမ်ပုပ်တို့ကြောင့် လမင်းမသာနိုင်ခဲ့သော  နောင်ချိုမြို့သည်    မြန်မာ့တပ်မတော်သားတို့၏  စွမ်းရည်စွမ်းပကားကြောင့် ယခုအခါလမင်းထိန်ထိန်သာနေပြီဖြစ်သည်။ အေးချမ်းသာယာသည်နှင့်အမျှ ပျော်မွေ့ဖွယ်ကောင်းသော အခြေအနေသို့  အားလုံးကိုယ်စီတူညီစွာ ဆက်လက်လျှောက်လှမ်း ကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြင်းပြသောဆန္ဒ၊ မွန်မြတ်သောအာသီသနှင့်အညီ အုပ်ချုပ် ရေးယန္တရားများ ပုံမှန်လည်ပတ် နိုင်ခဲ့လေပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခဲ့လေပြီ။ နောင်ချိုမြို့တစ်ခွင်နှင့် ဆက်စပ်ဒေသအသီးသီး၌   လူ့စွမ်းအားအရင်းအမြစ်များ ထွန်းသစ်လာအောင် သင်ကြား၊ လေ့ကျင့်၊  ပြုစု၊  ပျိုးထောင်၊ မွေးမြူပေးရာ အခြေခံပညာကျောင်းများမှ ခေါင်းလောင်းသံတို့သည်လည်း    ချိုလွင်နေပြီဖြစ်ပါသတည်း။

MWD Web Portal