သန်းခေါင်စာရင်းကောက်ယူရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး

Posted_Date

Image

သန်းခေါင်စာရင်းကောက်ယူရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး

Body

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။

မိမိတို့နိုင်ငံအတွင်း သဘာဝအရ အကြောင်း တရားများစွာတို့၏ ပြောင်းလဲမှုများနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လူဦးရေစာရင်းနှင့်ဆက်စပ်သည့် အကြောင်းအရာအချက်အလက်များကို တိကျမှန်ကန်စွာကောက်ယူပြုစုရမည်ဖြစ်သည်။ ရရှိလာမည့်စာရင်းများကိုအခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လိုအပ်သည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေရန် အထောက်အပံ့ဖြစ်စေမည့် အခြေခံကျသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်။ တိကျမှန်ကန်သော စာရင်းများရရှိပါက ပြည်သူတစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်မှု၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားများကို လိုအပ်သလို ဖြည့်ဆည်းပေးရန် အထောက်အကူများ ရရှိနိုင်မည်ဖြစ်သည်။ 

သန်းခေါင်စာရင်း သမိုင်းကြောင်း

သန်းခေါင်စာရင်းသဘောသက်ရောက်သည့် စစ်တမ်းတစ်ခုကို မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက်နှင့် ၁၁၄၅ ခုနှစ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်များတွင် နိုင်ငံတော်၏လူဦးရေ၊ မြေအကျယ်အဝန်း၊ သီးနှံအထွက်နှုန်း၊ စီးပွားရေးအခြေအနေနှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်းများပါဝင်သည့် စီးပွားရေးစစ်တမ်းအသွင် ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ 

ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ်၌ ညသန်းခေါင်အချိန်တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ကြောင်း သိရပါသည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ၁၀ နှစ်လျှင်တစ်ကြိမ် စာရင်းကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် ဗြိတိသျှတို့ သိမ်းပိုက်ထားသည့် အောက်မြန်မာပြည်၏ လူဦး ရေမှာ နှစ်သန်းကျော် သုံးသန်းခန့်သာရှိသည်ဟုဆိုပါသည်။ ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ပြီးနောက် ၁၈၉၁ ခုနှစ်မှစတင်၍ တစ်ပြည်လုံးစာရင်းကောက်ယူခဲ့ရာ အောက်မြန်မာပြည်တွင် ၄၄၀၈၄၆၆ ဦးနှင့် အထက်မြန်မာပြည်တွင် ၃၃၁၃၅၈၇ ဦးရှိခဲ့သည်။ ထိုအချိန်က ဗြိတိသျှအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး အစီအမံများအရ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ် (ယခုကယား) တို့ မပါဝင်ခဲ့ပေ။

၁၉၃၁ ခုနှစ်တွင် စာရင်းကောက်ယူရာ၌ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၄ ဒသမ ၄၇ သန်းခန့်ရှိခဲ့ပြီး ၁၀ နှစ် အကြာတွင် ကောက်ယူခဲ့သည့် ၁၉၄၁ ခုနှစ် လူဦးရေစာရင်းအရ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၆ ဒသမ ၂၃ သန်းကျော် ရှိကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား မှုကြောင့် ၁၉၄၁ ခုနှစ် အဆိုပါစာရင်းများ၊ မှတ်တမ်းများ ပျောက်ပျက်ခဲ့ရသည်။ ဗြိတိသျှအစိုးရ လက်ထက်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေသိရှိနိုင်ရေး၊ မြန်မာနိုင်ငံမှ သဘာဝသယံဇာတအဆီအနှစ်များကို ထုတ်ယူနိုင်ရန်ဖြစ်ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း သန်းခေါင်စာရင်းများကောက်ယူရာတွင် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာများကို စီမံကိန်းများရေးဆွဲကာ စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၀ နှစ်ပြည့်သည့် ၁၉၅၁ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၁၉၅၃ ခုနှစ်မှသာ မြန်မာပြည်တစ်ဝန်းလုံးမှ မြို့ပေါင်း ၂၅၂ မြို့တွင် စာရင်းများ ကောက်ယူနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုးရတာဝန်ယူပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့်သန်းခေါင်စာရင်းဌာနတို့ ပူးပေါင်းပြီး ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်းကူညီမှုဖြင့် လူဦးရေနှင့်စီးပွားရေးစစ်တမ်းကောက်ယူခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရ လက်ထက် ၁၉၇၂ ခုနှစ်တွင် သန်းခေါင်စာရင်း ဥပဒေကိုပြဋ္ဌာန်းပြီး ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ အထိ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ ယင်းသို့ ကောက်ယူရာတွင် ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါရှိသည့် သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်းခွဲ၍ ထုတ်ပြန်ပေးခဲ့ သည်။ အဆိုပါစာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးအပေါ် အခြေပြုကောက်ယူခဲ့သည်။ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာ ကချင် ၁၂ မျိုး၊ ကယားကိုးမျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာ ကိုးမျိုး၊ မွန်တစ်မျိုး၊ ရခိုင်ခုနစ်မျိုးနှင့် ရှမ်း ၃၃ မျိုး တို့ဖြစ်ကြောင်း သိရသည်။ 

သန်းခေါင်စာရင်းကောက်ယူရာတွင် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း၊ နမူနာလူဦးရေ သန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်း စားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုးရေးသန်းခေါင်စာရင်း စသည်ဖြင့် အမျိုးအစားကွဲပြားပြီး ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းလည်းဖြစ်သည်။ 

၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာ ပြန်လည်အပ်နှံရန် ၁၉၇၄ ခုနှစ်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းပြုစုရေးနှင့် ပြည်သူတို့၏လူမှုရေး၊ စီးပွားရေးစီမံကိန်းအရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန် အခြေခံစာရင်း အချက်အလက်များရရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်း မရှိဟုဆိုသည်။ ၁၉၈၃ ခုတွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် တစ်နိုင်ငံလုံးတွင် လူဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ တိုင်အောင် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် လူဦးရေသန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစစ်တမ်း၊ လုပ်သားအင်အားစုစစ်တမ်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးဖွားဦးရေ၊ သေဆုံးနှင့် ကျန်ဦးရေ၊ ရွှေ့ပြောင်းသွားလာသူဦးရေနှင့်အိမ်အကြောင်းအရာ စသည်တို့ကို ပြည့်စုံစွာကောက်ယူနိုင်ခဲ့သည်။

စာရင်းကောက်ရမည့်သူများနှင့် မကောက်ရမည့်သူများ

သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းရည်ညွှန်းချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိသူ/ နေထိုင်သူများ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် ကျော်လွန်ပြီးမှ သေဆုံးသူများနှင့် နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများအပါအဝင် နိုင်ငံခြားတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများစာရင်းကို ထည့်သွင်းကောက်ယူသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား သံတမန်များနှင့် မိသားစုဝင်များ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ) ကျော်လွန်ပြီးမှ မွေးဖွားသော ကလေးများကို စာရင်းတွင်ထည့်သွင်းမကောက်ပါ။

သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတွင် စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်သို့လာရောက်စာရင်းကောက်ပါမည်။ စာရင်းလာကောက်မည့်နေ့တွင် ကြိုတင် အကြောင်းကြားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ (၁၀) ရှိခြင်း/မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ပါ။ တိုင်းရင်းသားဖြစ်ခြင်း/ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ သန်းခေါင်စာရင်း ထည့်မကောက်ရသူများမှအပ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်း ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ဘဲ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက် လည်း စိုးရိမ်ရန်မလိုအပ်ပေ။

မေးမြန်းမည့် မေးခွန်းများ

စာရင်းကောက်သူများက မေးခွန်းများ မေးမြန်းမည်ဖြစ်ရာ မှန်ကန်စွာဖြေဆိုပေးကြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မေးမြန်းမည့်မေးခွန်းများမှာ အမည်၊ အိမ်ထောင်စု ဦးစီးနှင့် တော်စပ်ပုံ၊ ကျား /မ၊ ပြည့်ပြီး အသက်၊ မွေးသက္ကရာဇ် (ရက်/ လ / နှစ်)၊ ကိုးကွယ်သည့် ဘာသာ၊ အိမ်တွင်အဓိကပြောဆိုသော ဘာသာ စကား၊ ကိုင်ဆောင်သည့် လက်မှတ်အမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်းရှိ/ မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း( အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ နေအိမ် အမျိုးအစား၊ ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ် ရေးပစ္စည်းများ၊ အိမ်ရှိ အခန်းအရေအတွက်နှင့် အိပ်ခန်းအရေအတွက်၊ သောက်သုံးရေရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုမှု၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်း အကြောင်းအရာနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှုစသည့်အချက် အလက်များ ဖြစ်ပါသည်။

မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် မိမိနေထိုင်ရာနယ်မြေအတွင်းတွင် လိုအပ်သည့် စာသင်ကျောင်းအရေအတွက်၊ လိုအပ်သော ဆေးရုံ/ဆေးပေးခန်းအရေအတွက်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရမည့် ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့်အခြေအနေ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များစောင့်ရှောက်ရေး၊ လူမှုအခြေခံအဆောက် အအုံ (လမ်း၊ တံတား၊ အိမ်ရာ) များ တည်ဆောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားသည့် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေတွင်လည်း ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုအတွက် အကာအကွယ်ပေးထားပြီးဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများအနေဖြင့် စာရင်းကောက်ယူရေးအဖွဲ့က မေးမြန်းသည့်မေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေကြားပေးရန် လိုအပ်ပါသည်။ ဖြေဆိုသည့် အချက်အလက်များ မမှန်ကန်ပါက ပြည်သူများသာ နစ်နာရမည်ဖြစ်ပါသည်။ 

၂၀၂၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီးသည် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကိုအခြေခံ၍ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သည့် အမျိုးသားရေး လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်မှု စွမ်းအားများဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။ သန်းခေါင်စာရင်းမှရရှိလာမည့် ကိန်းဂဏန်း စာရင်းအချက်အလက်များဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက် ဖြစ်သော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်စေရေး အသုံးချ သွားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိအစိုးရလက်ထက်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးနိုင်မည့် ကိန်းဂဏန်းအချက် အလက်များဖြစ်ခြင်းကြောင့် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံး အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Source-Myawady Webportal