မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်း

Posted_Date

Image

မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်း

Body

၁၉၄၇ ခုနှစ်ရွေးကောက်ပွဲ

မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် တိုင်းပြုပြည်ပြုလွှတ်တော် (The Constituent Assembly) ရွေးကောက်ပွဲမှာ ပထမဆုံးရွေးကောက်ပွဲဖြစ်သည်။ အောင်ဆန်း-အက်တလီစာချုပ်အရပြုလုပ်သောတိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာ အစိုးရဖွဲ့ရန်မဟုတ်သေးဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန်နှင့် ၎င်းဥပဒေအရ ရွေးကောက်တင်မြှောက်သော ပါလီမန်လွှတ်တော်ပေါ်ပေါက်လာသည်အထိ တိုင်းပြည်ကို ယာယီအုပ်ချုပ်ထိန်းသိမ်းရန်ဖြစ်သည်။

မြန်မာနိုင်ငံ  လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်တွင် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ လွှတ်တော်တစ်ရပ်အတွက်သာ ရွေးကောက်သည်။   တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲကြသည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် လွှတ်တော်က အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

လွတ်လပ်ရေးရသည့် ၄-၁-၄၈ ရက်မှ ပထမအကြိမ်   ပါလီမန်အစည်းအဝေးထိုင်သည့် ၃-၃-၅၂ ရက်အထိ တိုင်းပြုပြည်ပြုလွှတ်တော်သည် ယာယီပါလီမန်ဟု ဆက်လက်တည်ရှိနေသည်။ ယာယီ ပါလီမန်က တင်မြှောက်လိုက်သော သမ္မတစဝ်ရွှေသိုက်၏အစိုးရကို ယာယီအစိုးရဟုခေါ်ဝေါ်ခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ရွေးကောက်ပွဲများ

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၃ တွင် “အခြေခံဥပဒေအရ ကျင်းပသည့် ပထမအမတ်ရွေးကောက်ပွဲကို ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်း ကျင်းပရမည်” ဟု ပြဋ္ဌာန်းထားသည်။ သို့သော် လွတ်လပ်ရေးရပြီး သုံးလအကြာတွင် ပေါ်ပေါက်လာသော ပြည်တွင်းစစ်ကြောင့် ဥပဒေက ပြဋ္ဌာန်းထားသော     ကာလအတွင်း ရွေးကောက်ပွဲမကျင်းပဖြစ်ချေ။

ရွေးကောက်ပွဲကျင်းပဖြစ်သောအခါတွင်လည်း တစ်ရက်တည်း တစ်ပြိုင်နက် မကျင်းပနိုင်ဘဲ ၁၂-၆-၅၁ ရက်မှ ၃-၁-၅၂ ရက်အတွင်း သုံးကြိမ်ခွဲ၍ အလီလီကျင်းပပေးခဲ့ရသည်။ပထမအကြိမ် ပါလီမန်ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၃-၃-၅၂ ရက်မှ ၂၁-၃-၅၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ဖဆပလအစိုးရကို ၁၆-၃-၅၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ပါလီမန်ဖွဲ့စည်းပုံမှာ  ပြည်သူတို့က လူဦးရေအလိုက် အချိုးကျရွေးကောက်တင်မြှောက်သော   အမတ်ဦးရေ ၂၅၀ ပါဝင်သည့် ပြည်သူ့လွှတ်တော်နှင့်လူဦးရေအလိုက်မဟုတ်ဘဲ တိုင်းရင်းသားလူမျိုး အလိုက်နေရာသတ်မှတ်ပေးပြီး ရွေးကောက်တင်မြှောက်သော အမတ် ၁၂၅ ဦးပါဝင်သည့် လူမျိုးစုလွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ပါဝင်သည်။

ဒုတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၂၇-၄-၅၆ ရက်တွင် ကျင်းပခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုကြောင့် မဲဆန္ဒနယ် ၂၅၀ အနက် ၂၂၀ တွင်သာ ရွေးကောက်ပွဲလုပ်နိုင်ခဲ့သည်။ဖဆပလနှင့် ပမညတပါတီကြီးနှစ်ခုအနက် ဖဆပလကကပ်ပြီး အနိုင်ရသွားသည်။တတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရက ၆-၂-၆၀ ရက်တွင် ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီကပင်  ဖဆပလပါတီကြီးသည် ဦးနုနှင့် သခင်တင်တို့ ဦးဆောင်သော သန့်ရှင်းဖဆပလနှင့် ဦးကျော်ငြိမ်းနှင့်ဦးဘဆွေတို့ ဦးဆောင်သော  တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းကွဲခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲတွင်လည်း သောင်းကျန်းသူတို့၏နှောင့်ယှက်ခြိမ်းခြောက်မှုကြောင့် မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ချေ။ရွေးကောက်ပွဲတိုင်းအတွက် ရွေးကောက်ပွဲမင်းကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတက ခန့်အပ်သည်။

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရွေးကောက်ပွဲများ

သန့်ရှင်းဖဆပလကို  နာမည်ပြောင်းထားသော ပထစအာဏာရပါတီအစိုးရသည် ပြည်ထောင်စုမှ ခွဲထွက်၍ ဆီးတိုးစာချုပ်အဖွဲ့ (SEATO: South East Asia Treaty Organization) နှင့် ပေါင်းရန် ဖက်ဒရယ်မူဖြင့် ခွဲထွက်ဖို့ လှုပ်ရှားလာသော တိုင်းရင်းသားအဖွဲ့အချို့ကို မထိန်းနိုင်သောကြောင့် တော်လှန်ရေးကောင်စီက ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ မာရှယ်လောဖြင့် အုပ်ချုပ်ခဲ့၏။၃-၁-၁၉၇၄ ရက်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပခဲ့သည်။ သို့ရာတွင် ပါတီစုံရွေးကောက်ပွဲမဟုတ်ဘဲ တစ်ပါတီရွေးကောက်ပွဲသာ ဖြစ်ခဲ့သည်။ လွှတ်တော်နှစ်ရပ်မထားဘဲ ပြည်သူ့လွှတ်တော်တစ်ရပ်သာထားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှသာဖြစ်ကြပြီး မဲဆန္ဒရှင်များက လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်သည်။ဤကာလတွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ လေးကြိမ် ကျင်းပခဲ့သည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲကို ၂၇-၁-၇၄ မှ ၁၀-၂-၇၄ အထိလည်းကောင်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် ရွေးကောက်ပွဲများကို ၁-၁-၇၈ မှ ၁၅-၁-၇၈၊၄-၁၀-၈၁ မှ ၁၈-၁၀-၈၁ နှင့် ၆-၁၀-၈၅ မှ ၂၀-၁၀-၈၅ ရက်များတွင်လည်းကောင်း အသီးသီးကျင်းပခဲ့သည်။

ရွေးကောက်ပွဲတိုင်းတွင်  အစိုးရက ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးသည်။ စတုတ္ထအကြိမ်ရွေးကောက်ပွဲကော်မရှင်ကို ဦးဘဌေးက ခေါင်းဆောင်၍ ဦးကျော်ညွန့်၊ ဦးစန်းမောင်၊ ဦးစောကြာဒိုး၊ ဆရာချယ်တို့က အဖွဲ့ဝင်များဖြစ်ကြသည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရွေးကောက်ပွဲဤကာလအတွင်း  ရွေးကောက်ပွဲတစ်ကြိမ်သာ ကျင်းပပေးနိုင်သော်လည်း နောင်ရွေးကောက်ပွဲများအတွက် အဆင်သင့်ဖြစ်နေစေရန်လိုအပ်ချက်များစွာကို ကြိုကြိုတင်တင်လုပ်ကိုင်ပေးခဲ့ကြောင်း တွေ့ရသည်။

မဆလအာဏာရပါတီအစိုးရသည် အထွေထွေကျပ်တည်းမှုကြောင့် ပေါ်ပေါက်လာသော လူထုအုံကြွမှုကို မထိန်းနိုင်သည့်အပြင် ပြည်တွင်းပြည်ပ မြေပေါ်မြေအောက် ပါတီအဖွဲ့အစည်း သောင်းကျန်းသူတို့၏ အန္တရာယ်ကြီးမားလာသောကြောင့်    နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ရသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၈-၉-၁၉၈၈ ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁/၈၈ ကို ထုတ်ပြန်သည်။

ထိုကြေညာချက်မှာ (က) တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ (ခ) လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ (ဂ) ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရန် ဤအဖွဲ့မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကနှင့် သမဝါယမတို့ ဆောင်ရွက်နိုင်ရန်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ (ဃ) အထက်ပါလုပ်ငန်းများပြည့်စုံပြီးလျှင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးရေးဟူ၍ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် တက်လာစကတည်းကပင်  ရွေးကောက်ပွဲကျင်းပပေးရန် ရည်မှန်းခဲ့ကြောင်း တွေ့ရသည်။

ရည်မှန်းသည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သော ပြင်ဆင်မှုတွေကိုလုပ်ဆောင်ခဲ့သည်။ဦးဘဌေး ခေါင်းဆောင်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်ကို မဖျက်သိမ်းဘဲ ဆက်လက်ထားရှိသည်။ ၂၁-၈-၈၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေကိုလည်းကောင်း၊ ၂၇-၉-၈၈ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလည်းကောင်း၊ ၃၁-၅-၈၉ ရက်တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကိုလည်းကောင်း တစ်ဆင့်ပြီးတစ်ဆင့် ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီများကို ဖွဲ့စည်းခွင့်ပြုခဲ့ရာ   ၉၃  ပါတီရှိခဲ့၏။ ၁၉၉၀ ပြည့်နှစ်ထဲတွင်မူ   နိုင်ငံရေးပါတီများ စုဝေးခွင့်နှင့် မဲဆွယ်ခွင့်ဆိုင်ရာ အမိန့် အမှတ်စဉ် ၃/၉၀ ကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၇-၅-၉၀ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်းကျင်းပပေးခဲ့သည်။ ၉၃ ပါတီလုံးယှဉ်ပြိုင်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုင်သည်။ ဤရွေးကောက်ပွဲသည်တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲနှင့်အချက်နှစ်ချက်တွင်ထူးထူးခြားခြားတူညီနေသည်။ ပထမအချက်မှာပြည်သူ့လွှတ်တော်တစ်ရပ်အတွက်သာ ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြစ်သည်။ဒုတိယအချက်မှာ ရွေးကောက်ပွဲကျင်းပချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိခြင်းဖြစ်သည်။၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်အင်္ဂလန်နိုင်ငံသို့ သွားရောက်၍  လွတ်လပ်ရေးအတွက် အရေးဆိုရာ ဗြိတိသျှအစိုးရက တစ်နှစ် အတွင်း လွတ်လပ်ရေးပေးရန် သဘောတူညီသည့်တိုင်အောင်မြန်မာနိုင်ငံတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေမရှိဘဲ လက်လွတ်စပယ် မပေးခဲ့ချေ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်မြောက်ရေး အတွက်တိုင်းပြုပြည်ပြုလွှတ်တော်ကိုဦးစွာခေါ်ယူရသည်။စိတ်တိုင်းကျအုပ်ချုပ်နိုင်သော တော်လှန်ရေးကောင်စီ သည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးစွာရေးဆွဲအတည်ပြုပြီးမှ ရွေးကောက်ပွဲ၊ လွှတ်တော်နှင့်အစိုးရဖွဲ့ခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဗိုလ်ချုပ်လုပ်ခဲ့သည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ရေးဆွဲပြီးမှ ၎င်းဥပဒေအရ အစိုးရဖွဲ့စေလိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေးဦးစွာလွှတ်တော်ခေါ်၍ အစိုးရဖွဲ့မည်။ အခြေခံဥပဒေကို နောက်မှရေးဆွဲမည်ဟုအာဏာလွှဲပေးရန် တောင်းဆိုသည်။ ဤအချက်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ သဘောထားကွဲလွဲချက်ဖြစ်လာသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များပါဝင်သော ပြည်သူ့လွှတ်တော်အစည်းအဝေးဖြင့်အခြေခံဥပဒေရေးဆွဲရန် ဖြစ်မလာနိုင်သောအခါတွင်  ပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့ အစုံအလင်ပါဝင်သော အမျိုးသားညီလာခံဖြင့် အခြေခံမူများချမှတ်ရန် ဆောင်ရွက်ခဲ့သည်။   အမျိုးသားညီလာခံကို ၉-၁-၉၃ ရက်တွင် စတင်ကျင်းပခဲ့သည်။

ညီလာခံသို့ ဦးအောင်ရွှေ ခေါင်းဆောင်‌သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ထို့ပြင် ၁၉၉၀ ‌ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) တို့အတွက် အခြေခံမူများချမှတ်ပြီးသည်အထိ ပါဝင်ခဲ့ကြသည်။ ၂၈-၁၁-၉၅ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်အဖွဲ့သည် အကြောင်းပြချက်တစ်ခုဖြင့် အမျိုးသားညီလာခံကို ကျောခိုင်းသွားသည်။

၁၉၉၆ ခုနှစ်ထဲတွင် ညီလာခံကို ယာယီရပ်ဆိုင်းခဲ့သည်။ ၃၀-၈-၂၀၀၃ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည်  နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ကိုချမှတ်ကြေညာ၍   အမျိုးသားညီလာခံကို ဆက်လက်ကျင်းပကာ တစ်ဆင့်ပြီးတစ်ဆင့်အကောင်အထည်ဖော်ခဲ့သည်။    

မူဝါဒလမ်းစဉ် (၇) ရပ်မှာ “ပထမအဆင့် - အမျိုးသားညီလာခံကို ပြန်လည်ကျင်းပခြင်း၊  ဒုတိယအဆင့် - လိုအပ်သော ဒီမိုကရေစီအခင်းအကျင်းများပြင်ဆင်ခြင်း၊ တတိယအဆင့် -  အခြေခံမူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခြင်း၊ စတုတ္ထအဆင့် - အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုခြင်း၊ ပဉ္စမအဆင့် - အခြေခံဥပ‌ဒေနှင့်အညီ ရွေးကောက်ခံလွှတ်တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း၊ ဆဋ္ဌမအဆင့် - အခြေခံဥပ‌ဒေနှင့်အညီ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့်   လွှတ်တော်အစည်းအဝေးများကျင်းပခြင်း၊ သတ္တမအဆင့် - လွှတ်တော်က ရွေးကောက်တင်မြှောက်သော  နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ခြင်း” တို့ဖြစ်သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းပြမြေပုံ(ဝါ) မူဝါဒလမ်းစဉ် (၇) ရပ်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၁/၈၈ ၏ ပိုဒ်ခွဲ(ဃ)ကို အသေးစိတ်ထားခြင်းပင်ဖြစ်သည်။

ပထမအဆင့်အရ အမျိုးသားညီလာခံကို ဆက်လက်ကျင်းပခဲ့ရာ ၃-၉-၂၀၀၇ တွင် ပြီးဆုံးခဲ့သည်။ ဒုတိယအဆင့်ကို အချိန်ယူပြင်ဆင်ခဲ့သည်။ တတိယအဆင့်အရ ဦးအောင်တိုးခေါင်းဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအဖွဲ့သည်ညီလာခံမှရရှိသော  အခြေခံမူများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို  ရေးဆွဲခဲ့ရာ ၁၉-၂-၂၀၀၈ တွင် ပြီးစီးခဲ့သည်။

စတုတ္ထအဆင့်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ၂၉-၅-၂၀၀၈ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။၂၀၀၉ နောက်ပိုင်း ရွေးကောက်ပွဲများအခြေခံဥပဒေရှိလာပြီဖြစ်သောကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည်ပဉ္စမအဆင့်ဖြစ်သော  ပထမအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၇-၁၁-၂၀၁၀ ရက်တွင် ကျင်းပပေးခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်၊   အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် စသည့်လွှတ်တော်သုံးရပ်အတွက် တစ်ပြိုင်နက်တည်း ကျင်းပပေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမဝင်ချေ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်   ဖွံ့ဖြိုးရေးပါတီက မဲအများဆုံးရသည်။

ထို့နောက် ဆဋ္ဌမအဆင့်အဖြစ် လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ခဲ့သည်။ဆက်လက်၍သတ္တမအဆင့်ဖြစ်သော လွှတ်တော်က ရွေးကောက်တင်ပြသည့် နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေး‌သောအစိုးရအဖွဲ့၊  အာဏာပိုင်အဖွဲ့အစည်းများဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ညင်သာချောမွေ့စွာ  ကူးပြောင်းရောက်ရှိခဲ့သည်။ဆက်လက်ကျင်းပသော ရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲဖြစ်သည်။ လွှတ်တော်သုံးရပ်တွင်  လစ်လပ်သောမဲဆန္ဒနယ် ၄၈ နယ်အတွက် ၁-၄-၂၀၁၂ ရက်တွင် ကျင်းပခဲ့သည်။ ပထမအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၂၀၁၀) ကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပါဝင်ခဲ့သည်။  ယင်းပါတီမှ    ကိုယ်စားလှယ်လောင်းများ  ရွေးကောက်ပွဲဝင်နိုင်ရန် အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ရွေးကောက်ပွဲဥပဒေကို ဖြေလျှော့ပေးခဲ့သည်။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သည်။

လွှတ်တော်ပထမသက်တမ်း ငါးနှစ်ပြည့်သောအခါ ဒုတိယသက်တမ်းအတွက် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၈-၁၁-၂၀၁၅ ရက်တွင် ကျင်းပခဲ့သည်။ တစ်လျှောက်လုံးအတိုက်အခံလုပ်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၈၀ ရာခိုင်နှုန်းကျော်  အနိုင်ရရှိ၏။  ယင်းပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲနိုင်သော အခွင့်အရေး၊ ပါဝင်ဆွေးနွေးနိုင်သော အခွင့်အ‌ရေး၊ စောစီးစွာအစိုးရဖွဲ့နိုင်သော အခွင့်အရေးများကို ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် လက်လွှတ်ဆုံးရှုံးခဲ့သည်။ အခုမှ အစိုးရဖွဲ့နိုင်သည်။

လစ်လပ်သွားသော  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊  ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၇ နေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၁-၄-၂၀၁၇ ရက်တွင် ကျင်းပခဲ့သည်။ စုစုပေါင်း လစ်လပ်နေရာ၁၉ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉ နေရာ၊ တိုင်းရင်းသားပါတီပေါင်းစုံက ၈ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂ နေရာရရှိကြသည်။

၃-၁၁-၂၀၁၈ ရက်တွင် လွှတ်တော်ဒုတိယသက်တမ်း၏  ဒုတိယအကြိမ်   ကြားဖြတ်‌ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ လစ်လပ်သော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ နေရာ၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးလွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာအတွက် ၂၄ ပါတီဝင်ရောက်ယှဉ်ပြိုင်ကြသည်။ လစ်လပ်နေရာ ၁၃ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၇ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁ နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁ နေရာ၊ ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃ နေရာနှင့်  တစ်သီးပုဂ္ဂလ ၁ နေရာ အနိုင်ရရှိကြသည်။

လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်သောအခါ တတိယသက်တမ်းအတွက် တတိယအကြိမ်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၈-၁၁-၂၀၂၀ ရက်တွင် ကျင်းပခဲ့သည်။ နိုင်ငံ‌ရေးပါတီ ၉၃ ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်‌လောင်း ၅၆၃၉ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။  ဤရွေးကောက်ပွဲကား မြန်မာနိုင်ငံ‌ရွေးကောက်ပွဲသမိုင်းတွင်   အမည်းစက်စွန်းထင်းခဲ့သော  ရွေးကောက်ပွဲဖြစ်ခဲ့သည်။  အာဏာရအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီသည်  သက်သေခိုင်လုံစွာဖြင့် ‌ ဖော်ထုတ်ရရှိသည့် နိုင်ငံတစ်လွှား မဲမသမာမှုကြီးကို မဖြေရှင်းဘဲ လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ရန် ကြိုးစားခဲ့သည်။ နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းခြင်းဖြစ်သဖြင့် ယာယီသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာ၍ ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံလွှဲအပ်တာဝန်ပေးခဲ့သည်။ ၂၀၂၀  ရွေးကောက်ပွဲရလဒ်များလည်း ပယ်ဖျက်ခံခဲ့ရသည်။

ထို့ကြောင့် ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ် ပေါင်း ၆ ကြိမ်ကျင်းပခဲ့သည်။  တိုင်းပြုပြည်ပြုလွှတ်တော်   ရွေးကောက်ပွဲမှ   စတင်ရေတွက်ပါက  ၂၀၂၀ အထွေထွေရွေးကောက်ပွဲအထိ  ၁၅  ကြိမ်သာရှိသေးသည်ကို   အောက်ပါအတိုင်း   တွေ့ရှိရပေသည်။

တင်ပြခဲ့သောရွေးကောက်ပွဲ ၁၅ ကြိမ်တွင်တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က ရွေးကောက်ပွဲ ၄ ကြိမ်နှင့် နဝတ/နယကခေတ် ၁၉၉၀ ရွေးကောက်ပွဲတို့ကို ဖယ်ထုတ်လိုက်လျှင် ၁၉၄၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၇၃ နှစ်အတွင်း ဥပဒေပြုမဏ္ဍိုင်၊  အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို ဖော်ဆောင်မည့် ပါတီစုံရွေးကောက်ပွဲမှာ ၉ ကြိမ်သာ ရှိပါသေး၏။

အရေးပေါ်ကာလတာဝန်များ ပြီးဆုံးပြီးသည့်နောက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများသည် ပြန်လည်အသက်ဝင်လှုပ်ရှားလာပေတော့မည်။ တည်ငြိမ်သော နိုင်ငံရေးအခင်းအကျင်း၊  တည်တံ့သော  ပြည်တွင်းငြိမ်းချမ်းရေး၊ ကျစ်လျစ်ညီညွတ်သောပြည်တွင်းအင်အား၊  အရည်အချင်းပြည့်ဝသော  နိုင်ငံရေးသမားတို့ဖြင့်   မြန်မာ့ရွေးကောက်ပွဲသမိုင်းသည်   အစဉ်အဆက်ရွေ့လျားနေပါစေဟု   ဆန္ဒပြုလိုက်ရပေသည်။      ။