မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့်မဲပေးကြပါစို့
Posted_Date
Image

Body
မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် ကျင့်သုံးမည့်စနစ်
မကြာမီကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ စာရေးသူတို့နိုင်ငံအနေနဲ့ မြန်မာအီလက်ထရောနစ်မဲပေးစနစ်( Myanmar Electronic Voting Machine-MEVM)ကို ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူမဲဆန္ဒရှင်တွေအနေနဲ့လည်း Myanmar Electronic Voting Machine-MEVM အကြောင်းကို အကြမ်းဖျင်းသိထားဖို့ အသိပေးလိုပါသေးတယ်။
ဒီစနစ်ကိုတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်းတီထွင်ဆောင်ရွက်ထားတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာ ၂၀၂၁ ခုနှစ်ရဲ့ဖော်ပြချက်အရဆိုရင် အီလက်ထရောနစ်မဲ ပေးစနစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံမှာ အသုံးပြုမှာမို့ Myanmar Electronic Voting Machine -MEVM လို့ဆိုတာပါ။ သူ့ရဲ့မူရင်းအသုံးအနှုန်းကတော့ Electronic Voting Machine-EVM ပါပဲ။ ဘယ်နိုင်ငံတွေကျင့်သုံးကြလဲဆိုရင် အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားစတဲ့နိုင်ငံတွေမှာ ကျင့်သုံးနေတာကို လေ့လာတွေ့ရှိရပါတယ်။
အီလက်ထရောနစ်မဲပေးစနစ် (Electronic Voting Machine-EVM) က လေးမျိုးရှိတာကို ထပ်တွေ့ရပြန်တယ်။ ဒါတွေကတော့-
(၁) တိုက်ရိုက်မှတ်တမ်းတင် အီလက်ထရောနစ်မဲပေးစနစ်( Direct Recording Electronic system-DRE) (ကျင့်သုံးသည့်နိုင်ငံများ- အိန္ဒိယ၊ ဘူတန်၊ ရိုမေးနီးယား၊ ဘရာဇီး၊ အီရန်၊ ပီရူး၊ အယ်လ်ဘေး နီးယား၊ နာမီဗီးယား၊ ဘူလ်ဂေးရီးယား၊ ဗင်နီဇွဲလား…) မဲပေးပုံပေးနည်းကတော့ မဲဆန္ဒရှင်တွေဟာ ကီးဘုတ်၊ ထိတွေ့မျက်နှာပြင်၊ မောက်၊ ဘောပင် ဒါမှမဟုတ် တခြားအီလက်ထရောနစ် ပစ္စည်းတစ်ခုခုကိုသုံးပြီး ကိုယ်ပေးချင်တာကို ရွေးချယ်မဲပေးခြင်းပဲဖြစ်ပါတယ်။ ဒီစက်ဟာ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့သိမ်းထားပေးနိုင်ပါတယ်။
ဒီစက်တွေကို မဲပေးချက်မှန်၊ မမှန်အတည်ပြုစက်(Voter-Verified Paper Audit Trail – VVPAT)ဖြင့် ချိတ်ဆက်ပြီးလည်း သုံးနိုင်သလို မချိတ်ဆက်ဘဲလည်းသုံးနိုင်ပါတယ်။ ချိတ်ဆက်ပြီးသုံးရင်တော့ မဲဆန္ဒရှင်ရွေးချယ်လိုက်တဲ့ ဆန္ဒမဲတွေအတွက် VVPAT များက ကိုယ်ပေးလိုက်တဲ့မဲအတိုင်း ပြေစာသဘောမျိုး အထောက်အထား စက္ကူစလစ်ဖြတ်ပိုင်းလေးတွေ ပရင့်ထုတ်ပေးမှာဖြစ်ပါတယ်။
(၂) အီလက်ထရောနစ်မဲလက်မှတ်ထုတ်ပရင်တာ (Electronic Ballot Printer System – EBPs) (ကျင့်သုံးသည့်နိုင်ငံများ - ကွန်ဂို၊ အာဂျင်တီးနား..) ဒီစက်ကတော့ အထက်မှာဖော်ပြထားတဲ့ DRE စက်နှင့်ဆင်တူပါတယ်။ ဒီစက်ကလည်း ကိုယ်ပေးလိုက်တဲ့ မဲဆန္ဒအတိုင်း မဲလက်မှတ်ကို ပရင့်ထုတ်ပေးတယ်။ အဲဒီမဲလက်မှတ်ကို အလိုအလျောက် မဲရေတွက်ပေးတဲ့ သီးခြားမဲလက်မှတ်ဖတ် စကင်နာစက်(Ballot Scanner)အတွင်းသို့ ထည့်သွင်းရေတွက်ပြီး မဲပုံးထဲသို့ရောက်ရှိသွားတဲ့စနစ် ဖြစ်ပါတယ်။ EBPs ကတော့ ပေးတဲ့မဲတွေကို မှတ်တမ်းအနေနဲ့ သိမ်းထားပေးခြင်းမရှိပါဘူး။ EBPs နဲ့ တွဲဖက်လုပ်ဆောင်တဲ့ မဲလက်မှတ်ဖတ်စကင်နာစက် (Ballot Scanner) ကတော့ မဲပေးချက်နဲ့ စုစုပေါင်းမဲအရေအတွက်များကို မှတ်တမ်းတင်ပေးနိုင်ပါတယ်။
(၃) အလင်းဖြင့်မှတ်တမ်းတင်စနစ်(Optical Mark Recognition – OMR) (ကျင့်သုံးသည့်နိုင်ငံများ- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အီရတ်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ..) အထူးပြုလုပ်ထားတဲ့ မဲလက်မှတ်ပေါ်မှာ မဲပေးသူရွေးချယ်တာကို စကင်ဖတ်စစ်ဆေးသောစနစ် (OMR systems)တပ်ဆင်ထားတဲ့စက်ဖြစ်ပြီး စာရွက်နဲ့မဲပေးတာကို အီလက်ထရောနစ်ရေတွက်ခြင်းဆိုပြီး စနစ်နှစ်ခုပေါင်းစပ်ထားတာဖြစ်ပါတယ်။
OMR စက်မှာတော့ အဆိုပါစက်က နားလည်ဖတ်ရှုနိုင်တဲ့ မဲစာရွက်ကိုသာ အသုံးပြုရပါမယ်။ အဲဒီစာရွက်ပေါ်မှာ ဘောပင် သို့မဟုတ် ခဲတံကို အသုံးပြုရပါတယ်။ ဒါမှလည်း ဆန္ဒမဲလက်မှတ်များကို OMR စက်က ဖတ်ရှုမှတ်သား၍ အလိုအလျောက် ရလဒ်များ တွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။
(၄) အင်တာနက်မဲပေးစနစ် (Internet Voting System ) (ကျင့်သုံးသည့်နိုင်ငံများ-ဩစတြေးလျနိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံ…) မဲပေးသူက အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာကိုသုံးပြီး မဲပေးရတာဖြစ်ပါတယ်။ အင်တာနက်မှတစ်ဆင့် မဲရေတွက်တဲ့ ဗဟိုကွန်ပျူတာဆာဗာဆီကို ပေးတဲ့မဲတွေ လွှဲပြောင်းပေးတဲ့စနစ်ပင် ဖြစ်ပါတယ်။ အင်တာနက်ကနေမဲပေးတဲ့ အားနည်းချက် တချို့ကတော့ ကွန်ပျူတာစနစ်အတွင်းသို့ဟက်ကာ(Hacker)တွေ ဝင်ရောက် နှောင့်ယှက်နိုင်ခြင်းနဲ့ အချက်အလက်ပျက်စီးနိုင်ခြင်း စတဲ့လုံခြုံရေးဆိုင်ရာပြဿနာများ ရှိနိုင်ပါတယ်။
နိုင်ငံတော်ရဲ့နိုင်ငံရေးခရီးလမ်းမှာ ဒီလိုအီလက်ထရောနစ်နဲ့မဲပေးစနစ်ကို ကျင့်သုံးခဲ့တာမရှိခဲ့ပါဘူး။ ဒါ့ကြောင့် မဲဆန္ဒရှင်ပြည်သူတွေ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ပညာပေးရေးအစီအစဉ်တွေ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ လတ်တလောထိတော့ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့ နေပြည်တော် ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီးတွေမှာ မဲဆန္ဒရှင်ပေါင်းတစ်သိန်းကျော်နဲ့ လက်တွေ့ဆောင်ရွက် နိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
ကျန်ရှိဒေသတွေမှာလည်း မဲပေးစနစ်နဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ ဆောင်ရွက်နေတာကို နေ့စဉ်ထုတ် သတင်းစာများမှာ တွေ့မြင်ဖတ်ရှုရပါတယ်။
မဲဆန္ဒရှင်များအတွက် မဲပေးစက်များ၏အကြောင်းအရာအကျဉ်း
မဲရုံတစ်ရုံမှာ ဆန္ဒပြုစက်(Ballot Unit-BU)၊ ထိန်းချုပ်စက် ( Control Unit-CU)၊ မဲပေးချက် ဖော်ပြသည့်စက် (Verification Unit – VU)ဆိုပြီး စက်သုံးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ ဆန္ဒပြုစက်မှာတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမယ့် ပါတီအလိုက် ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအမှတ်အသားတွေနဲ့ တစ်တန်းတည်းမှာ ခလုတ်တွေပါမယ်။
ထိန်းချုပ်စက်မှာတော့ မဲပေးခြင်းစတင်ပြီဆိုတာနဲ့ မဲရုံတာဝန်ရှိသူက မဲပေးခြင်းစတင်တဲ့ ခလုတ်ကို နှိပ်ပေးမယ်။ မဲပေးချိန်ပြီးဆုံး၍ မဲရုံပိတ်သိမ်းသည်နှင့် မဲပေးခြင်းပိတ်သိမ်း ခလုတ်ကိုနှိပ်ပြီး ပိတ်လိုက်မှာဖြစ်တယ်။ ဒီနောက်တော့ မဲလုံးဝထပ်ပေးလို့မရတော့တာပဲဖြစ်တယ်။ မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်မှာရှိတဲ့ Print ခလုတ်ကိုနှိပ်ပြီး မဲရလဒ်ကို Print ထုတ်ပြီး မဲရုံကိုယ်စားလှယ်တွေနဲ့ အများပြည်သူကို ပြသမှာပဲဖြစ်ပါတယ်။
မဲပေးချက်ဖော်ပြသည့်စက်ဆိုတာဘယ်လိုလဲ။
ဒီစက်က မဲဆန္ဒရှင်တွေနဲ့ မဲရုံတာဝန်ရှိသူတွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေရဲ့ကြားက ပွင့်လင်းမြင်သာမှုတစ်ခုပါပဲ။ ဒီစက်ဟာ မဲပုံးနဲ့မဲပေးချက်ကိုချပြနိုင်မယ့် ပရင်တာတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့စက်ပါပဲ။ ဆိုပါစို့။ မဲဆန္ဒရှင်ဟာ ဆန္ဒပြုစက်မှာ မဲပေးလိုက်မယ်။ ကိုယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်း အမည်၊ သင်္ကေတအတိုင်း စက္ကူဖြတ်ပိုင်းကို သုံးစက္ကန့်စက်ကထုတ်ပြမယ်။ အဲ့ဒီမှာ မဲဆန္ဒရှင်ဟာ ကိုယ်ရွေးချယ်တဲ့ကိုယ်စားလှယ်လောင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးနိုင်မှာပဲဖြစ်တယ်။ ပြီးတာနဲ့ အလိုအလျောက်စနစ်နဲ့ တွဲဆက်ထားတဲ့ မဲပုံးထဲကို မဲဖြတ်ပိုင်းဟာ လျှောကျသွားမှာပဲဖြစ်တယ်။ ဒီအချိန်ဟာ မဲဆန္ဒရှင်တစ်ဦးရဲ့မဲပေးမှု အောင်မြင်သွားပြီဆိုတာကို သိရမှာပဲဖြစ်တယ်။
အမှန်တရားနဲ့ မုသားဆိုသည်မှာ အမှန်တရားက ဖိနပ်စီးနေချိန်မှာ မုသားစကားက ကမ္ဘာပတ်ပြီးနေပြီလို့ ဆိုရပါမယ်။ အဖျက်ဆိုတာ ဘုရားရှင်လက်ထက်ကတည်းက ရှိနေပြီးသားပါပဲ။ လက်ရှိမှာလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစနစ်(Myanmar Electronic Voting Machine-MEVM) စက်တွေအပေါ် ထုံးစံအတိုင်း ဝေဖန်ပုတ်ခတ်မှုတွေ ဒုနဲ့ဒေးတွေ့နေရပြန်ပါတယ်။
သူတို့ဝေဖန်ပုတ်ခတ်ချက်တွေကို စာရေးသူလေ့လာကြည့်မိတယ်။ ဒါတွေကတော့ မဲရုံမှူးနဲ့ တာဝန်ရှိသူတွေက မဲရလဒ်တွေကို အပြောင်းအလဲလုပ်နိုင်တယ်ဆိုတာမျိုးတွေ၊ အရင်ရွေးကောက်ပွဲ တုန်းကမှ မဲလက်မှတ်တွေ မှန်၊ မမှန်ပြန်စစ်လို့ရတယ်ဆိုတာမျိုးတွေ၊ ဘယ်နည်းပညာနဲ့ တီထွင်တယ်လို့အသိမပေးဘူးဆိုတာမျိုးတွေ၊ ထိန်းချုပ်သူက အပြောင်းအလဲလုပ်လို့ရတယ်ဆိုတဲ့ ဝေဖန်မှုမျိုးတွေပါပဲ။ ဪ..
သူတို့က အဖျက်အမှောင့်ပဲ။ အဖျက်အမှောင့်အတွေးနဲ့ပဲ တွေးမှာပေါ့။
ခုလိုစက်နဲ့မဲပေးတဲ့စနစ်တွေမှာ နံပါတ်(၁)အနေနဲ့ ခွင့်ပြုချက်ဖြင့်သာ မဲပေးနိုင်ခြင်းဖြစ်ပါတယ်။ မဲရုံမဖွင့်ခင်မှာလည်း ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေကခန့်ထားတဲ့ မဲရုံကိုယ်စားလှယ်တွေက စက်တွေကို စမ်းသပ်စစ်ဆေးခွင့်ပေးထားပါသေးတယ်။ စက်ထဲမှာ အချက်အလက်ဘာမှမရှိတာတွေ၊ မဲပုံးထဲမှာ ဘာမှမရှိတာတွေကို အားလုံးစစ်ဆေးပြီးမှ မဲရုံစတင်ဖွင့်လှစ်ချိန်မှာ မဲရုံမှူးက မဲပေးခြင်းစတင်တဲ့on/off ခလုတ်ကိုနှိပ်ကာ မဲပေးခြင်းလုပ်ငန်းစဉ်ကို စတင်တာဖြစ်ပါတယ်။ ဒါတောင် မဲဆန္ဒရှင်တွေက မဲပေးလို့မရသေးပါဘူး။ နောက်တစ်ဆင့်အဖြစ် ထိန်းချုပ်စက်ကိုင်တဲ့ မဲရုံဝန်ထမ်းက မဲဆန္ဒရှင်တွေမဲပေးနိုင်ဖို့အတွက် မဲပေးခြင်းကိုခွင့်ပြုပေးတဲ့ Ballot ခလုတ်ကို နှိပ်ပေးမှသာ မဲပေးနိုင်မှာဖြစ်ပါတယ်။ (ဒါဟာ ခွင့်ပြုချက်မရှိဘဲ မဲပေးတာတွေ၊ မဲအရေအတွက်ကို လိုသလိုထည့်သွင်းတာတွေမလုပ်နိုင်အောင် ကာကွယ်ပေးထားတာဖြစ်ပါတယ်)၊ ထိန်းချုပ်စက်ကိုင်တဲ့ မဲရုံဝန်ထမ်းကလည်း ဒီစက်ကို နေရာရွှေ့လို့မရပါဘူး။ ခလုတ်နှိပ်ပြီး ခွင့်ပြုပေးတယ်ဆိုတာကလည်း အများမြင်သာတဲ့စားပွဲပေါ်မှာပဲ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါကိုလည်း ပါတီကိုယ်စားလှယ်တွေက ထင်သာမြင်သာစွာ စောင့်ကြည့်နေနိုင်ပါတယ်။ စက်တွေကို လုံခြုံရေးကြိုးတွေနဲ့ ချည်ထားပါသေးတယ်။
မဲပေးခြင်းလုပ်ငန်းစဉ်ပြီးလို့ မဲရုံပိတ်ပြီဆိုရင်လည်း မဲရုံမှူးဟာ ထိန်းချုပ်စက်မှာရှိတဲ့ မဲပေးခြင်းပိတ်သိမ်းတဲ့ on/off ခလုတ်ကို နှိပ်လိုက်တာနဲ့ နောက်ထပ်မဲပေးခြင်းလုပ်ငန်းတွေဟာ လုံးဝရပ်နားသွားပြီဖြစ်ပါတယ်။ (မဲပေးခြင်းစနစ်တစ်ခုလုံးကို ပိတ်ချလိုပြီဖြစ်တဲ့အတွက် မသမာမဲထပ်ပေါင်းခြင်း၊ မဲအရေအတွက် ပြောင်းလဲခြင်းတို့ကို မပြုလုပ်နိုင်တော့ပါဘူး။ မဲပေးခြင်းမပိတ်ခင်မှာလည်း စက်မှာ လူဘယ်လောက်မဲ ပေးထားတယ်ဆိုတာကို စစ်ဆေးပြီးမှ ပိတ်တာဖြစ်တဲ့အတွက် အဲ့ဒီအရေအတွက်ကိုလည်း ပါတီကိုယ်စားလှယ်တွေက သိနှင့်နေကြပါပြီ) မဲရုံပိတ်ပြီဆိုတာနဲ့ မဲရုံမှူးက မဲရုံကိုယ်စားလှယ်တွေရဲ့ ရှေ့မှောက်မှာပဲ ထိန်းချုပ်စက်က Print ခလုတ်ကိုနှိပ်ပြီး ရလဒ်စာရွက်ကို ချက်ချင်းထုတ်ပြမှာဖြစ်ပါတယ်။ မဲရုံမပိတ်ခင်မှာ စစ်ဆေးထားတဲ့ စုစုပေါင်းအရေအတွက်အတိုင်း မဲရလဒ်က ထုတ်ပြမှာဖြစ်ပါတယ်။ အဲဒီရလဒ်မှာ စက်နံပါတ်ရယ်၊ ရွေးကောက်ပွဲရက်ရယ်၊ ရလဒ်ကို ပရင့်ထုတ်တဲ့အချိန်ကို နာရီ၊ မိနစ်၊ စက္ကန့်အထိ ဖော်ပြထားလို့ နောက်ထပ် ဒီစက်နဲ့ရလဒ်ကို ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့စကားဟာ အလွန်ရယ်စရာ ကောင်းလှပါတယ်။ နောက်ပြီး လူတစ်ဦးမဲပေးလိုက်တိုင်း မဲပေးမှုကိုပြသပေးတဲ့ မဲပုံးထဲက ဆန္ဒမဲ ဖြတ်ပိုင်းတွေဟာ သက်သေခံစာရွက်တွေအဖြစ် ချိပ်ပိတ်သိမ်းဆည်းထားမှာဖြစ်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေဖြစ်လာလို့ ရေတွက်ဖို့လိုလာရင်လည်း အဲဒီဆန္ဒမဲဖြတ်ပိုင်းတွေကို ဖွင့်ဖောက်ရေတွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စနစ်ဟာ မဲပေးခြင်းစတင်ချိန်ကနေ ရလဒ်ထုတ်ယူ ချိန်အထိ မဲပေးဖို့ခွင့်ပြုချက်များ၊ မဲပေးခြင်းပိတ်သိမ်းမှုများ၊ လုံခြုံရေးအစီအမံများနဲ့ ပွင့်လင်း မြင်သာမှု ရှိသော မဲရေတွက်မှုများကို စနစ်တကျဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက် ဝေဖန်ပုတ်ခတ်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ မီဒီယာများပြောသကဲ့သို့ မဲရလဒ်များကို လိုသလိုချက်ချင်းပြောင်းလဲ၍ ရနိုင်မည်မဟုတ်ကြောင်း ပြည်သူများသိရှိနိုင်စေရန် ဗဟုသုတပါးလိုပါတယ်။
မဲလက်မှတ်နဲ့ပေးတုန်းက ပိုကောင်းတယ်ဆိုတဲ့ သူတို့အပြော။ ဒါဆိုရင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရဲ့ များစွာသော မဲစာရင်းကွာခြားချက်တွေကိုဖြေရှင်းဖို့ တရားဝင်နည်းလမ်းတကျ တောင်းဆိုခဲ့သော ပါတီများနဲ့ တပ်မတော်၏ ထုတ်ပြန်ချက်များကို အဘယ့်ကြောင့် လှည့်ပတ်ရှောင်နေရသလဲ၊ ကိုယ်မှန်နေရင် မဲမခိုးကြောင်း သက်သေနဲ့တကွပြပြီး စွပ်စွဲသမျှ အဖွဲ့အစည်းအားလုံးကို အရှက်ခွဲနိုင်တဲ့အပြင် မိမိတို့မှန်ကန်မှု ကမ္ဘာကျော်မယ့်အခွင့်အရေးကြီးကို လက်လွှတ်ခံကာ မှန်သည့်အတွက် ဖြေရှင်းစရာမလိုဟု မျက်စိစုံမှိတ်ငြင်းခဲ့ကြသလဲဟု ဒီဆောင်းပါးကတစ်ဆင့် မေးလိုပါတယ်။ မိမိတို့ကိုယ်တိုင်လည်း တိုးတက်ကောင်းမွန်အောင်မလုပ်နိုင်၊ တိုးတက်ကောင်းမွန်အောင် နည်းလမ်းများစွာဖြင့် အဖြေရှာ၍ ကြိုးစားနေကြသူများကိုလည်း ထိုင်အပြစ်တင်။ ဪ… သူတို့လုပ်တတ်ကြသည်မှာလည်း ဒါပဲရှိတာပါလားလို့ ဖြည့်တွေးပေးမိရင်း သနားစိတ်ပင်ဖြစ်မိပါသေးတယ်။
စကားကိုထိန်းပြောရရင် ဘယ်အစိုးရ မဲမသမာမှုပြုသလဲ၊ စကားကိုဒဲ့ပြောရရင် ဘယ်အစိုးရ မဲလိမ်မဲခိုးခဲ့သလဲဆိုတာ ပစ္စုပ္ပန်မှ ကျန်ခဲ့သောလေးနှစ်သို့ ပြန်လှည့်ကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်။ သူခိုးက လူပြန်ဟစ်တယ်ဟုသုံးနှုန်းရင် မယဉ်ကျေးရာကျပေဦးမယ်။ သို့ဖြစ်ပါ၍ အမှန်ကခါးသောအခါ မမှန်သူတို့သည် အခါးမကြိုက် မုသားလိုက်ကာ ဖြောင့်ဖြောင့်သွားနေသူတို့ကို လိမ်ဖည်လိမ်ဖည်နဲ့ လိုက်ငြိတွယ်နေဦးမည်သာဖြစ်တယ်။ အမှန်တရားနဲ့မုသား၊ သတင်းနဲ့ကောလာဟလကို မိဘပြည်သူအပေါင်းကွဲကွဲပြားပြားနားလည်နိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုပါတယ်။
မည်သို့ဆိုပါစေ … ယခုကျင်းပတော့မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကလည်း တစ်ရက်ထက် တစ်ရက် ပိုပိုနီးကပ်လာပါပြီ။ ရွေးကောက်ပွဲကျင်းပပေးပြီး ထွက်ပေါ်လာတဲ့ အစိုးရတစ်ရပ်ကို နိုင်ငံတော် တာဝန်လွှဲအပ်နိုင်ရေးဟာ အန္တိမရည်မှန်းချက် ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အားလုံးလည်း သိကြမှာပါ။ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ PDF အဖွဲ့တွေကိုတောင် ငြိမ်းချမ်းရေးအတွက် ကမ်းလင့်ကြိုဆိုခဲ့ပြီ ဆိုတာကိုလည်း မိဘပြည်သူ အပေါင်း သိနှင့်ပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တိုင်းရင်းသား ပြည်သူအပေါင်းကို ကောလာဟလတွေကို မယုံကြည်ဘဲ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ယုံကြည်စွာမဲပေးနိုင်ပါကြောင်း စာပန်းချီခြယ်မှုန်းရင်း တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်ဗျာ။ ။
MWD