ကြက်လည်ချောင်းစင်္ကြံ (သို့) အိန္ဒိယ ထိရှမခံနိုင်သော တောင်ကြားလမ်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်

Posted_Date

Image

ကြက်လည်ချောင်း စင်္ကြံ (သို့) အိန္ဒိယ ထိရှမခံနိုင်သော တောင်ကြားလမ်း နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်

Body

“နယူးဒေလီအနေဖြင့် “ကြက်လည်ချောင်းစင်္ကြံ” ဟု အများသိထားကြသည့် “ဆီလီဂူရီတောင်ကြားလမ်း” တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သင့်ကြောင်း ၊ ဒေသခံပြည်သူတို့လည်းပါဝင်သည့် အဆိုပါ လေ့ကျင့်မှုအတွက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ကို အသိပေးရမည်ဖြစ်ပြီး ယင်းနည်းလမ်း ဖြင့် အိမ်နီးချင်းနိုင်ငံကို ရှင်းလင်းပြတ်သားသည့် သတင်းစကားပေးပို့ရာ ရောက်ရှိလိမ့်မည်” ဟု အိန္ဒိယစစ်ရေးလေ့လာသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ပရာဒစ်ဘာလီက “ထရိုင်ဗြွန်း သတင်းစာ” ၌ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာရေးသားခဲ့ပါသည်။

ဆီလီဂူရီစင်္ကြံသည် အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသကို ဆက်သွယ် ပေးထားပြီး စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆက်သွယ်မှုများအတွက် အရေးပါသည့် ကုန်းလမ်း ဖြစ်ပါသည်။(၁၂)မိုင်မှ(၁၄)မိုင်ခန့်သာ ကျယ်ဝန်းပြီး အရှေ့မြောက်မှ အနောက်တောင် ခပ်စောင်းစောင်း မိုင်(၁၂၀)မျှ ရှည်လျားစွာတည်ရှိနေပုံအရ ‘ကြက်လည်ချောင်းစင်္ကြံ’ ဟု ခေါ်ဆို ကြခြင်းဖြစ်ပါသည်။ နိုင်ငံ့မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားသည့် နယ်မြေ သည် ထိုနေရာမှာ ရုတ်တရက်ကျဉ်းမြောင်းသွားသလိုဖြစ်နေပါသည်။ မြောက်ဘင်္ဂလားဒေသကို အာသံပြည်နယ်နှင့်ဆက်သွယ်ပေးထားပြီး၊ အနောက်ဘက်မှာ နီပေါနိုင်ငံ၊ မြောက်ဘက်မှာ ဘူတန် နှင့် တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်တို့က ဝန်းရံထားပါသည်။ အိန္ဒိယ-နီပေါနယ်စပ်ရှိ နာဇာဘာရီ နှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖန်ဆီဒီဝါတို့အကြား တောင်ကြားဟာ (၁၂) မိုင်သာရှိသည့် အတွက်အကျဉ်းဆုံးဟု ဆိုနိုင်ပါသည်။ နီပေါနိုင်ငံက ကာဘီတာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဂလာ ဘန်ဒါတို့အကြား ကုန်သွယ်ရေး ဘုံလမ်းကြောင်းသည် (၁၈)မိုင်ခန့်ရှိနေပြီး ဘူတန်နှင့် ဘင်္ဂလားဒေ့ရှ်ကြား အိန္ဒိယနယ်မြေ၏ အကျဉ်းဆုံးနေရာသည် (၂၇)မိုင်ရှိပါသည်။

အမှတ် (၁၇)နှင့် (၂၇) အဝေးပြေးလမ်းမကြီး၊ မီးရထားလမ်း ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းများနှင့် အမျိုးသားဓာတ်အားလိုင်းများ ဖြတ်သန်းသွားပြီး လေယာဉ်ကွင်း (၂)ခု မြို့ကြီး (၃)မြို့နှင့် အရေးကြီး စစ်ဌာနချုပ်များသည် အဆိုပါတောင်ကြား နယ်မြေအတွင်း တည်ရှိနေပါသည်။မြောက်ဘက် ဘူတန်နိုင်ငံ တောင်ပိုင်းသည် တရုတ်နိုင်ငံ ချမ်ဘီ ချိုင့်ဝှမ်းနှင့် (၂၅) မိုင်ခန့် ကွာဝေးပါသည်။ သို့သော် စင်္ကြံ၏ တောင်ဘက်တစ်လျှောက်လုံးက ဘင်္ဂလားဒေ့ရှ်နယ်စပ်မြစ်ဝှမ်း ဒေသဖြစ်နေပြီး တောင်ကုန်းများကြား တိုးဝင်နေသည့် ရွံ့နွံအတိဖုံးလွှမ်းရာဧရိယာဖြစ်နေပါသည်။

သုံးနိုင်ငံအကြား နယ်စပ်တစ်လျှောက် စောင့်ရှောက်ရမည့် အလုပ်သည် ဥပဒေမဲ့ ရွှေ့ပြောင်း နေထိုင်သူများ၊မှောင်ခိုသမားများ၏ ရန်ကိုကာကွယ်ရန်အတွက်ပင် အတော်ခက်ခဲနေပါပြီ။ အိန္ဒိယဘက်မှာရော ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ လူဦးရေ ပြွတ်သိပ်နေထိုင်ကြပါသည်။ (ရှိတ်ဟာဆီနာ ဖယ်ရှားခံရပြီးနောက်ပိုင်း) အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်၏ မငြိမ်သက်မှုနှင့် အကြမ်းဖက်မှု များက နယ်စပ်ကို ဖြတ်ကျော်ပြီး အထူးသဖြင့် ဆီလီဂူရီစင်္ကြံလမ်းမျိုးလို ထိရှလွယ်ဒေသများ အပေါ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ရောင်ပြန်ဟပ်နေပါသည်။ အဆိုပါဒေသ၏ မြေမျက်နှာ သွင်ပြင်နှင့် တည်ရှိနေပုံ ထူးခြားချက်က အဖျက်အမှောက် လုပ်ဆောင်လိုသူများအတွက် မျက်စိ ကျချင်စရာဖြစ်နေပြီး သမားရိုးကျမဟုတ်သည့် နည်းလမ်းများကို အလွယ်တကူ အသုံးချ နိုင်ပါသည်။
ဆီလီဂူရီချိုင့်ဝှမ်းအတွက် သာမန်သမားရိုးကျ ခြိမ်းခြောက်မှုတစ်ခုခုသည် အလွန်အမင်း ကြီးကျယ် လိမ့်မည်ဟု ထင်မှတ်စရာရှိပါသည်။ အကယ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)က ဘူတန်နိုင်ငံမှတစ်ဆင့် မြောက်ဘက်မှဖြစ်စေ ဘင်္ဂလားဒေ့ရှ်တပ်တွေက တောင်ဘက်မှဖြစ်စေ ဝင်ရောက်လာမည်ဆိုပါက တားဆီးရန်အတွက် အိန္ဒိယတပ်မတော်အနေဖြင့် ပုံမှန်မဟုတ်သည့် အခင်းအကျင်းမျိုးနှင့်စစ်ခင်းရပါလိမ့်မည်။ အမှန်တကယ် ခြိမ်းခြောက်မှုမှာ သမားရိုးကျမဟုတ်သည့် နည်းလမ်းအမျိုးမျိုး ရှိနေပါသည်။ဥပဒေမဲ့ ဖြတ်ကျော် ဝင်ရောက်မှုများ၏ များပြားလှသည့် အရေအတွက်က လူဦးရေ ပြောင်းလဲမှုကို အရှိန်မြှင့်ပေးနေပြီး၊ လူမျိုးရေးအရ ပုန်ကန်မှုများ နှင့် နယ်ခြားတစ်ဖက်မှ ထောက်ပံ့မှုများသည် လုံခြုံရေးဆိုင်ရာအမှန်တကယ်စိန်ခေါ်မှုများ ဖြစ်နေပါသည်။
ဘင်္ဂလားဒေ့ရှ်မှ ဥပဒေမဲ့ရွှေ့ပြောင်းနေထိုင်မှုများသည် အဆိုပါဒေသ၏လူမျိုးအရ ဖွဲ့စည်း တည်ရှိနေဟန်ကို ထိခိုက်စေခဲ့ပါသည်။ အလုပ်သမားများ၊ ပြည်တွင်းလုပ်သားများနှင့် နယ်စပ် ဖြတ်ကျော် မှောင်ခိုမှုများအပါအဝင် အငယ်စားစီးပွားရေးလုပ်ငန်းများ အသွင်နှစ်ပေါင်းများစွာ အုံဖွဲ့ထားသလို ရှိနေပါသည်။ အဆိုပါအချက်များ အားလုံးသည် အိန္ဒိယ၏ အရေးပါသည့် ဒေသတစ်ခုမှာ မငြိမ်သက်မှုများဖန်တီးပေးမည့်  လူသားအရင်းအမြစ်ကိုပံ့ပိုးပေးနေပါသည်။

အာသံနှင့် အရှေ့မြောက်ဖျားပြည်နယ်(၇)ခုသည် အလွန်ရှုပ်ထွေးများပြားလှသော လူမျိုးစု အသီးသီး တို့နေထိုင်ရာဖြစ်ပြီး တချို့လူမျိုးစုများသည် သီးခြားအုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေးရရှိရေး အတွက် နယူးဒေလီကို ပုန်ကန်တိုက်ပွဲဝင်နေကြပါသည်။ လူမျိုးစုအချင်းချင်း အဓိကရုဏ်း များလည်း မကြာခဏဖြစ်ပွားတတ်ပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် အာရူနာ ချယ်ပရာဒက်ရှ် ပြည်နယ်သည် တရုတ်နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားရာမှ နှစ်နိုင်ငံ စစ်တပ်များ ရန်စောင်နေရပါသေးသည်။ ပြည်တွင်းစစ်ပြင်းထန်နေသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင်များ၊ တရားမဝင် လက်နက်ရောင်းဝယ်မှု၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုများလည်း ရှိနေပါသည်။
ဆီလီဂူရီစင်္ကြံလမ်းသာ ပိတ်ဆို့ခံရလျှင် အိန္ဒိယ၏ ‘ညီအစ်မခုနှစ်ဖော်’ဟု လူသိများသည့် အရှေ့မြောက် ဝေးလံခေါင်ဖျားပြည်နယ်(၇)ခုသည် ကျန်အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်မှုပြတ်တောက် သွားနိုင်ပါသည်။ ထိန်းသိမ်းကာကွယ်ရန်အတွက် အိန္ဒိယအစိုးရအဆက်ဆက်က အထူးဂရုပြု နေရပါသည်။
အိန္ဒိယတိုက်ငယ် ကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီး (ဘာသာရေးအရ) တိုင်းပြည်အဖြစ် ပိုင်းခြားမယ့် (၁၉၄၇) ခုနှစ်မတိုင်မီနှင့် နောက်ပိုင်း၊ အရှေ့ဘင်္ဂလား (ယခု ဘင်္ဂလားဒေ့ရှ်)မှာ မွတ်စလင် အစွန်းရောက် အစ္စလာမ္မစ် ဝါဒ၏အားကောင်းသည့် လှိုင်းများက ခြေကုပ်ရနှင့်ပြီး ဖြစ်ပါသည်။ (၁၉၇၁) ခုနှစ် “ဘင်္ဂလားလွတ်လပ် ရေးလှုပ်ရှားမှု” သည် အဆိုပါ အစွန်းရောက် များကို ဖယ်ရှားနိုင်ခြင်းမရှိခဲ့ပါ။ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ရန် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ၏ အားထုတ်မှုကို ‘အော့ပရေးရှင်း ဆာ့ချ်လိုက်’ဖြင့် သွေးချောင်းစီး ဖြိုခွင်းခဲ့သည့် ပါကစ္စတန် စစ်တပ်သည် အရှက်ရဖွယ်အရေးနိမ့်ခဲ့ရပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသိအမှတ် ပြုသည့် ပါကစ္စတန် ခေါင်းဆောင် အလီဘူတိုကို (၁၉၇၄)ခုနှစ် ဒါကာက သူရဲကောင်းတစ်ဦး ပမာကြိုဆိုခဲ့ပါသည်။
(၂၀ဝ၁) ခုနှစ်မှ (၂၀ဝ၆)ခုနှစ်အထိ ခါလီဒါ ဇီယာအစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန် ထောက်လှမ်းရေးလွှမ်းမိုးမှု အထွတ်အထိပ်ကာလဖြစ်ခဲ့ပြီး၊ အစိုးရအဖွဲ့အတွင်း မွတ်စလင် အစွန်းရောက်များပါဝင်နေခဲ့ပါသည်။
‘‘ဟာကတ် အူလ်ဂျီဟဒ် အစ္စလာမ်မီ” အဖွဲ့သည် အိန္ဒိယ အကျိုးစီးပွားကိုပစ်မှတ်ထားသည့် အကြမ်းဖက် လုပ်ငန်းများကို ဗြောင်ကျကျလွတ်လပ်စွာ လုပ်ဆောင်ခဲ့ပါသည်။ ရှိတ်ဟာဆီနာ လက်ထက်မှာတော့ ဘုံရန်သူကို အာရုံစိုက်ခဲ့ပေမယ့် အားကောင်းလှသည့် အစ္စလာမ္မစ် သဘောထားအမြင်များကိုဖယ်ရှားနိုင်ခဲ့ခြင်း မရှိပါ။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအပြောင်းအလဲ  ဖြစ်ပေါ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ကြား နီးကပ်သော မဟာမိတ်ဖွဲ့မှုသည် နယ်နိမိတ်ချင်းဆက်စပ်နေသည့်ဒေသများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် မကောင်း သည့်နိမိတ်လက္ခဏာဖြစ်ကြောင်း၊ ရှိတ်ဟာဆီနာခေတ်နောက်ပိုင်းမှာ ဇက်ရဲလက်ရဲ ဖြစ်လာသော ဘင်္ဂလားဒေ့ရှ်အစွန်းရောက်များနှင့် ISIS ပါကစ္စတန် ထောက်လှမ်းရေးသည် အိန္ဒိယတိုက်ငယ် အတွင်း အကျိုးစီးပွားတူ ဆိုးသွမ်းဖက်များကို ရှာဖွေနေမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုထောက်ပံ့ရေးစခန်းများနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် အိန္ဒိယပိုင်နက်ကို မငြိမ်မသက်ဖြစ်စေလိမ့်မည်ဟု အိန္ဒိယအငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးက ရေးသားထားပါသည်။
ဘင်္ဂလားဒေရှ့် ဂျီဟတ်ဝါဒီများဟု သံသယဖြစ်ဖွယ် နယ်စပ်ကိုဖြတ်ကျော် ရေဒီယိုဆက်သွယ်မှု များကို မကြာသေးမီ အိန္ဒိယထောက်လှမ်းရေးက ကြားဖြတ်ဖမ်းယူနိုင်ခဲ့ပါသည်။အိန္ဒိယကိုဆန့်ကျင်ရန် အတွက် ပါကစ္စတန် ထောက်လှမ်းရေးနှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အလွယ်တကူ ရရှိနိုင်သည့် ဘင်္ဂါလီဒုက္ခသည်များနှင့် လူသစ်စုဆောင်းရေးစခန်းသည် အိန္ဒိယအတွက် အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးကိုစတင်ဖို့ ဖြစ်လာရပါသည်။

ဆီလီဂူရီစင်္ကြံ အပါအဝင် မိုင်ပေါင်း (၂၅၅၀) ရှည်လျားသည့် နယ်စပ်ကိုစောင့်ကြပ်ခြင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BSF က တာဝန်ယူရပါသည်။ပင်မလက်နက်ကိုင် ရဲတပ်ဖွဲ့များထဲ အရေအတွက် အများဆုံးဖြစ်ပြီး ကောင်းမွန်သည့်ဖွဲ့စည်းပုံနှင့် ခေတ်မီလက်နက်များ တပ်ဆင် ထား ပါသည်။ စင်္ကြံအနီးမှာ ဘင်္ဂလားဒေ့ရှ်စစ်စခန်း အနည်းငယ်ရှိပါသည်။ အဆိုပါနယ်မြေမှာ စစ်တပ်ရော နယ်ခြားစောင့်ရဲကင်းများပါရှိသင့်သော်လည်း BSF စခန်း တစ်ခုမှမရှိပါ။

လွန်ခဲ့သည့် ရက်သတ္တပတ် နယူးဒေလီမြို့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးချုပ်အဆင့် ဆွေးနွေးပွဲတုန်းက ကျန်ရှိနေသည့် နယ်နိမိတ်ဒေသများတွင် နယ်ခြား စောင့်ကင်းစခန်း တည်ဆောက်ခြင်း၊ အိန္ဒိယ နယ်ခြားဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ လှုပ်ရှားမှုများ၊ အိန္ဒိယကိုဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့များကို ထိန်းချုပ်ခြင်း၊ လက်နက်နှင့်မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်ခြင်းစသည့် အငြင်းပွားဖွယ်ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပါသည်။ သို့သော် အဆိုပါကိစ္စရပ် အားလုံး သည် မည်သည့် အကောင်အထည်မျှ ပေါ်လာခြင်းမရှိဘဲ ပြန်လည်ကြုံတွေ့ရမြဲ ပြဿနာများသာ ဖြစ်နေပါသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သည် တက်တက်ကြွကြွရှိသော်လည်း ဟိုဘက် ဒီဘက် တရားမဝင် ဘင်္ဂလားဒေ့ရှ်များနှင့် ၎င်းတို့ကိုစာနာသည့် အိန္ဒိယတို့နေထိုင်ရာ မြို့ရွာများ  အကြား ပိတ်မိသလိုခံစား နေရပုံပေါ်ပါသည်။ လူကုန်ကူး မှု၊ ကျွဲနွားမူးယစ်ဆေး မှောင်ခိုကိစ္စ များကို တားဆီးဖို့ ကြိုးစားတိုင်း ခါးခါးသီးသီး ပြုမူနေပါသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် စိုးရိမ်စရာကိစ္စရပ်အားလုံးကို အဓိကအာရုံစိုက်သင့်ပါသည်။ နယ်ခြားစောင့် တပ်ကို ပိုမိုအားထည့်ပြီး နယ်ခြားဆိုင်ရာမှုခင်းတွေမှာ ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်သင့် ပါသည်။ အိန္ဒိယအနေဖြင့်လည်း ကြက်လည်ချောင်းစင်္ကြံတစ်လျှောက် ဒေသခံများပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်သင့်ပြီး အဆိုပါလေ့ကျင့်မှုသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကိုလည်း အသိပေးခြင်းဖြင့် အိန္ဒိယ၏လုံခြုံရေးကာကွယ်ရေးနှင့် မတူညီသည့် ခြိမ်းခြောက်မှု များကိုဟန့်တားရန် ခိုင်မာသည့် စွမ်းရည်ရှိကြောင်း ရှင်းလင်းစွာပြသရလိမ့်မည်ဟု အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဒစ်ဘာလီက ဆိုပါသည်။