စစ်ရေးစစ်ရာ ပျို့လင်္ကာသုံးစောင်
Posted_Date
Image

Body
ကုန်းဘောင်ခေတ်စာဆိုအကျော် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် နန္ဒီသေနပျို့(၁၁၂၈ ခုနှစ်)သေနင်္ဂဗျူဟာပျို့(၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)တို့ကို ခေတ်အခြေအနေအခင်းအကျင်းနှင့် စစ်ရေးဆိုင်ရာလိုအပ်ချက်အရဖွဲ့ဆိုခဲ့သည်။
ပျို့သည် ကဗျာအမျိုးအစားထဲတွင် ရိုးရှင်းသောအဖွဲ့အနွဲ့ဖြစ်သည်။ ကာရန်ဖြင့်ချိတ်ဆက်ထားသော လေးလုံးစပ်တစ်ပါဒစီ၊ ပါဒပေါင်းများစွာ၊ ပိုဒ်ရေပေါင်းများစွာ ကန့်သတ်ချက်မရှိ လွတ်လပ်စွာဖွဲ့သီနိုင်သောအဖွဲ့တစ်မျိုးဖြစ်သည်။ ပျို့စာဆိုသည် သိမှတ်စရာအကြောင်းအရာများကိုသဒ္ဓါလင်္ကာရ၊ အတ္ထာ လင်္ကာရတို့ဖြင့် တန်ဆာဆင်၍ နှစ်သက်ဖွယ်ကောင်းအောင်ဖွဲ့ဆိုသော လေးလုံးစပ်လင်္ကာရှည်တစ်မျိုးဖြစ်သည်။
ပျို့ဟူလျှင် - နှစ်သက်ဖွယ်ကောင်းရမည်။သိမှတ်စရာအကြောင်းအရာများပါဝင်ရမည်ဟုဆိုထားရာ ဖော်ပြပါပျို့ဂုဏ်ရည်များသည် လက်ဝဲသုန္ဒရ၏ စစ်ပျို့သုံးစောင်တွင်ပြည့်လျှမ်းနေသည်။
ပျို့ကဗျာတွင် အရင်းခံကိုယ်ထည်ရှိသည်။ ကိုယ်ထည်ကိုတန်ဆာဆင်ရာတွင် စာဆို၏ဉာဏ်ရည်ဉာဏ်သွေးရှိသည့်အလျောက် ပိဋကတ်ကျမ်းဂန်ဂန္ထန္တရ၊ လောကအတွေ့အကြုံအတွေးအမြင်၊ အယူအဆတို့ ဖြင့် ပုံဖော်နိုင်သည်။ ခြယ်မှုန်းနိုင်သည်။ တန်ဆာဆင်နိုင်သည်။ သို့ဖြစ်ရာ ပျို့ကဗျာတွင် ပျို့ဆရာ၏စိတ်စေတနာနှင့် ခေတ်သရုပ်ကိုပါတွေ့မြင်နိုင်သည်။
ပျို့စာဆိုသည် မြန်မာ့သေနင်္ဂဗျူဟာအကြောင်းပြောချင်သောအခါ ဆီလျော်မည့်ဇာတ်ကိုရှာသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်လာ စူဠကလိင်္ဂဇာတ်ကိုတွေ့သည်။ ဇာတ်တော်ကိုပျို့အသွင်ဖန်တီးသည်။သေနင်္ဂနှင့်ပတ်သက်၍ပြောရန် ဇာတ်ကွက်နှင့်ဇာတ်ရုပ်ကိုရှာပြန်သည်။နန္ဒီသေနအမတ်ကြီးကိုတွေ့သည်။ နန္ဒီသေနအမတ်ကြီး၏ဇာတ်ရုပ်ကို မိမိခစားခဲ့သော၊ လေးစားကြည်ညိုရင်းရှိသော ကျေးဇူးရှင်အလောင်းမင်းတရားကြီး၏ စစ်ရည်စစ်သွေး၊ စစ်တွေးစစ်ကြံ၊ စစ်ဟန်စစ်ထုံးများဖြင့် ခြယ်မှုန်းလိုက်သည်။ ကိုယ်ပြောလိုသောစကားကို နန္ဒီသေနအမတ်ကြီး၏ အငှားပါးစပ်ဖြင့် ပြောခိုင်းလိုက်သည်။ ပြောခိုင်းလိုက်ရသော်လည်း စာဆိုမှာအားမရသေးပေ။ ဇာတကမှ ပျို့အဖြစ်ဖန်တီးရာတွင် ဇာတ်ကြောင်းကိုငဲ့နေရသဖြင့် ပြောချင်သည်များကျန်ရစ်နေပေသေးသည်။
ထို့ကြောင့် စစ်သူကြီးတို့လက်စွဲကျမ်းအနေဖြင့် သေနင်္ဂဗျူဟာပျို့ကိုရေးဖွဲ့ခဲ့သည်။ထိုပျို့တွင်မူ ဇာတ်လမ်းမပါ၊ ရသမနွှယ်ဘဲသုတသာကဲသည်။ စစ်ရေးဆိုင်ရာဆောင်ရန်ရှောင်ရန်များ မြန်မာ့သေနင်္ဂဆိုင်ရာမှတ်သားလိုက်နာဖွယ်ရာများကိုလမ်းညွှန်ထားသည်။ အာဂုံဆောင်လေ့ကျက်၍ စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ကျင့်သုံးရန် သတိပေးခဲ့သည်။
သေနင်္ဂဗျူဟာပျို့ဖွဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဗျူဟစက္ကိပျို့ကိုထပ်မံရေးဖွဲ့ပြန်သည်။ ဤပျို့ပါအချို့သောအကြောင်းအရာများသည်နန္ဒီသေနပျို့တွင်လည်းကောင်း၊ သေနင်္ဂဗျူဟာပျို့တွင်လည်းကောင်းပါဝင်ပြီးဖြစ်သည်။ သို့သော်...စာဆို၏စေတနာသည် ထိုပျို့နှစ်စောင်နှင့်အားမရ တင်းတိမ်၍မနေထပ်မံပေးလိုသေးသည်။ အသစ်အသစ်ပေါ်ထွန်းလာမည့် မြန်မာ့စစ်ရေးခေါင်းဆောင်များ၊ မြန်မာ့စစ်သွေးထက်သူများအတွက် မှာကြားလိုသေးသည်။ လမ်းညွှန်လိုသေးသည်။ ထို့ကြောင့်ဗျူဟစက္ကိပျို့တွင် သေနင်္ဂဗျူဟာရေးဖွဲ့စဉ်ကကဲ့သို့ အသေးစိတ်မရှင်းလင်းခဲ့ရသော စစ်ဖျက်ခြင်းခြောက်ပါးကို မြန်မာ့သမိုင်းလာတိုက်ပွဲစဉ်များဖြင့် ချိန်ထိုးညွှန်ပြသည်။ ယခင်ပျို့များတွင် လမ်းညွှန်ရန်ကျန်ရစ်ခဲ့သော စစ်ခေါင်းဆောင်များအတွက် စစ်ရေးလမ်းညွှန်တစ်စိတ်တစ်ဒေသကိုလည်းဖော်ပြပေးလိုက်သေးသည်။
သေနင်္ဂဗျူဟာစစ်သမိုင်း(၁၉၄၃ခုနှစ်)၏ဥယျောဇဉ်တွင် ထိုစဉ်ကသေနာပတိချုပ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက “ယခုခေတ်ပြောင်းခေတ်လွဲအခြေအနေအမျိုးမျိုးကိုထောက်ကာ ရှေးကရှိသည့်သေနင်္ဂဗျူဟာကျမ်းအမျိုးမျိုးကိုလေ့လာထိုက်သည်သာတည်း . . . ”ဟုတိုက်တွန်းခဲ့သည်သာမက မြန်မာ့စစ်သေနင်္ဂဗျူဟာနှင့် ခေတ်သစ်သေနင်္ဂဗျူဟာကို ချိန်ထိုးပြခဲ့သည့်သာဓကရှိခဲ့ပေသည်။
ရှေးပဝေသဏီကတည်းက အခြေတည်ခဲ့သော မြန်မာတို့သည် ပထမမြန်မာနိုင်ငံတော်-ပုဂံခေတ်မှသည် ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်အထိ စစ်ရေးအသွင်၊ စစ်ရေးအမြင်များဖြင့်သာ နိုင်ငံတော်ကိုတည်ထောင်ခဲ့သည်မဟုတ်။ အမျိုးဘာသာသာသနာနှင့် နိုင်ငံတော်ကိုချစ်မြတ်နိုးသောစစ်သွေးတို့ဖြင့်ပါ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
“ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ ခွာ၍မတွန့်” အသက်စွန့်ဝံ့သူများဖြစ်သည်။
“မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဉ်၊ သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်တမက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်တိုက်မည့်”သူများလည်းဖြစ်ကြသည်။
ဗြိတိသျှတို့၏သိမ်းယူမှုမှလွဲ၍ တိုင်းတစ်ပါးသားတို့၏ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ခြင်းမှာလည်း စစ်မှန်သောစစ်သွေးတို့ဆူဝေနေသည့် ခိုင်ကျည်သောမြန်မာ့စိတ်ဓာတ်ကြောင့်ဖြစ်ပေသည်။
ဗြိတိသျှတို့သည် မြန်မာပြည်ကို အလွယ်တကူသိမ်းယူသည်ဟုဆိုရမည်ဖြစ်သော်လည်း မြန်မာ့မျိုးချစ်တော်လှန်ရေးသမားတို့၏ နေရာအနှံ့အပြားမှ အုံကြွတော်လှန်မှုကိုကား ခက်ခက်ခဲခဲနှိမ်နင်းခဲ့ရသည်။ စစ်စရိတ်ကုဋေချီကာသုံးစွဲခဲ့ရသည်။ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်၌လူ ၂၉၀၂ ဦးတွင် ပုလိပ်တစ်ဦးအချိုးဖြင့် တာဝန်ယူထိန်းသိမ်းနေချိန်တွင် အထက်မြန်မာနိုင်ငံ၌ လူ ၁၇၃ ဦးတွင် ပုလိပ်တစ်ဦးတာဝန်ယူနေရသည်မှာ စစ်ရည်စစ်သွေးပြည့်ဝနေသော မြန်မာတို့၏သူ့ကျွန်မခံလိုသော နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမည်မျှပြင်းထန်သည်ကိုထင်ရှားစေခဲ့သည်။
ထို့ပြင် မြန်မာမျိုးချစ်တပ်မတော်သားတို့သည် ဖက်ဆစ်ဂျပန်တို့ထံမှစစ်ပညာသင်ကြားခွင့်ရရှိသောအခါတွင် သင်ကြားပေးသည့်စစ်နည်းဗျူဟာများမှာ ချီစစ်၊ ထိုးစစ်နှင့်ဖျက်စစ်များကိုသာသင်ကြားပေးသည်။ခွာစစ်နှင့်ခံစစ်အားလုံးဝမသင်သဖြင့် သေနင်္ဂဗျူဟာပျို့နှင့် ဗျူဟစက္ကိပျို့တို့မှ စစ်ပညာများနှင့် မြန်မာ့စစ်သမိုင်းမှ ခွာစစ်နှင့်ခံစစ်ကိုလေ့လာယူခဲ့ရပြီး မြန်မာ့ရိုးရာစစ်ပညာများဖြင့် ဖက်ဆစ်ဂျပန်တို့အား မြန်မာ့မြေပေါ်မှမောင်းထုတ်နိုင်ခဲ့ကြောင်း သုတေသီရာမညကိုကိုနိုင်ဝန်ခံခဲ့သည်။
စင်စစ်သော်ကား မြန်မာ့ရိုးရာစစ်ပညာသည် စစ်ရေးအပြင် စစ်ရေးအခင်းအကျင်းအစီအရင်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ လူမှုစီးပွားဘဝတွင်ပါ လက်တွေ့ကျကျကျင့်သုံးနိုင်သော လုပ်ငန်းလမ်းညွှန်ချက်များဟုမှတ်ယူအပ်သည်။
စာဆိုတော်လက်ဝဲသုန္ဒရ၏ စစ်ပျို့များနှင့်ရှေးပညာရှင်တို့၏စစ်ကျမ်းများလာ စစ်ရေးအစီအစဉ်များကိုလည်းကောင်း၊ စစ်ခေါင်းဆောင်တို့ထားရှိအပ်သည့်စိတ်ဓာတ်နှင့် စစ်သူတို့ကျင့်ဆောင်အပ်သည့် ခံယူချက်များကိုလည်းကောင်း မည်သည့်လုပ်ငန်းတွင်မဆို လိုက်နာကျင့်သုံးနိုင်သဖြင့် မြန်မာ့ရိုးရာစစ်ပညာသည် ယနေ့တိုင်မရိုးနိုင်သောမြန်မာရှိသရွေ့တည်တံ့နေမည်ဖြစ်သော လမ်းညွှန်ချက်များသာဖြစ်ပေတော့သည်။
နှစ်ပေါင်းထောင်ချီ၍ စစ်ပညာစစ်အတတ်ကိုအလေးထားဆည်းပူးတတ်မြောက်ခဲ့ကြသော မိမိတို့မြန်မာများသည် အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ဖျက်လိုဖျက်ဆီးသိမ်းပိုက်ခြယ်လှယ်ချင်သော ရန်စွယ်အန္တရာယ်ကြီးတွေကို ကြိုတင်တွက်ဆတတ်ရပေလိမ့်မည်။ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲရသည့် “ပြည်သူ့စစ်မဟာဗျူဟာ”ကို အစဉ်တစိုက်ကျင့်သုံးခဲ့သော နိုင်ငံသားများအနေဖြင့် စစ်ရေးသတိရှိအပ်လှသည်။
ဗျူဟစက္ကိ-ဟူသောအမည်နှင့်လိုက်လျောအောင် ဖော်ကျူးခဲ့သည်မှာ စစ်မဟာဗျူဟာ၂၉ ပါးပင်ဖြစ်သည်။ ဤဗျူဟာများကိုတစ်ပါးချင်းဖွင့်ဖော်ရှင်းပြထားသည့် စာဆို၏စေတနာ၊ စာဆို၏ကျေးဇူးမှာ နောက်လာမြန်မာ့စစ်သွေးသစ်တို့အတွက် တန်ဖိုးကြီးမားလှပေသည်။
စာဆိုသည် နန္ဒီသေနပျို့ (၁၁၂၈ခုနှစ်)ကိုရှေးဆရာတို့မစပ်ဆို၍စပ်ဆိုရကြောင်း၊ သေနင်္ဂဗျူဟာပျို့ (၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)ကို စစ်ရေးဆိုင်ရာလိုအပ်ချက်အရ ဖွဲ့သီရကြောင်းသက်ဆိုင်ရာပျို့များတွင် ဖော်ပြထားသည်။ စာဆို၏စေတနာတန်ဖိုးကိုထိုခေတ်၏အခြေအနေနှင့်ယှဉ်ထိုး၍ တွက်စစ်နိုင်သည်။
စာဆိုသည် တနင်္ဂနွေမင်း (၁၀၇၆-၁၀၉၅)လက်ထက်တွင်ဖွား၍ ဟံသာဝတီပါမင်းတရား (၁ဝ၉၅- ၁၁၁၃) လက်ထက်တွင် လူလားမြောက်ခဲ့သည်။ ဆယ်နှစ်ကျော်အရွယ်ကတည်းက ကသည်းတို့၏ ကျူးကျော်စစ်နှင့်ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် မွန်-မြန်မာတိုက်ပွဲများ၊ ကွေ့-ဂုဏ္ဏအိန်၏ပုန်ကန်မှုများကြောင့် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ကိုးသိန်းရှင်ထံခစားရသည့်အခါတွင်မူ စစ်ရေးစစ်ရာတို့နှင့်လုံးထွေးနေခဲ့ရတော့သည်။
အင်းဝပျက်ပြီး ကုန်းဘောင်ခေတ်ထူထောင်သောအခါ အလောင်းမင်းတရားကြီး (၁၁၁၄-၁၁၂၂) ၏အပါးတော်တွင် အမှာတော်ရေးအဖြစ် တတိယမြန်မာနိုင်ငံတော်ထူထောင်ရေးစစ်ပွဲများ၊ မဏိပူရ၊အာသံနှင့်ယိုးဒယားတို့သို့ချီသောဘုန်းတန်ခိုးပြစစ်ပွဲများနှင့် နဖူးတွေ့ဒူးတွေ့ဆုံကြုံခဲ့ရသည်။ ထို့ကြောင့်လည်း မင်းတရားကြီး၏စစ်ရေးစွမ်းရည်တို့ကိုလေ့လာမှတ်သားနိုင်ခဲ့သည်။
နောင်တော်ကြီး (၁၁၂၂-၁၁၅၁)လက်ထက်တွင် မင်းခေါင်နော်ရထာအရေး၊ တောင်ငူစားသတိုးသင်္ခသူအရေး စသည့်ပြည်တွင်းရေးအပြင် ပြည်ပစစ်ဖြစ်သည့် ဇင်းမယ်အရေးနှင့်လည်းဆုံကြုံခဲ့ရသည်။
ဆင်ဖြူရှင်(၁၁၂၅-၁၁၃၈)လက်ထက်ကား မြန်မာတို့စစ်တံခွန်လွှားသောခေတ်ဖြစ်သည်။ ဘုန်းတန်ခိုးပြစစ်ပွဲများဖြစ်သော ယိုးဒယား၊ မဏိပူရ၊ အာသံသို့စစ်ချီတိုက်ခိုက်မှု၊ တရုတ်တို့၏ကျူးကျော်စစ်ကိုတွန်းလှန်မှုတို့နှင့်ကြုံတွေ့ခဲ့ရပြန်သည်။
ထိုမျှပင်မကသေးပါ။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၁)လက်ထက် ရခိုင်သို့ချီသည့် ပြည်တွင်းစစ်၊ ယိုးဒယားနှင့် အာသံသို့ချီသည့် ပြည်ပစစ်တို့နှင့် ဆူဆူဝေဝေနေရာ ကုန်းဘောင်ခေတ်ဦးသို့မဟုတ်ပျို့စာဆို၏သက်တမ်းတစ်လျှောက်သည် စစ်ရေးမက်ရေးတို့ဖြင့် ရောထွေးယှက်တင်နေခဲ့ပေသည်။
စစ်ရေးနှင့်ကြုံရသဖြင့် စစ်သဘောကိုသိရှိခဲ့သည်။ စစ်အရေးစစ်အမြင်များကြွယ်ဝလာသည်။ အထူးသဖြင့် အလောင်းမင်းတရားကြီး၏ စစ်ရေးအစီအရင်၊ စစ်ရေးအမြင်တို့ ရင်ဝယ်စွဲငြိခဲ့သည်။ စစ်ရေးအောင်မြင်မှုများကို ပြန်ပြောင်းသုံးသပ်လေလေ မင်းတရားကြီး၏စစ်ရေးပရိယာယ် ကြွယ်ဝမှုကို အံ့ချီးမဆုံးဖြစ်ရလေလေ ခံစားလာမိသည်။ မြန်မာ့သေနင်္ဂဗျူဟာအပေါ်တန်ဖိုးထားကာ ဂုဏ်ယူဝင့်ကြွားလိုစိတ်များတဖွားဖွားပေါ် ပေါက်လာသည်။ မိမိကဲ့သို့ပင် စစ်သွေးလုလင်တို့ ဂုဏ်ယူဝင့်ကြွားတန်ဖိုးထားကာ လေးစားလိုက်နာကျင့်သုံးစေလိုသောစေတနာဖြင့် စစ်ပျို့များကိုရေးဖွဲ့ခဲ့ခြင်းဖြစ်ပေသည်။
ပျို့စာဆိုနှင့် ရှေးခေတ်ပညာရှင်တို့ကျေးဇူးကြောင့် ကမ္ဘာဇမ္ဗူမြန်မာလူတို့စစ်ရေးစွမ်းရည်ထက်မြက်ခဲ့ကြသည်။ကျမ်းအသီးသီးလာစစ်ပညာအရပ်ရပ်ကို တိုက်ရင်းလေ့လာ လေ့လာရင်းတိုက်ခဲ့ကြသဖြင့်စစ်ရည်ဝခဲ့ကြသည်။ ကျမ်းအဆိုကိုအခြေခံ၍ လက်တွေ့သရုပ်မှန်နှင့်ပေါင်းစပ်ညှိနှိုင်းလိုက်သောအခါ မြန်မာ့နည်းမြန်မာ့ဟန်အပြည့်အဝရှိသော မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီဆီလျော်သောမြန်မာ့စစ်ပညာရပ်တို့ တိုးပွားများပြားလာခဲ့ရသည်။
မြန်မာ့ရိုးရာစစ်ပညာကို နည်းနိဿယအဟောင်းအမြင်းအဖြစ် မစွန့်ပစ်ပယ်လိုက်ပေ။ ဟောင်းပင်ဟောင်းသော်လည်း အကောင်းတွေများစွာရှိသည်။ ခေတ်ကာလနှင့် လူမှုဘဝအပြောင်းအလဲကြောင့် အသွင်သဏ္ဌာန်ပြောင်းသော်လည်း အနှစ်သာရမပြောင်း။ အမည်နာမပြောင်းသော်လည်း မူဝါဒမပြောင်း၊ စစ်ရေးအသွင်ပြောင်းသော်လည်း စစ်ရေးအမြင်ကားမပြောင်း။
- သံတမန်ရေးအရဝိုင်းပယ်ခြင်း
- နိုင်ငံရေးအရဖိအားပေးခြင်း
- အဖျက်လုပ်ငန်းများအားပေးခြင်း
- လုပ်ကြံဝါဒဖြန့်သိက္ခာချစော်ကားသော ရေဒီယို၊ ရုပ်သံ၊ စာနယ်ဇင်းတို့ဖြင့် ထိုးနှက်ပုတ်ခတ်ခြင်း၊ သွေးခွဲခြင်း၊ အမှန်အမှားရောမွှေ၍စိတ်လှုပ်ရှားအောင်ဆွခြင်း
- သူလျှိုဒလန်မွေးမြူလျက် အဖျက်အမှောင့်လုပ်ငန်းများထိုးဖောက်လုပ်ဆောင်ရန်ကြိုးစားခြင်း
- စစ်ရေးအရအနှောင့်အယှက်ပေးခြင်း - ကုန်သွယ်ရေးအရတားမြစ်ပိတ်ပင်ခြင်း အစရှိသဖြင့် မိမိနိုင်ငံတော်၏အကျိုးစီးပွားကိုပျက်ပြားအောင် ထိပါးနှောင့်ယှက်ဟန့်တားသူမှန်သမျှကို ထိထိမိမိပြင်းပြင်းထန်ထန် တုံ့ပြန်ချေမှုန်းနိုင်စွမ်းရှိရမည်။
အလုံးစုံသော သေနင်္ဂဗျူဟာအတတ်ပညာဟူသမျှအားလုံးတို့သည် “လှည့်စားခြင်း” အပေါ် အခြေခံသည်ဟူသော သဘောတရားနှင့်အညီ ရန်သူသည် လှည့်စားဖြားယောင်းခြင်းအမျိုးမျိုးဖြင့် မိမိတို့နိုင်ငံသားများကို ဖြိုခွဲလျက်ရှိနေ၏။ ကောင်းစေလိုဟန်ဆောင်လျက် ပျက်ပြားအောင်ဖျက်ဆီးနေ၏။ နိမ့်ကျအောင်ဖိနှိပ်နေကြ၏။ ကြောက်လန့်အောင်ခြိမ်းခြောက်နေ၏။ စစ်သဘောတရားကို နားမလည်သူအချို့တို့ကမသိ။ အငိုက်မိကာရန်သူ့အလိုအကြိုက်သို့လိုက်ပါမိတတ်၏။ ထို့ကြောင့် စစ်ပရိယာယ်ကိုနားလည်ရန်လိုအပ်မည်ဖြစ်၍ အမိနိုင်ငံတော်ကိုအဓွန့်ရှည်စွာခိုင်မာတည်တံ့ရေးအတွက် ရှေးရှေးသောမြန်မာလူငယ်များကဲ့သို့ပင် သေနင်္ဂဗျူဟာအတတ်ပညာကို စိတ်ပါဝင်စားသင့်ပါကြောင်း ဆရာချစ်နိုင်(စိတ်ပညာ)က ကောင်းသောအကြံ မှန်သောအကျင့် သင့်သောအယူဖြစ်ရေး လမ်းညွှန်ပေးခဲ့သည်။
စာဆိုတော်လက်ဝဲသုန္ဒရ၏စစ်ပျို့သုံးစောင်ကိုလေ့လာရာတွင်ပျို့စာကိုယ်ပါစစ်ရေးဆိုင်ရာအကြောင်းအရာများအစီအရင်များနှင့်ဆက်နွှယ်၍ မြန်မာ့သမိုင်းကြောင်းလာစစ်ရေးဖြစ်စဉ်များကိုလည်းသက်ဆိုင်ရာ ရာဇဝင်ကျမ်းများ၊ အရေးတော်ပုံကျမ်းများမှကောက်နုတ်ဖော်ပြခဲ့ခြင်းမှာ မြန်မာတို့၏စစ်ရေးအသွင်၊ စစ်ရေးအမြင်နှင့်စွေးစွေးနီသောမြန်မာ့စစ်သွေးတို့ကို သိရှိခံစားနားလည်စေလို၍ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆင့်မြင့်မားသည့် မြန်မာ့ဂန္ထဝင်စာပေများကို ခံစားသိတတ်၊ ခံယူတတ်ရန်ရည်ရွယ်သည်။
ဤစစ်ပျို့သုံးစောင်လေ့လာချက်ကျမ်းစာပေကိုလေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သောစစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်မြဲမြံခိုင်ကျည်သော “ကမ္ဘာဇမ္ဗူ မြန်မာလူ”များပေါ်ထွန်းလာရမည်မှာမလွဲပေတည်း။ ။
Source: https://myawady.net.mm/stories