အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၆)

Posted_Date

Image

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၆)

Body

အကြမ်းဖက်အဖွဲ့များ၏ မဟာဗျူဟာများအား လေ့လာခြင်း

ယနေ့ခေတ်တွင် နိုင်ငံအသီးသီး၌ ပုံစံမျိုးစုံဖြင့်အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေကြပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင် နိုင်ငံတိုင်းလိုလိုတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား တတ်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးသည် နိုင်ငံတိုင်း၏ ဦးစားပေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါသည်။ အကြမ်းဖက်နှိမ်နင်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အကြမ်းဖက်သမားများ ကျင့်သုံးတတ်သည့် မဟာဗျူဟာများကို ကောင်းစွာသိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ အကြမ်းဖက်အဖွဲ့များကိုတန်ပြန်နိုင်ရန် လိုအပ်သော မဟာဗျူဟာနှင့် နည်းဗျူဟာများကို မှန်ကန်စွာချမှတ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့များအသုံးပြုတတ်သည့် မဟာဗျူဟာများနှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးသွားပါမည်။ 

အကြမ်းဖက်အဖွဲ့များ အသုံးပြုတတ်သည့် မဟာဗျူဟာများအနက် ပထမဆုံးဆွေးနွေး လိုသည့်မဟာဗျူဟာမှာ ချွေစစ် (attrition) ဖြစ်ပါသည်။ ချွေစစ်ဆိုသည်မှာ များသောအားဖြင့် မိမိအင်အားနည်းနည်းဖြင့် ရန်သူ၏စစ်သည်များကို တိုက်ခိုက်ခြင်း၊ ပစ္စည်းများကိုဖျက်ဆီး ခြင်းဖြင့် ရန်သူကိုဖြေးဖြေးချင်းအားနည်းအောင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လုံခြုံရေးအဖွဲ့အစည်းများ စိတ်ဓာတ်ပျက်ပြားလာပြီး အစိုးရအနေဖြင့်လည်း လုံခြုံရေးအတွက်ပိုမိုသုံးစွဲလာရကာ အခြားတစ်ဖက်တွင် လူထုအနေဖြင့်လည်း ထိုသို့လုံခြုံရေးတွင် များစွာရင်းနှီးမြှုပ်နှံရသည်မှာ တန်ပါ၏လော၊ ထိုဒေသကို အကြမ်းဖက်အဖွဲ့ လက်ထဲအပ်ခဲ့ပြီး အိမ်ပြန်သည်က ပိုမကောင်းလောဟု မေးခွန်းထုတ်လာကြပါသည်။ 

ထိုနေရာတွင် အောင်မြင်မှုသည် အကြမ်းဖက်အဖွဲ့က ဆန့်ကျင်တိုက်ခိုက်နေသော အစိုးရအပေါ်တွင် မူတည်ပါသည်။ ပထမဆုံးအချက်မှာ အစိုးရအနေဖြင့် လူထုထင်မြင်ချက်ကို မည်မျှအလေးထားသနည်း ဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ အာဏာရှင်အစိုးရဆိုပါက လူအများ အပြားသေကြေပျက်စီးရသည်ကို လျစ်လျူရှုပြီး အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ပါသည်။ ဒုတိယမေးခွန်းမှာ အကြမ်းဖက်အုပ်စုက ဆန့်ကျင်တိုက်ခိုက်နေသည့် အစိုးရအတွက် ထိုဒေသ /နိုင်ငံသည် မည်မျှအရေးပါသနည်းဆိုသည်ပင်ဖြစ်ပါသည်။ ဥပမာ လက်ဘနွန်မှ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အမေရိကန်တပ်ဖွဲ့များထွက်ခွာသွားစေရန် အကြမ်းဖက်သမားများက အမေရိကန်တို့ကို တိုက်ခိုက်လျှင် အမေရိကန်အနေဖြင့် လက်ဘနွန်ကို သိပ်ဂရုမစိုက်သဖြင့် အလွယ်တကူ ထွက်သွားနိုင်ပါသည်။ သို့သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်ခြင်းကဲ့သို့ အလွန်နက်ရှိုင်းပြီး အခြေခံကျသည့်အချက်ကို အလိုရှိပါက အလွန်တရာ ခက်ခဲမည်ဖြစ်ပါသည်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် ချွေစစ်မဟာဗျူဟာကို စွဲစွဲမြဲမြဲကျင့်သုံးနိုင်ရေးတွင် အဓိက ပြဿနာတစ်ခုမှာ ၄င်းတို့အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်ခြင်းဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့ထက် လူအင်အား၊ လက်နက်အင်အား များစွာသာလွန်သည့် အစိုးရ၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံနေရချိန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လုပ်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် အကြမ်းဖက် အဖွဲ့၏အကြမ်းဖက်တိုက်ခိုက်မှုများသည် ၄င်းတို့ဦးဆောင်မှုရလိုသည့် လူထုကြားတွင် များသော အားဖြင့် လူကြိုက်များခြင်းမရှိပါ။ အကြမ်းဖက်အဖွဲ့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အခြားဖက်မှအပြစ်မဲ့သူများကိုသတ်ပစ်ရန် လိုအပ်ခြင်း ရှိ/မရှိ လူထုက မေးခွန်းထုတ် တတ်ပါသည်။ 

အောင်မြင်သော ချွေစစ်မဟာဗျူဟာဥပမာတစ်ခုမှာ အိုင်းရစ်ရီပတ်ပလီကင် တပ်မတော် (IRA) ဖြစ်သည်။ ၂၀ ရာစုတစ်လျှောက်တွင် IRA သည် ပုံစံတစ်မျိုးမဟုတ် တစ်မျိုးဖြင့်တည်ရှိ ခဲ့ပြီး ၁၉၆၀ ပြည့်လွန်ကုန်ခါနီးနှစ်များတွင် ၄င်းတို့သည် အိုင်ယာလန်မြောက်ပိုင်းတွင် အကြီး အကျယ်လှုပ်ရှားခဲ့ပါသည်။ IRA သည် အိုင်ယာလန်မြောက်ပိုင်းမှ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှ သင်္ကေတအမှတ်သရုပ်များကို ပုံမှန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ အနေဖြင့် အိုင်ယာလန်မြောက်ပိုင်းတွင် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ချထားခဲ့ရပြီး အကြမ်းဖက်မှုများ အမြင့်မားဆုံးအချိန်တွင် စစ်သည် ၂၀,၀၀၀ အထိ တပ်ဖြန့်ချထားခဲ့ရပါသည်။ IRA ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Martin Mc- Guinness က “ဗြိတိသျှတွေ ထွက်မသွားမချင်း ကျွန်တော်တို့ ဆက်ပြီးတိုက်နေမှာပဲ” ဟု ပြောကြားခဲ့ပါသည်။ ၄င်းသည် IRA မဟာဗျူဟာ ကို အတိုဆုံး၊ အရှင်းဆုံး ဖော်ပြခြင်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ် ဆောင်နေပါက ဗြိတိသျှတို့အနေဖြင့် အိုင်ယာလန်အပေါ် ၄င်းတို့သဘောထားကို ပြန်လည် စဉ်းစားသုံးသပ်ပြီး နည်းလမ်းရှာလာမည်ဟု IRA က ယုံကြည်ထား၍ ဖြစ်ပါသည်။ နောက်ဆုံးတွင်  ဗြိတိသျှခေါင်းဆောင်များက စစ်ရေးနည်းလမ်းဖြင့် IRA ကို အမြစ်မဖြတ်နိုင်ဟု နားလည်လာပြီး ပဋိပက္ခကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခြင်းသာဖြစ်သည်ဟု လက်ခံကာ စေ့စပ်ညှိနှိုင်းမှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ဖြင့် IRA သည် ၄င်း၏ရည်မှန်းချက်အားလုံး ထမြောက်အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ရည်မှန်းချက် အချို့ အောင်မြင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

အကြမ်းဖက်အဖွဲ့များအသုံးပြုသည့် ဒုတိယမဟာဗျူဟာမှာ အဖွဲ့ငယ်အဆင့်မှ ပိုမိုကြီးမားသည့် သောင်းကျန်းသူအဖွဲ့အစည်းများ (insurgent organization) တည်ဆောက်ပြီး ပျောက် ကျားစစ်ဆင်နွှဲခြင်းဖြစ်ပါသည်။ အကြမ်းဖက်ဝါဒနှင့် ပုန်ကန်သောင်းကျန်းမှု (insurgency) တို့အကြား ကွဲပြားခြားနားမှုများရှိသော်လည်း အကြမ်းဖက်အဖွဲ့များသည် မကြာခဏဆိုသလိုပင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ပိုမိုကြီးမားသော သောင်းကျန်းသူအဆင့်သို့ ကူးပြောင်းလေ့ ရှိပါ သည်။ ထင်ရှားသော အကြမ်းဖက်အဖွဲ့များဖြစ်သည့် လက်ဘနွန်မှ ဟစ်ဇဘိုလာ၊ တူရကီမှ PKK ၊ ပီရူး မှ Shining Path စသောအဖွဲ့များသည် အကြမ်းဖက်မှုကိုလည်းအသုံးပြုသော သောင်းကျန်းသူအဖွဲ့များဖြစ်သည်။ သောင်းကျန်းသူများ၏ ရည်ရွယ်ချက်မှာ အစိုးရက မဖြစ် မနေတုန့်ပြန်လာစေရန် အဆက်မပြတ်တိုက်ခိုက်မှုများပြုလုပ်ပြီး ဖိအားပေးရန်ဖြစ်ပါသည်။ 

အစိုးရများအနေဖြင့် များသောအားဖြင့် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အကြမ်းဖက်အဖွဲ့သက်သက်ကိုထက် ယေဘုယျအားဖြင့် လူထုတစ်ရပ်လုံး အပေါ်တုန့်ပြန်လေ့ရှိပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ မည်သူ၊ မည်ဝါ ဖြစ်သည်ဟု တိတိကျကျမသိသဖြင့် လူငယ်ယောကျ်ားလေးများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အသိုင်းအဝိုင်းခေါင်းဆောင်များကို ဖမ်းဆီးခြင်း စသောအမှားများကျုးလွန်တတ် ကြပြီး ထိုသို့သောအမှားများသည် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များစွာရှိပါသည်။ လူထုက အစိုးရအပေါ် အယုံအကြည်မဲ့သွားတတ်ပြီး ထိုသို့သိမ်းကျုံးဖမ်းဆီးခြင်းကြောင့် အကြမ်းဖက်မှုများကို  ရပ်တန့်နိုင်ခြင်းမရှိသလို လူထုကိုလည်း လုံခြုံရေးအာမခံချက်မပေးနိုင်ပါ။ ပို၍အရေးကြီးသည်မှာ လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့များကို အားကိုးလာခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များသည် ၄င်းတို့အသိုင်းအဝိုင်းကို ကာကွယ်စောင့်ရှောက်ပေးသူများသဖွယ် ဖြစ်လာကာ လူသစ်များရရှိလာသလို ထောက်ပံ့ငွေများလည်း ရရှိလာနိုင်ပါသည်။ 

ငွေအင်အား၊ လူအင်အား ပိုမိုတောင့်တင်းလာသည်နှင့်အမျှ တိုက်ခိုက်မှုများ ပိုမိုဆောင် ရွက်နိုင်လာကာ အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများ ပိုလုပ်လေ၊ အစိုးရက ပိုနှိမ်နင်းလေ၊ အကြမ်းဖက်အဖွဲ့ကို လူထုထောက်ခံမှုပိုရလေဖြစ်ပြီး စစ်ရေးပစ်မှတ်များကိုပါ တိုက်ခိုက်နိုင်လာသည့် သောင်းကျန်းသူအဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ အချို့သောအဖွဲ့ များသည် လူထုကိုဆွဲဆောင်နိုင်ရန် ပညာရေး၊ ကျန်းမာရေး စသော လူမှုရေးဝန်ဆောင်မှုများကိုပင် ဆောင်ရွက်ပေးတတ်ကြပါသည်။ အချို့အဖွဲ့များသည် အချိန်ကြာလာသည်နှင့်အမျှ နယ်မြေပါ ထိန်းချုပ်နိုင်လာပြီး လူထုအားအခွန်ကောက်ခြင်းစသည်ဖြင့် အစိုးရအသေးစားကဲ့သို့ ပြုမူဆောင်ရွက်ကြပါသည်။ ထိုသို့ နယ်မြေထိန်းချုပ်နိုင်သောအချိန်တွင်မူ သောင်းကျန်း သူများသည် ၄င်းတို့ ထိန်းချုပ်နယ်မြေမှပြည်သူများအား အကြောက်တရားဖြင့် အုပ်ချုပ်တတ်ကြပါသည်။ 

ထိုမဟာဗျူဟာသည် ထိရောက်မှုရှိသော မဟာဗျူဟာဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းသည်လည်း ချွေစစ်မှာကဲ့သို့ပင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၄င်းထက်ရင်းမြစ်များ ပိုမိုပြည့်စုံသောအစိုးရအား ကာလရှည် စစ်ဆင်နွှဲနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် လူထုအနေဖြင့် အရပ်သားများအားသတ်ဖြတ်ခြင်း ကဲ့သို့ အကြမ်းဖက်အဖွဲ့၏လုပ်ရပ်များကို လက်မခံခြင်းနှင့် အစိုးရက လက်တုန့်ပြန် တိုက်ခိုက်မည်ကို ကြောက်ရွံ့သည့်အတွက် အနည်းဆုံးအားဖြင့် အစပိုင်းတွင် ၎င်းတို့ကို လက်မခံခြင်းမျိုး ရှိနိုင်ပါသည်။ 

ထိုမဟာဗျူဟာကိုကျင့်သုံးသော အကြမ်းဖက်အဖွဲ့များသည် ရေရှည်ရပ်တည်နိုင်စွမ်း နည်းပါသည်။ ဥပမာတစ်ခုမှာ အီရတ်မှ အယ်ဂိုဒ်ဒါနှင့်ဆက်စပ်သော တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်ကို ကျူးကျော်ပြီး ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချ ခဲ့ရာ အီရတ်တွင် အာဏာလေဟာနယ်(Power Vacuum) ဖြစ်လာခဲ့ပြီး အမေရိကန်တို့ သိမ်းပိုက်ပြီး အစပိုင်းလများတွင် အမေရိကန်ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီများ၊ လူမျိုးစုသူပုန်များ၊ ဆက်ဒမ်အစိုးရဟောင်းမှအဖွဲ့များ စသည့် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုမျိုးစုံ ထကြွခဲ့သလို ရာဇဝတ်မှုများလည်း အကြီးအကျယ်ဖြစ်ပွားခဲ့ပါသည်။ လူထုအနေဖြင့် လုံခြုံမှုမရှိဘဲ အစိုးရက ၄င်းတို့ကို အကာအကွယ်မပေးနိုင်ဟု ခံစားကြရပါသည်။ 

အီရတ်အနောက်ပိုင်းတွင် ဆွန်နီအများစုနေထိုင်ပြီး ၄င်းတို့ကအမေရိကန်သည် ရှီးယိုက် လွှမ်းမိုးထားသောအစိုးရကို တင်မြောက်ပြီး ဆွန်နီမူဆလင်များကို အာဏာလက်မဲ့ဖြစ်အောင် လုပ်နေသည်ဟု ယုံကြည်ကြပါသည်။ ထိုအချိန်တွင် အယ်ဂိုဒ်ဒါနှင့်ဆက်စပ်နေသော အကြမ်းဖက်အဖွဲ့များ အီရတ်အနောက်ပိုင်းကို ဝင်လာသောအခါ ဒေသခံလူထုသည် ထိုအဖွဲ့များ၏ ရည်မှန်းချက်အားလုံးကို လက်ခံကောင်းမှလက်ခံမည်ဖြစ်သော်လည်း ထိုအဖွဲ့များအား ၄င်းတို့ အသိုင်းအဝိုင်းကို ကာကွယ်ပေးသူများအဖြစ် ရှုမြင်ခဲ့ကြသည်။ အစိုးရခိုင်ခိုင်မာမာမရှိသည့်အတွက် လူမှုဖူလုံရေးမရှိ၊ ရဲတပ်ဖွဲ့လည်း မရှိသည့်အတွက် လူထုမှာ ကိုယ့်အားကိုယ်ကိုးနေရရာ ထိုအဖွဲ့များနှင့် အတူတွဲ အလုပ်လုပ်ရန်ကလွဲပြီး ရွေးစရာမရှိခဲ့ပေ။ 

အမေရိကန်နှင့် အီရတ်အစိုးရတို့က သောင်းကျန်းသူများကို တုန့်ပြန်ချိန် အစဦးပိုင်းတွင် တိကျသောထောက်လှမ်းရေးသတင်း မရရှိသည့်အတွက် အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့် လူမှားဖမ်းခြင်းများ မကြာခဏလုပ်ခဲ့ကြပါသည်။ အမေရိကန်နှင့် အစိုးရတပ်များက လူတစ်ယောက်ကို သတ်လိုက်သည်နှင့် ၄င်း၏ ညီအကိုများ၊ မိသားစုဝင်များက လက်စားချေရန် သောင်းကျန်းသူအဖွဲ့ထဲ ဝင်ကြပါသည်။ သို့ဖြင့် အစပိုင်းက အင်အားနည်းနည်းသာရှိသော သောင်းကျန်းသူအဖွဲ့များသည် အင်အားကောင်းသည်ထက်ကောင်းလာကာ ပျောက်ကျား စစ်ဆင်မှုများပင် လုပ်နိုင်လာခဲ့ပြီး နယ်မြေထိန်းချုပ်နိုင်ခဲ့ပါသည်။ 

သို့သော် ထိုအဆင့်ရောက်ရှိချိန်တွင် ၄င်းတို့သည် အစိုးရ၏ချေမှုန်းမှုကို ခံနိုင်ရည်အလွန် နည်းလာပါသည်။ ၄င်းတို့၏ ထိန်းချုပ်နယ်မြေတွင် လွတ်လွတ်လပ်လပ်လှုပ်ရှားကြသဖြင့် ၄င်းတို့၏အဖွဲ့ဝင်များကို လူအများက သိသွားကြပါသည်။ ထို့ပြင် ပြည်တွင်းစစ်စတင်သည့် ၂၀၀၆ ခုနှစ် ဝန်းကျင်ခန့်တွင် အီရတ်လူထုသည် အယ်လ်ဂိုဒ်ဒါနှင့်ဆက်စပ်သောအဖွဲ့များကို ဆန့်ကျင်လာကြပါသည်။ ထိုသို့လူထုက ဆန့်ကျင်လာခြင်းမှာ ထိုအဖွဲ့များ၏ အလွန်အကျွံ အကြမ်းဖက်မှုနှင့် ၄င်းတို့ သူစိမ်းဆန်သော အိုင်ဒီယာများကြောင့်ဖြစ်သလို အမေရိကန်အား ဆွန်နီအသိုင်းအဝိုင်းကို ကာကွယ်ပေးသူအဖြစ် စတင်ရှုမြင်လာခြင်းကြောင့်လည်း ဖြစ်ပါသည်။ အီရတ်အနောက်ပိုင်းရှိ လူမျိုးစုများသည် အမေရိကန်ကို ထောက်ခံလာကြပြီးနောက် အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်သောအဖွဲ့အစည်းများသည် အလွန်လျင်မြန်စွာပင် ပြိုကွဲသွားကြ သည်။ သောင်းကျန်းသူများကို လူထုကထောက်ခံမှုမရှိတော့ခြင်းနှင့် တိကျသည့်ထောက်လှမ်း ရေးသတင်းများရရှိလာခြင်းတို့ကြောင့် အမေရိကန်သည် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အယ်လ်ဂိုဒ်ဒါများကို အီရတ်နိုင်ငံတွင်းမှ မောင်း ထုတ်နိုင်ခဲ့ပါသည်။

တတိယမဟာဗျူဟာမှာ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှုဖန်တီးပြီး အစိုးရအား လူထုက ထကြွဆန့်ကျင်စေရန် ဝါဒဖြန့်ခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့အများစုက လူထုသည် ၄င်းတို့ဘက်တွင်ရှိသည်ဟု ယုံကြည်ကြပြီး လူထုသည် ကြောက်ရွံ့နေသောကြောင့်၊ သို့မဟုတ် နိုင်ငံရေးအရနိုးကြားမှုမရှိသောကြောင့်၊ သို့မဟုတ် ထိုအကြောင်းရင်းနှစ်ခုလုံးကြောင့်သာ ငြိမ်နေကြခြင်းဖြစ်ပြီး ၄င်းတို့ကသာ လူထု၏မျက်စိကို ဖွင့်ပေးနိုင်မည်ဆိုလျှင် လူထုသည် ၎င်းတို့နှင့်ပူးပေါင်းကြလိမ့်မည်ဟုယုံကြည်ကြပါသည်။ အကြမ်းဖက်မှုသည် အစိုးရ အပေါ် လူထု၏အကြောက်တရားများပျောက်စေပြီး လူထုအနေဖြင့် အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခြင်း၊  သို့မဟုတ် ရန်ပုံငွေထည့်ဝင်ခြင်း စသည်ဖြင့် တတ်နိုင်သည့်နည်းဖြင့် ပူးပေါင်းပါဝင် လာကြမည် ဟု ၄င်းတို့က ယုံကြည်ထားပါသည်။ 

အကြမ်းဖက်လုပ်ဆောင်မှုကို ဝါဒဖြန့်ရာတွင် အဓိကအချက်မှာ မီဒီယာများတွင်ပါဝင် ရေး ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ဝါဒဖြန့်နိုင်ရန်အတွက် လူအများက ဂရုစိုက်ရန် လိုပါသည်။ ၁၉၇၂ မြူးနစ်အိုလံပစ် ဓားစာခံအရေးအခင်းနှင့် ၉/၁၁ တိုက်ခိုက်မှုတို့သည် တစ်ကမ္ဘာလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သော တိုက်ခိုက်မှုများ ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့ များ၏ လုပ်ဆောင်ချက်ကို လူအများအပြားက သတိထားမိသွားပြီး အချို့က အကြမ်းဖက်အဖွဲ့ ကို ထောက်ခံကြသလို ဆန့်ကျင်သူများလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ လူထုအနေ ဖြင့် အကြမ်းဖက်သမားများ၏လုပ်ရပ် နှင့် ရည်ရွယ်ချက်ကို မဖြစ်မနေ သတိထားမိသွားပြီ ဖြစ်ပါသည်။ 

သို့ရာတွင် အကြမ်းဖက်လုပ်ရပ်ကိုဝါဒဖြန့်ချိခြင်းသည် ၄င်းသက်သက်ဆိုလျှင် ထိရောက်မှုမရှိပါ။ လူသိများသည့် တိုက်ခိုက်မှုတစ်ခုတည်းနှင့် အစိုးရကို ဖြုတ်ချနိုင်ခဲ့သည့်ဖြစ်ရပ်မျိုး မရှိခဲ့ပါ။ ထို့ပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ထိုသို့ လူသိများသည့်တိုက်ခိုက်မှုမျိုး ထပ်တ လဲလဲလုပ်နိုင်သည်မှာလည်း အလွန်ရှားပါးပါသည်။ လူသိများသည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားသည်နှင့် အစိုးရကလည်း ထိုအကြမ်းဖက်အဖွဲ့ကို အကြီးအကျယ်နှိမ်နင်းတော့သည်။ ထို့ကြောင့် လူသိများသည့် တိုက်ခိုက်မှုဖန်တီးပြီး ဝါဒဖြန့်ခြင်းသည် လူထုအားလှုံ့ဆော်နိုင်သည့်နည်းလမ်းတစ်ခု ဖြစ်သော်လည်း အောင်ပွဲရရန်အတွက်မူ လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အကြမ်းဖက်အဖွဲ့များသုံးသည့် စတုတ္ထမဟာဗျူဟာမှာ နှောင့်ယှက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပျက်စီးအောင်ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် ဘက်အားလုံးမှ အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး လူထုအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန်အချိန်မဟုတ်ဟု ထင်မြင်လာစေပြီး လူထု ကိုယ်တိုင် အစွန်းရောက်ကာ အကြမ်းဖက်မှုများကို လက်ခံလာတတ်ပါသည်။ အကောင်းဆုံး ဥပမာမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဆွေးနွေးမှုပျက်စေရန် အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ထိုအချိန်က ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်သည် အစ္စရေးတာဝန်ရှိသူများနှင့် စေ့စပ်ညှိနှိုင်းနေပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်တက်နေပါသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်ယှက်ရန် ဟားမက်နှင့် ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ တို့သည် ဗုံးခွဲမှုများစွာလုပ်ခဲ့ပြီး အစ္စရေးအများအပြား သေဆုံးခဲ့ပါသည်။ ထိုသို့ ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် အာရာဖတ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်ခြင်း ရှိ/မရှိ အစ္စရေးတို့က မေးခွန်းထုတ်လာကြပါသည်။ အကယ်၍ အာရာဖတ်သာ အကြမ်းဖက်များကို ရပ်တန့်စေနိုင်လျှင် အာရာဖတ်သည် အကြမ်းဖက်မှုများကို ကြိုးကိုင်သူဖြစ်ပြီး လူသတ်မှုများအတွက် တာဝန်ရှိသူဖြစ်မည် ဖြစ်သည်။ အကယ်၍ အာရာဖတ်သည် အကြမ်းဖက်မှုများကို ရပ်တန့်အောင် လုပ်နိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် ၄င်းနှင့် စေ့စပ်ဆွေးနွေးမည်နည်း၊ အာရာဖတ်သည် အကြမ်းဖက်မှုများကို မရပ်တန့်စေနိုင်လျှင် ၄င်းနှင့် ညှိနှိုင်းရရှိလာသည့် ငြိမ်းချမ်းရေးသည်လည်း အဓိပ္ပာယ်ရှိမည်မဟုတ် စသည်ဖြင့် အစ္စရေးတို့ က အာရာဖတ်အပေါ် များစွာသံသယဝင်လာခဲ့ပါသည်။ 

ထို့ပြင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အစ္စရေးနိုင်ငံရေးသမားများအနေဖြင့်လည်း အလျော့ပေးလိုက်လျောမှုများလုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။ ထိုသို့ဖြင့် အစ္စရေးတို့သည် သဘောတူညီချက်အများအပြားကို အကောင်အထည်ဖော်ရန် ရွှေ့ဆိုင်းထားခဲ့တော့သည်။ ပါလက်စတိုင်းလူထုဖက်ကလည်း ငြိမ်းချမ်းရေးသည် ၄င်းတို့လိုချင်သော ရလဒ် မထွက်သဖြင့် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိတော့ပဲ အကြမ်းဖက်မှုများကို ပိုမိုထောက်ခံလာ ကြပါသည်။ ထိုသို့ဖြင့် အကြမ်းဖက်များသည် အလယ်အလတ်သမားများအပေါ် အယုံအကြည်ကင်းမဲ့စေပြီး အစွန်းရောက်များကို ပိုအားကောင်းစေကာ နောက်ဆုံးတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်စီးသွားခဲ့ပါသည်။

နောက်ဆုံးဆွေးနွေးလိုသည့် အကြမ်းဖက်သမားများ၏ နည်းဗျူဟာတစ်ခုမှာ တစ်ကိုယ်တော်အကြမ်းဖက်မှု(Lone Wolf Terrorism) ဖြစ်သည်။ လူတစ်ဦးချင်း (သို့) နှစ်ဦး/ သုံးဦးပါ အဖွဲ့ငယ်လေးများဖြင့် အကြမ်းဖက်ခြင်းသည် ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် ထိုးဖောက်သတင်းရယူရန် အဖွဲ့ဟူ၍ မယ်မယ်ရရမရှိ၊ ဖမ်းဆီးရမည့် ခေါင်းဆောင်ဟုလည်းမရှိသဖြင့် ရပ်တန့်ရန် အလွန့်အလွန်ခက်ခဲလှပါသည်။ ထို့ပြင် မည်သူမဆိုအကြမ်းဖက်သမားဖြစ်နိုင်ပြီး မည်သည့်အချိန်မဆို တိုက်ခိုက်မှုဖြစ်ပွားနိုင်သောကြောင့် လူထုကို အကြီးအကျယ် ကြောက်လန့်စေနိုင်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်မှုများကို တစ်နေ့တစ်ခြားအတွေ့များလာနေပြီး အင်တာနက်ကြောင့် တစ်ကိုယ်တော်အကြမ်းဖက်မှုလုပ်ရန် ပိုလွယ်စေပါသည်။ အင်တာနက်သည် လူတစ်ဦးကို လူများစွာနှင့်ဆက်သွယ်နိုင်လာသည့်အတွက် လူတစ်ဦးက ဖော်ထုတ်လိုက်သည့် အကြမ်းဖက်သဘောတရားကို လက်ခံသဘောကျသူများက လိုက်လုပ် လာနိုင်ပါသည်။ သီးခြားစီဖြစ်သော တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် ပိုမို ကျယ်ပြန့်သော ဂလိုဘယ်အိုင်ဒီယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တိုက်ခိုက်ခြင်းမျိုးဖြစ်ပါသည်။

တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်ပွားမီ ဖော်ထုတ်ဖမ်းဆီးရန် အလွန်တရာခက်ခဲသော်လည်း ၄င်းသည် ထိရောက်သည့် နည်းဗျူဟာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများသည် များ သောအားဖြင့် ကျယ်ပြန့်သည့် ရည်မှန်းချက်များနှင့် ချိတ်ဆက်မှုမရှိသောကြောင့် ဖြစ်ပါသည်။ တစ်ကိုယ်တော်အကြမ်းဖက်တိုက်ခိုက်မှုများကို လူထုကလည်းယေဘုယျအားဖြင့် လုံးဝအနှုတ် လက္ခဏာဆောင်သည်ဟု ယူဆကြပြီး ထောက်ခံမှုမရှိကြပါ။ ထို့ကြောင့် တစ်ကိုယ်တော် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ကြောက်စရာကောင်းပြီးရပ်တန့်ရန် အလွန်တရာ ခက်ခဲသော်လည်း ထိရောက်သည့် မဟာဗျူဟာ မဟုတ်ကြောင်း တွေ့ရှိရပါသည်။ 

အကြမ်းဖက်အဖွဲ့များအနေဖြင့် အထက်ပါနည်းဗျူဟာများကို ပေါင်းစပ်၍လည်း သုံးစွဲတတ်ကြပါသည်။ ယေဘုယျအားဖြင့် အကြမ်းဖက်သမားများအသုံးပြုကြသော မဟာဗျူဟာများမှာ အားနည်းချက်များရှိပြီး အကောင်းဆုံးမဟာဗျူဟာသည်ပင်လျှင် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် အလွန်ခက်ခဲပါသည်။ ထို့ပြင် ၄င်းတို့၏ အောင်မြင်မှုသည် အဓိကအားဖြင့် အစိုးရ၏တုန့်ပြန်မှုပေါ်တွင် များစွာမူတည်နေပါသည်။ အကြမ်းဖက်အဖွဲ့အစည်းများ၏ အောင်မြင်မှုသည် အစိုးရက အမှားများလုပ်မိခြင်းအပေါ် မူတည်နေပြီး ပြီးပြည့်စုံသည့် အစိုးရ မရှိဆိုသည့်တိုင် အကြမ်းဖက်ဝါဒကိုတန်ပြန်ရာတွင် အမှားကြီးများကို အစိုးရအချို့ ကျူးလွန်ကောင်းကျူးလွန်မိမည်ဖြစ်သော်လည်း အစိုးရအားလုံး ကျူးလွန်ခြင်းမရှိကြပါ။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့အများစုအနေဖြင့် ၎င်းတို့ရည်မှန်းချက် ထမြောက်အောင်မြင်ခဲ့ခြင်း မရှိကြကြောင်း တွေ့ရှိရပါသည်။ 

Reference;   

(1) GeorgetownX: Terrorism and Counterterrorism, www.edx.org

(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org