ဖိလစ်ပိုင်အခွန်အယူခံတရားရုံးအကြောင်း တစေ့တစောင်း

Posted_Date

Image

ဖိလစ်ပိုင်အခွန်အယူခံတရားရုံးအကြောင်း တစေ့တစောင်း

Body

တည်နေရာ

ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး(Court of Tax Appeals) သည် ဖိလစ်ပိုင်နိုင်ငံ၊ မက်ထရို မနီလာဒေသ၊ ကွီဇွန်မြို့ (Quezon City ) တွင် တည်ရှိပါသည်။ တရားရုံး၏ ဌာနခွဲ(၃)ခုမှာလည်း အဆိုပါ ရုံးချုပ်တွင်ပင် ဖွင့်လှစ်ထားပါသည်။ 

ဖွဲ့စည်းပုံ

ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီးနှင့် တွဲဖက်တရားသူကြီး (၈) ဦးတို့က အမှုများကို ကြားနာစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ထိုတရားရုံး ဖွဲ့စည်းပုံတွင် အောက်ပါဌာနများ ပါဝင်သည် -

(၁)     ဦးဆောင်တရားသူကြီးရုံး (Office of the Presiding Justice)

(၂)      တွဲဖက်တရားသူကြီးများ၏ ရုံးများ (Offices of the Associate Justices)

(၃)     တရားရုံးအတွင်းရေးမှူးရုံး (Office of the Clerks of Court)

(၄)     ဥပဒေနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုရုံး (Legal and Technical Services Office)

(၅)     အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုရုံး (Office of Administrative and Finance Services)

ဦးဆောင်တရားသူကြီး (Presiding Justice)

ဖိလစ်ပိုင်နိုင်ငံ အခွန်အယူခံတရားရုံး၏ လက်ရှိ ဦးဆောင်တရားသူကြီးမှာ ရိုမန် ဂီ. ဒယ် ရိုဆာရီယို (Hon. Roman G. Del Rosario) ဖြစ်ပါသည်။ ၎င်းသည် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အခွန်အယူခံတရားရုံး (Court of Tax Appeals - CTA) ၏ ဦးဆောင်တရား သူကြီးအဖြစ် ခန့်အပ်ခံရပါသည်။ ဦးဆောင်တရားသူကြီးသည် တရားရုံး စုံညီခုံ (En Banc) ၏ ကြားနာစစ်ဆေးမှုများကို ဦးဆောင်ရပြီး တရားရုံးရှိ ပထမဌာနခွဲ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ပါသည်။

အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီးသည် တရားရုံး၏ အကြီးအမှူးဖြစ်ပြီး  အယူခံတရားရုံး (Court of Appeals) ၏ ဦးဆောင်တရားသူကြီးနှင့် အဆင့်တူ လစာ၊ ခံစားခွင့်များ ရရှိပါသည်။ ၎င်းသည် ဌာနအကြီးအကဲများအား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကြီးကြပ်မှုများကို ဆောင်ရွက်ရပြီး တရားရုံး၏ လုပ်ငန်းဆောင်တာများကို စောင့်ကြည့် ရပါသည်။

တွဲဖက်တရားသူကြီးများ (Associate Justices)

အခွန်အယူခံတရားရုံး၏ ဦးဆောင်တရားသူကြီး၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်း များတွင် ကူညီရန် တွဲဖက်တရားသူကြီး (၈) ဦးခန့်အပ်ထားပြီး ၎င်းတို့မှာ အယူခံတရားရုံး၏ တွဲဖက်တရားသူကြီးများနှင့် အဆင့်တူ လစာနှင့် အခွင့်အရေးများ ရရှိပါသည်။

အတွင်းရေးမှူးရုံးအဖွဲ့ (Office of the Clerk of Court - OCC)

တရားရုံး၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ရေးအရာရှိနှင့် ဝန်ထမ်းများကို ခန့်အပ်ထားပါသည်။ ထို့ပြင် ဌာနခွဲ(၃)ခုတွင် အတွင်းရေးမှူး (၁) ဦးစီ ခန့်အပ် ထားပါသည်။ အုပ်ချုပ်ရေးအရာရှိသည် ဦးဆောင်တရားသူကြီး၏ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင်ရှိပြီး စုံညီခုံအဖွဲ့ (En Banc) ၏ အစည်းအဝေးများနှင့် အမှုစစ်ဆေးမှုများတွင် တရားသူကြီးများအား ကူညီဆောင်ရွက်ပေးရပါသည်။ ဌာနခွဲအတွင်းရေးမှူးများသည် သက်ဆိုင်ရာ ဌာနခွဲများမှ တရားသူကြီးများ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ရပြီး ဌာနခွဲအဆင့် အမှုများစစ်ဆေးရာတွင် ကူညီဆောင်ရွက်ပေးရပါသည်။  

နောက်ခံသမိုင်း

အခွန်အယူခံတရားရုံးကို ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ထိုစဉ်က ၎င်း၏ တရားစီရင်ပိုင်ခွင့် နယ်ပယ် ကန့်သတ်ချက်များကြောင့် တရားသူကြီး (၃) ဦးသာရှိခဲ့ပြီး ယင်းဖွဲ့စည်းပုံမှာ လက်ရှိတရားရုံး ၏ ဌာနခွဲတစ်ခုစာ ဖွဲ့စည်းပုံအင်အားသာရှိပါသည်။

၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ (R.A. 9282) ပြဋ္ဌာန်း ခဲ့ပြီးနောက် အခွန်အယူခံတရားရုံးသည် အယူခံတရားရုံး (Court of Appeals) နှင့် အဆင့်တူ ဖြစ်လာပါသည်။ တရားရုံး၏ ဖွဲ့စည်းပုံကိုလည်း ဦးဆောင် တရားသူကြီး (၁) ဦးနှင့် အကြီးတန်း တရားသူကြီး (၅) ဦး၊ စုစုပေါင်း တရားသူကြီး (၆) ဦးအထိ တိုးမြှင့်ခန့်အပ်ခဲ့ပါသည်။  

သမ္မတ အက်ဥပဒေအမှတ် ၉၂၈၂ အရ အခွန်အယူခံတရားရုံးသည် စုံညီခုံ (En Banc) သို့မဟုတ် ဌာနခွဲနှစ်ခုမှ အဖွဲ့(၂) ဖွဲ့ (တစ်ဖွဲ့လျှင် တရားသူကြီး ၃ ဦးစီ) ဖြင့် စစ်ဆေးနိုင် ပါသည်။ ဌာနခွဲတစ်ခု၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက စုံညီခုံအဖွဲ့ (En Banc) သို့  အယူခံ တင်သွင်းလျှောက်ထားနိုင်ပြီး ထိုစုံညီခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမူ နိုင်ငံတော်၏ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ ပြန်လည်စိစစ် သုံးသပ်ပေးရန် လျှောက်ထား တင်ပြနိုင်ပါသည်။

သို့သော် ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် သမ္မတ အက်ဥပဒေအမှတ် ၉၅၀၃ (R.A. 9503) ကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် အာဏာသက်ရောက်လာပါသည်။ ဤအက်ဥပဒေဖြင့် အခွန်အယူခံတရားရုံး၏ ဖွဲ့စည်းပုံကို တတိယဌာနခွဲ ထပ်မံဖွဲ့စည်းခြင်းနှင့် ပူးတွဲတရားသူကြီး (၃) ဦး ထပ်မံတိုးမြင့်ခန့်အပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ  အခွန်အယူခံတရားရုံးတွင် ဦးဆောင်တရားသူကြီး (၁) ဦး နှင့် တွဲဖက် တရားသူကြီး (၈) ဦး ခန့်အပ်ထားရှိပါသည်။ အခွန်အယူခံတရားရုံးအနေဖြင့် အမှုများ ကြားနာစစ်ဆေး ရာတွင် စုံညီခုံ (En Banc) အနေဖြင့်လည်းကောင်း၊  ဌာနခွဲ ၃ ခု (တစ်ခုလျှင် တရားသူကြီး ၃ ဦးစီ) ဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။

အခွန်အယူခံတရားရုံးသည် ဖိလစ်ပိုင်နိုင်ငံ တရားစီရင်ရေးစနစ်၏ တရားရုံးများအနက်မှ အရေးပါသော တရားရုံးတစ်ရုံးဖြစ်ပြီး နိုင်ငံတော်တရားလွှတ်တော်ချုပ်(Supreme Court) ကြီးကြပ်မှုအောက်တွင် ရှိနေပါသည်။ 

သမ္မတ အက်ဥပဒေအမှတ် ၁၁၂၅ (R.A. 1125) အရ  အခွန်အယူခံတရားရုံး၏ မူလအယူခံ တရားစီရင်ပိုင်ခွင့်များ

အခွန်အယူခံတရားရုံးသည်အောက်ပါဆုံးဖြတ်ချက်များကို အယူခံဝင်နိုင်သည့် တစ်ခုတည်းသော တရားရုံးဖြစ်ပါသည် - 

(၁)     ပြည်တွင်းအခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ

         (က)   အငြင်းပွားနေသော အခွန်အခဆိုင်ရာ စည်းကြပ်မှုများ

         ( ခ )   ပြည်တွင်းအခွန်၊ အခကြေးငွေ သို့မဟုတ် အခြားကောက်ခံမှုများအတွက် ပြန်အမ်းငွေဆိုင်ရာ ကိစ္စများ

         ( ဂ )   အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် သက်ဆိုင်သည့် ပြစ်ဒဏ်များ

         (ဃ)   အခွန်ဌာန(BIR)က စီမံခန့်ခွဲသည့် အခြားဥပဒေများနှင့် သက်ဆိုင်သော ကိစ္စရပ်များ

(၂)      အကောက်ခွန် ကော်မရှင်နာ၏ ဆုံးဖြတ်ချက်များ

          (က)   အကောက်ခွန်၊ အခကြေးငွေ သို့မဟုတ် အခြားငွေကြေးဆိုင်ရာ ကောက်ခံမှုများ

          ( ခ )   ပစ္စည်းများသိမ်းဆည်းခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ကင်းလွတ်ပေးခြင်း ဆိုင်ရာ ကိစ္စများ

          ( ဂ )   ဒဏ်ကြေးငွေနှင့် အခြားအပြစ်ဒဏ်များ

          (ဃ)   အကောက်ခွန်ဥပဒေ (Customs Law) နှင့် သက်ဆိုင်သည့်အခြား ကိစ္စများ

(၃)     ဘဏ္ဍာရေးဝန်ကြီးထံ အယူခံမှုများ

အကောက်ခွန်ကော်မရှင်နာက အခွန်ထမ်းဘက်သို့ သက်သာခွင့်ပေးသော ဆုံးဖြတ်ချက်များ ကို ဘဏ္ဍာရေးဝန်ကြီးထံ တင်ပြခြင်း (TCC ပုဒ်မ ၂၃၁၅ အရ)

(၄)     ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး (သို့စိုက်ပျိုးရေးဝန်ကြီး၏ ဆုံးဖြတ် ချက်များ

(Anti-Dumping Duty, Countervailing Duty နှင့် Safeguard Duty ဆိုင်ရာ ဆုံးဖြတ်ချက်များ)

R.A. 9282 အရ အခွန်အယူခံတရားရုံး၏ တရားစီရင်ပိုင်ခွင့် ထပ်မံတိုးမြင့်ခြင်း

ဤဥပဒေအရ အခွန်အယူခံတရားရုံး၏ မူလအယူခံတရားစီရင်ပိုင်ခွင့်ကို  အောက်ပါအတိုင်း ထပ်မံတိုးမြင့်ခဲ့ပါသည် -

(၁)     အခွန်ရာဇဝတ်မှုဆိုင်ရာအမှုများ 

အမျိုးသားပြည်တွင်းအခွန်ဥပဒေ (National Internal Revenue Code) နှင့် အကောက်ခွန်နှုန်းနှင့် အကောက်ခွန်ဥပဒေ (Tariff and Customs Code) ကိုချိုးဖောက်သည့် အမှုများ

(၂)      ဒေသဆိုင်ရာ အခွန်များနှင့် ပတ်သက်သည့် ဒေသဆိုင်ရာတရားရုံး (RTC) ၏ ဆုံးဖြတ်ချက်များ

(၃)     ဗဟို အခွန်စည်းကြပ်မှုအယူခံဘုတ်အဖွဲ့ (CBAA)  ဆုံးဖြတ်ချက်များ                       

         (အိမ်ခြံမြေ အခွန်စည်းကြပ်မှုဆိုင်ရာ အငြင်းပွားမှုများ)

(၄)     အပြီးသတ် အခွန်စည်းကြပ်ကောက်ခံမှုများ                            

         (ပြည်တွင်းအခွန်နှင့် အကောက်ခွန်ဆိုင်ရာ အပြီးသတ် စည်းကြပ်မှုများဖြစ်သော ကောက်ခံမှုဆိုင်ရာအမှုများ)

အခွန်အယူခံလျှောက်ထားရန် လိုအပ်သည့်အချက်အလက်များ

ဖိလစ်ပိုင်နိုင်ငံတွင် အခွန်ထမ်းတစ်ဦးသည် အခွန်အယူခံမှု လျှောက်ထားရာ၌ လိုအပ်သည့် စာရွက်စာတမ်းများအထောက်အထားများ ပြည့်စုံစွာဖြင့် သတ်မှတ်ကာလအတွင်း တင်သွင်းလျှောက်ထားရပါမည်။ အခြေခံအားဖြင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက်သည်ဟု သတ်မှတ်ခံရသော အမိန့် (Assessment Notice) (BIR မှ ပေးပို့သော Formal Letter of Demand သို့မဟုတ် Final Assessment Notice ပါရှိရမည်)၊ အခွန်ထမ်း၏ ကန့်ကွက်ရန် အကြောင်းပြချက် (ဥပမာ - အခွန်တွက်ချက်မှု အမှား၊ ဥပဒေအရ ညီညွတ်မှုမရှိသော အခွန်ကောက်ခံမှု) တို့ မဖြစ်မနေ လိုအပ်ပါသည်။) 

ထို့ပြင် အခွန်အယူခံလျှောက်ထားသူသည် အခွန်အယူခံတရားရုံးက သတ်မှတ်ထားသော လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်လျှောက်ထားရပါမည်။ ငွေကြေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ရသည့် ငွေပမာဏ (Amount in Dispute) ကို ဖော်ပြပေးရပါမည်။ လျှောက်လွှာနှင့်အတူ အခွန်ချမှတ်သည့်ဌာန သို့မဟုတ် သက်ဆိုင်ရာအခွန်ကော်မရှင်နာ၏ ဆုံးဖြတ်ချက်အမိန့် မိတ္တူ၊ ငွေတောင်းခံလွှာ (Invoices ) ၊ ဘဏ်ငွေလွှဲစာရွက်များ(Bank Statements ) တို့ ပါဝင်ရပါမည်။ အခွန်ပြန်အမ်းရန် လျှောက်ထားချက် (Refund Claim ) ဖြစ်ပါက သက်ဆိုင်ရာ မှတ်တမ်းများ ပူးတွဲတင်ပြရပါမည်။ အမှုတွဲပါ စာရွက်စာတမ်းများ မိတ္တူ ၃ စုံ ယူဆောင် သွားရပါမည်။

အယူခံလျှောက်ထားသူသည် တရားစွဲဆိုခ (Filing Fee) အဖြစ် အငြင်းပွားမှုပမာဏ၏ ၂ ရာခိုင်နှုန်း (အနည်းဆုံး ပီဆို ၁၀၀၀ မှ အများဆုံး ပီဆို ၂၀,၀၀၀ အထိ) ပေးဆောင်ရပါမည်။

အခွန်အယူခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

အခွန်အယူခံတင်သွင်းသူသည် ကနဦးအဆင့်အနေဖြင့် သက်ဆိုင်ရာအခွန်ဌာနသို့ ကော်မရှင်နာထံ လိပ်မူ၍ ပြန်လည်သုံးသပ်မှု တင်ပြလျှောက်ထားရပါမည်။ သက်ဆိုင်ရာအခွန် ဌာနက ငြင်းပယ်ပါက  ငြင်းပယ်ခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း Quezon City ရှိ အခွန်အယူခံ တရားရုံး ရုံးချုပ်သို့ အယူခံမှု တိုက်ရိုက်လာရောက်လျှောက်ထားရပါမည်။ အခွန်အယူခံ တရားရုံးသည် အမှုအပေါ် မူတည်၍ နှုတ်ဖြင့်ကြားနာစစ်ဆေးခြင်း (Oral Arguments) သို့မဟုတ် စာရွက်စာတမ်းများဖြင့် ဆုံးဖြတ်ခြင်း (Memorandum Submission)  ဆောင်ရွက် ပေးပါသည်။

အခွန်အယူခံလျှောက်ထားသူအနေဖြင့် သတိပြုရမည့်အချက်များမှာ သက်ဆိုင်ရာ အခွန်ဌာနက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အယူခံတင်သွင်းလျှောက်ထားရပါမည်။ အခွန်ဘာသာရပ်ကျွမ်းကျင်သူ၊ ဥပဒေပညာရှင် ရှေ့နေ (Tax Lawyer) များနှင့် ဆွေးနွေးတိုင်ပင်လျှောက်ထားသင့်ပါသည်။ အယူခံလျှောက်ထားစဉ် ကာလအတွင်း အခွန်ယာယီ ရပ်ဆိုင်းခွင့် လျှောက်ထားလိုပါက သီးသန့်လျှောက်ထားရပါမည်။ 

တရားရုံးဖွင့်လှစ်ချိန်

ဖိလစ်ပိုင်အခွန်အယူခံတရားရုံးသည်  အစိုးရရုံးပိတ်ရက်များတွင် ပိတ်ထားမည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်  နံနက် ၈:၀၀ မှ ညနေ ၄:၃၀ အချိန်အထိ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။