ဟိုတောင်ဆီမှာ ပြိုသည့်မိုး

Posted_Date

Image

ဟိုတောင်ဆီမှာ ပြိုသည့်မိုး

Body

မိုးမရွာ ရေမတက်လို့

အက်ကြောင်းနဲ့ ဗရပွေ

တို့မြေကွဲ့လယ်တော။

နေ့ချင်းကွယ် ရေလျှံလို့

ညချင်းကွယ် ရေလျှံလို့

တာတမံ အနိုင်တုတ်ရတယ်

စုပ်ရေကပေါ။

                         မင်းသုဝဏ်

“စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင်ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်”

“မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ် တစ်ကြိမ်မီအောင် ကြိုးစားပမ်းစား စိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလို မစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ”

“ဆောက်ခဲ့တဲ့ ဆည်အချို့ဟာ ရေမရှိတဲ့ ဆည်ကောများသာဖြစ်နေတယ်၊ ရေရှိတဲ့ဆည်အချို့ကျတော့  မြောင်းမရှိလို့ ရေမသွယ်နိုင်ဘူး”

“မြောင်းရှိတဲ့ဆည်များရဲ့အနီးတစ်ဝိုက် အများဆုံးသုံးလေးမိုင်ခန့်သာ ရေသောက်သီးနှံစိုက်နိုင်တယ်”

ဤသည်တို့မှာ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ တောင်သူအချို့၏ ညည်းတွားသံ မကျေမနပ် ပြောဆိုသံများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ခြောက်သွေ့ဒေသသည် ရေသံသရာ ပျက်ယွင်းလာမှုကြောင့် မိုးတွင်း၌ ရေပို၍ကြီးလာ၊ မုတ်သုံကာလ တိုတောင်းလာသောဒဏ်ကို ခံနေရသော ဒေသများထဲတွင်ပါသည်။ သဘာဝက မိုးနည်းနေသော်လည်း အဆိုပါအနည်းငယ် ရွာကျသည့် မိုးရေများသည်ပင် စိုက်ပျိုးရေး၊ သောက်သုံးရေရရှိရေးတို့ကို မည်သို့မျှ   အကျိုးမပြုဘဲ  ခြောက်သွေ့ဒေသ တောင်သူများ၏ မျက်စိအောက်တွင်ပင်  ချောင်းများ၊  မြစ်များထဲသို့ စီးဆင်းသွားနေကြသည်မှာ ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု၌ အားနည်းချက်ကို ထုတ်ဖော်ပြသနေခြင်းပင်ဖြစ်သည်။

လျှံရေကို အသုံးချ

ခြောက်သွေ့ဒေသများတွင် မြေအောက်ရေ၊ မိုးတွင်း၌ရွာသော မိုးရေအသင့်အတင့်အပြင် ဒေသဝန်းကျင်ရှိ တောင်တန်းများ၊ ကုန်းမြင့်များမှ စီးဆင်းလာသော တောင်ကျရေများကိုလည်း ရယူအသုံးချနိုင်သည်။

တောင်ကျရေများ၏  သဘာဝအတိုင်း တောင်ပေါ်၌ မိုးရွာပြီးမကြာမီ ဝါးလုံးထိုးကျလာကာ အချို့သောချောင်းခြောက်များတွင် လျှံတက်လာသည်အထိ စီးဆင်းပြီး မိုးတိတ်သည်နှင့်   ရေပြန်ခန်းသွားရာ ယင်းရေများကို အသုံးမချနိုင်လျှင် ထီပေါက်ပြီး  လက်မှတ်ပျောက်သူ၏ အဖြစ်နှင့် အလားတူသည်။

အာဖရိက၊ အနောက်အာရှ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့်  မြောက်အမေရိကတိုက် တို့ရှိ ခြောက်သွေ့ဒေသများ၊ တစ်ဝက်တစ်ပျက် ခြောက်သွေ့ဒေသအချို့တွင် “လျှံရေရယူသိုလှောင် အသုံးချခြင်းစနစ်”ဟုခေါ်သည့် တောင်ကျရေဖြင့် စိုက်ပျိုးရေးနှင့်  သောက်သုံးရေရယူရေးကို လုပ်ဆောင်လျက်ရှိသည်။ ယင်းစနစ်သုံးစိုက်ပျိုးဧကသည် တစ်ကမ္ဘာလုံးတွင်  ဧကခြောက်သန်းကျော်မျှရှိသည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံတွင် လျှံရေစနစ်သုံး စိုက်ပျိုးမြေအချို့ကို တွေ့နိုင်သော်လည်း လက်ရှိထက် များစွာတိုးချဲ့နိုင်သေးသည်ဟု သိရသည်။ 

လျှံရေတားဆီးလွှဲယူသည့်   တမံကိုချောင်းအကျယ်အတိုင်းဖြစ်စေ၊ ချောင်းအကျယ်၏   တစ်စိတ်တစ်ပိုင်းဖြစ်စေတည်ဆောက်၍   ရေလွှဲယူနိုင်သည်။ ကွန်ကရစ်အုတ်စသည်ကို သုံး၍ အခိုင်အမာ တည်ဆောက်သည်လည်းရှိ၍ သစ်တုံး၊ သစ်ခက်၊ ကျောက်တုံး၊ မြေသား စသည်တို့ဖြင့်လည်း ယာယီတည်ဆောက်ကြသည်။ ယာယီတမံတို့သည် ဒေသတွင်းရနိုင်သော  ပစ္စည်းနှင့်လူအင်အားတို့ဖြင့် ဆောက်လုပ်သဖြင့် ကုန်ကျစရိတ် မများလှသော်လည်း လျှံရေပမာဏများ၍ အရှိန်ပြင်းသောအခါတွင် လည်းကောင်း၊ ချောင်းကြမ်းပြင် မြေသားမတည်ငြိမ်လျှင်လည်းကောင်း တမံများပြိုလဲပျက်စီးနိုင်သည့် အားနည်းချက်ရှိသည်။ အာဖရိကတိုက် ကျေးရွာအချို့တွင်  ချောင်းခြောက်ထဲ၌ ယာယီရေတားတမံလုပ်ပြီး တောင်ကျရေကို လွှဲယူကြသည်။ ရေစီးအားကောင်း၍ ယာယီတမံပြိုသောအခါ ရွာသားတို့၏ လုပ်အားဖြင့်   နောက်တမံတစ်ခု ထပ်ဆောက်ကြသည်။ ဝင်ငွေနည်းသောဒေသဖြစ်၍  ယင်းနည်းအတိုင်း ဒေသထွက်ပစ္စည်းများ၊ ရွာသားတို့၏ ညီညွတ်သော လုပ်အားတို့ဖြင့် လျှံရေရယူနေကြသည်။ ရေရှည်တည်တံ့သော လျှံရေတားတမံကိုဆောက်လျှင်မူ ဒေသ၏ ဇလဗေဒအချက်အလက်တို့ကို လေ့လာပြီးမှ ဒီဇိုင်းထုတ်တည်ဆောက်ရန် လိုအပ်သည်။ 

လျှံရေစနစ်သုံးဒေသများတွင် မိုးရေစတင်စီးဆင်းရာ မြေမှပါလာသောအနည်များသည် မြေဩဇာအာဟာရများအဖြစ် အပင်များကို အကျိုးပြုသည်။ သို့သော် အနည်ပို့ချမှုများလာသည့်အခါ  တမံထိန်းသိမ်းရေး၌ အခက်အခဲတွေ့နိုင်သည်။ မိုးပြတ်သည့်နောက် မြေဆီလွှာထဲတွင် တင်ကျန်ရစ်သောရေများကြောင့် အပင်များ ဆက်လက်ရှင်သန်နိုင်သည်။ ထို့ပြင် မြေပေါ်တွင် အချိန်အတိုင်းအတာ တစ်ခုအထိ  ကျန်နေသော  ရေများကြောင့် အပင်ကြီးများ ပေါက်ရောက်နိုင်သည်။

လျှံရေများကို ချောင်းဘေးစိုက်ခင်းများသို့ လွှဲယူသကဲ့သို့ မြစ်များ၊ တောင်ကြားများထဲတွင်  ရေစီး၏လားရာကို ကန့်လန့်ဖြတ်ရေတားတည်ဆောက်ပြီး လျှံရေကိုတန့်စေကာ မြစ်ကြမ်းပြင်အောက်မြေသားထဲ စိမ့်ဝင်စေခြင်းဖြင့်လည်း အပင်များကို ရေပေးစိုက်ပျိုးနိုင်သည်။ ပိုလျှံသောရေများသည် ရေတားကိုကျော်၍ ချောင်းရိုး၊ မြစ်ရိုးအတိုင်း  ဆက်လက်စီးဆင်း သွားသည်။ ရေကြီးရေလျှံမှုကို အထိုက်အလျောက် တားဆီးထားခြင်းဖြင့် မြေလွှာများရေ တိုက်စားခံရမှု လျော့နည်းခြင်း အကျိုးကိုလည်း ရသည်။ ပြန့်ပြူးသောမြေပြင်တွင် ဖြတ်စီးသောချောင်းကို ကန့်လန့်ဖြတ်၍ ရေတားကို တစ်ဖက်ပါပုံအတိုင်း တည်ဆောက်ခြင်းဖြင့် ရေစီးကိုဖြန့်ထုတ်ကာ ဘေးပတ်ဝန်းကျင်မြေပြင်ကို ဖုံးလွှမ်းစေခြင်း၊ မြေအောက်သို့စိမ့်ဝင်စေခြင်းဖြင့် အပင်စိုက်ဧရိယာကို ချဲ့ထုတ်သော စိုက်ခင်းများလည်းရှိသည်။

ရေစီးတွင်ပါလာပြီး တမံ၏နောက်တွင် ထိုင်ကျန်ခဲ့သော မြေသားနှင့် အနည်များသည်  စိုက်ခင်းဖြစ်လာသည်။ မြေသားထဲတွင်  စိမ့်ဝင်နေသောရေများကြောင့် အပင်များရှင်သန်သည်။ ပုံပါစနစ်သည် တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ ၃၀ဝ၀ ကုန်ပြီး ထိန်းသိမ်းစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၀ဝ ခန့်ရှိသည်။ တစ်နှစ်လျှင် ခုနစ်လခန့် စိုက်ပျိုးနိုင်သည်။

လျှံရေရယူခြင်းစနစ်ကို ထိန်းသိမ်းရန် ဒေသခံတို့၏လုပ်အားကို အဓိကမှီခိုရသည့်အတွက်  ယင်းတို့ဝင်ငွေကောင်းသော အခြားအလုပ်အကိုင်များ ရလာသည့်အခါတွင် လည်းကောင်း၊ မြေအောက်ရေရလာသည့်အခါတွင် လည်းကောင်း ယင်းစနစ်ကို ဆက်မသုံးတော့သဖြင့် လျှံရေရယူခြင်းစနစ်သည် ပို၍တွင်ကျယ်လာခြင်းမရှိပေ။ သို့သော် ခြောက်သွေ့ဒေသအများအပြားတွင် ဆက်သုံးနေကြဆဲဖြစ်သည်။

ပုံမှန်မိုးရေ

ရံဖန်ရံခါပေါ်လာသော မုန်တိုင်းကြောင့် အလုံးအရင်းနှင့် ရေကြီးရေလျှံကာ မုန်တိုင်းစဲသည်နှင့် ပြီးပြီးပျောက်ပျောက် ဖြစ်သွားခြင်းမဟုတ်ဘဲ တောင်တန်းနှင့် ကုန်းမြင့်တို့မှ မိုးကာလတစ်လျှောက်လုံး ရွာကျစီးဆင်းလာသော မိုးရေကို ခံယူအသုံးချသည့်စနစ်များလည်းရှိသည်။ ဤစနစ်တွင် မိုးရေများကို စိုက်ခင်းသို့ တိုက်ရိုက်ပို့ဆောင် အသုံးပြုကြသကဲ့သို့ အထက်ပုံပါအတိုင်း စိုက်ခင်းထဲမဝင်မီ ရေလှောင်ကန်ဖြင့် သိုလှောင်၍လည်း တစ်ဆင့်ခံအသုံးချနိုင်သည်။ ရေလှောင်ကန်ကြားခံခြင်းဖြင့် ရေဝေဒေသတွင် ရွာကျသော မိုးအနည်းအများကိုကြည့်၍ စိုက်ခင်းထဲဝင်သော ရေပမာဏကို  လိုသလိုထိန်းညှိပေးနိုင်သည်။   မိုးပြတ်ပြီးသည့်နောက်တွင် ဆက်လက်ရေပေးနိုင်သည်။ ကန်အောက်ခြေမှရေများ မြေအောက်သို့စိမ့်ဝင်ကာ မြေအောက်ရေကို ဖြည့်တင်းပြီးလည်း ဖြစ်သွားသည်။ မြေပေါ်ရေပြတ်သည့်အခါ မြေအောက်ရေကို စုပ်ယူအစားထိုးအသုံးပြုနိုင်သည်။ မိုးပြတ်ကာလရှည်ကြာသော ဒေသများ၊ မိုးရေချိန် အနည်းအများကွာဟမှု ကြီးမားသောဒေသများတွင် အသုံးတည့်သော စနစ်ဖြစ်သည်။

ဤစနစ်သည် အကြီးစားဆည်များနှင့် သဘောတရား တူညီသော်လည်း ပြင်ပအကူအညီ အနည်းဆုံးဖြင့် ဒေသတွင်း ပစ္စည်းကိရိယာ၊   ငွေကြေးအင်အား၊ လူသားအရင်းအမြစ်ကို သုံး၍ တည်ဆောက်ထိန်းသိမ်းနိုင်သော စနစ်များကိုသာ မိုးရေရယူသိုလှောင် အသုံးချခြင်းစနစ်ဟု ခေါ်ကြသည်။ ရေဝေဒေသ အကျယ်အဝန်းအားဖြင့် ၅ ဧကမှ အများဆုံး ဧက ၅၀ဝ အထိရှိသည်။

ဥပမာတစ်ခုအနေဖြင့် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံတွင် အသုံးများသည့် စနစ်တစ်ခု တည်ဆောက်ပုံကို လေ့လာနိုင်သည်။  တမံတူးမည့်မြစ်ကြမ်းပြင်ကို ကန့်လန့်ဖြတ်၍ ကျင်းငယ်တစ်ခုတူးသည်။

ကျင်းတစ်ဖက်တစ်ချက်တွင်လည်း ရွှံ့ရောသောမြေများကို စီ၍ချထားသည်။ ရေစိမ့်မထွက်နိုင်အောင် ရွှံ့များကို လူအား၊ စက်အားတို့ဖြင့် ကောင်းစွာသိပ်ထည့်သည်။ တမံမျက်နှာပြင်နှစ်ဖက်တွင် ရေတိုက်စားမှုမရှိအောင် မြက်စိုက်သည်။ တမံအလျားသည် ပေ ၁၅၀ ခန့်ရှည်ပြီး ရေအနက် ၁၅ ပေခန့် သိုလှောင်ထားနိုင်သည်။ ရေလှောင်ပမာဏမှာ ကုဗပေ ၁၇၀ဝဝဝ၀ ကျော်ဖြစ်သည်။ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ  ၅၀ဝဝဝ  ခန့်ကုန်ကျသည်။ ဇမ်ဘီယာနိုင်ငံ၏တောင်ပိုင်း ပြည်နယ်တစ်ခုတည်းတွင်ပင် ယင်းတမံမျိုး ၃၀ဝ ခန့်ရှိပြီး လူတစ်သန်းကျော်၏ စိုက်ပျိုးမွေးမြူရေးနှင့်   သောက်သုံးရေတို့အတွက် အထောက်အကူပြုလျက်ရှိသည်။

တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးကျလာသော  လျှံရေနှင့် ပုံမှန်မိုးရေတို့ကို မိုးရေလှောင်ကန်ဖြင့် စုဆောင်းရယူခြင်း၏ အခြားကောင်းကျိုးမှာ မြေတိုက်စားခံရမှု သက်သာခြင်းဖြစ်သည်။ အဟုန်ပြင်းသောမိုးရေကြောင့် မြေသားတိုက်စားခံရပြီး သဲနုန်းမြေသားတို့ အနိမ့်ပိုင်းရှိ ချောင်းများ၊ မြစ်များ၊ ကန်များ စသည်တို့အတွင်းသို့ ဝင်ရောက်ကြသည်။ သဲနုန်းပို့ချခြင်းကြောင့် မြစ်ချောင်းကန်ကြမ်းပြင်များ မြင့်တက်လာပြီး ရေစီးနိုင်သည့်နေရာနည်းသွားခြင်းသည်  ရေကြီးရေလျှံမှုကိုဖြစ်စေသောအကြောင်းတစ်ရပ်ဖြစ်သည်။ ရေကြီး၍ ကမ်းပါးတိုက်စားခံရခြင်း၊ ရေကြောင်းပြောင်းခြင်း၊ ဆည်များထဲ ဝင်ရောက်ပို့ချလျှင် လှောင်ရေထုထည်နည်းသွားခြင်း စသည့် ဆိုးကျိုးများပေါ်ပေါက်သည်။ မိုးရေလှောင်ကန်များသည် ယင်းဆိုးကျိုးများကို လျော့ပါးစေသည်။

သဲတမံ

သဲတမံဟုဆိုရာတွင်  သဲဖြင့်တည် ဆောက်ထားသော ရေတားတမံဟု ဆိုလိုခြင်းမဟုတ်ပေ။ သဲချောင်းများ၊ သဲဆန်သော မြေသားရှိရာဒေသများတွင် ချောင်းထဲ၌ ရေတားတမံတည်ဆောက်ကာ တမံနောက်တွင် ဖြည်းဖြည်းချင်း ပြည့်တက်လာသော သဲများထဲတွင် ရေသိုလှောင်သောစနစ်ကို ခေါ်ခြင်းဖြစ်သည်။ တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးဆင်းလာသောမိုးရေများကို မြေပေါ်တွင်မဟုတ်ဘဲ ချောင်းကြမ်းပြင်ပေါ် မို့တက်လာသော သဲထုထဲတွင် သိုလှောင်အသုံးချခြင်းဖြစ်သည်။

သဲတမံတည်ဆောက်နည်းမှာ သဲချောင်းများထဲတွင်  ရေစီးကိုကန့်လန့်ဖြတ်၍ အောက်ခြေကျောက်လွှာ သို့မဟုတ် ရေမစိမ့်နိုင်သော မြေမာအထိရောက်အောင်တူးပြီး အုတ် သို့မဟုတ် ကွန်ကရစ်ဖြင့် တမံနိမ့်တည်ဆောက်ရသည်။ ရန်ပုံငွေမလုံလောက်မှုကြောင့် အုတ်နှင့်ကွန်ကရစ်ကို မသုံးနိုင်လျှင် အောက်ပိုင်းတွင် ရွှံ့စေးများကို    ရေဖြတ်မစီးနိုင်အောင်အထိ သိပ်ပေးကာ မြေတွင်ပေါ်နေသည့်အပိုင်းကို မြေမာများဖြင့် ခိုင်ခံ့အောင်စီမံ၍လည်း တမံတည်ဆောက်နိုင်သည်။ တမံပြီး၍ မိုးရေစီးဆင်း ဝင်ရောက်လာသည့်အခါ နုန်းများ၊ အရွယ်သေး၍ ပေါ့ပါးသောမြေမှုန်များသည် ရေနှင့်အတူ တမံကိုကျော်၍ ဆက်လက်စီးဆင်းသွားပြီး တမံနောက်တွင် သဲကြမ်းများ တဖြည်းဖြည်း မို့တက်လာကာ တမံထိပ်အထိ ရောက်လာသည်။

အချို့နေရာများတွင် မိုးတစ်ကြိမ်ရွာပြီးသည်နှင့်  သဲများဖြင့်ပြည့်သွားကြပြီး အချို့ဒေသများတွင်မူ မိုးနှစ်ကြိမ်သုံးကြိမ်ခန့် ရွာသောအခါမှ သဲပြည့်သည်။ မျက်မြင်၌  သဲကိုသာတွေ့ရသော်လည်း သဲပြင်အောက်သဲလုံးများကြားတွင် ရေများပြည့်နေသည်။ သဲထုထည် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည်   ရေများဖြစ်ကြသည်။

ဘေးနှစ်ဖက်မြေပြင်ရှိ သဲများထဲသို့လည်း ရေများစိမ့်ဝင်ကူးလူးကာ တင်ကျန်နေသည်။ ယင်းရေများကို လက်ယက်တွင်းများဖြင့်လည်းကောင်း၊ ဆန်ခါတပ်ထားသောပိုက်ဖြင့် တမံဘေးမှဖောက်၍လည်းကောင်း၊ ရေတွင်းများ လက်ဆွဲတုံကင်များဖြင့်လည်းကောင်း ရယူအသုံးချနိုင်သည်။

သဲတမံများသည် ရေဂါလန်ပေါင်းသိန်းနှင့်ချီ၍ သိုလှောင်ထားနိုင်ပြီး သုံးလိုက်၊ မိုးရွာလျှင် ပြန်ပြည့်လိုက်ဖြစ်နေသောကြောင့် လူဦးရေ ၁၀ဝ၀ ခန့်ကို တစ်နှစ်ပတ်လုံး သောက်သုံးရေ၊ စိုက်ရေများပေးနိုင်သည်။

သဲကြောထဲရှိရေများသည်  တိရစ္ဆာန်အညစ်အကြေး စသည်တို့ကြောင့် ညစ်ညမ်းမှုနည်းပါးသည့်အပြင် မြေပေါ်ရေကဲ့သို့ အငွေ့ပြန်ဆုံးရှုံးမှုမရှိသဖြင့် လှောင်ထားသောရေအား ကြာကြာသုံးရသော အကျိုးကိုရရှိသည်။ ခြင် စသည့်ပိုးမွှားများ ပေါက်ပွားခြင်းမပြုနိုင်။  အခြားတမံကြီးများကဲ့သို့ ဂေဟစနစ်ကို ထိခိုက်နိုင်ခြင်းမရှိ။

တမံကို   ချောင်း၏ကြမ်းပြင်ပေါ်အထိ မဆောက်ဘဲ မြေအောက်တွင်သာ မြှုပ်ထားခြင်းဖြင့် မြေအောက်တမံတည်ဆောက်ကာ မြေအောက်သဲလွှာများတွင်း၌ ရေသိုလှောင်ထားနိုင်သည်။

ယင်းနည်းဖြင့်   ဆောက်ထားသော သဲတမံများသည်  မိုးရေရယူသိုလှောင်အသုံးချစနစ် အမျိုးမျိုးတွင် ကုန်ကျစရိတ်အနည်းဆုံးဖြစ်သည်။ ရေအမြဲမစီးသည့် တောင်ကျချောင်းများ၌ တောင်ပေါ်တွင် မိုးရွာသည်နှင့် သဲနုန်းများ၊ သစ်ပင်များ၊ အမှိုက်သရိုက်များ အရှိန်ဖြင့်ဆင်းလာကာ စီးရာလမ်းတစ်လျှောက်  အပျက်အစီးများစွာ ဖြစ်ပေါ်စေနိုင်ရာ သဲတမံများက ယင်းအန္တရာယ်ကို လျော့နည်းစေသည်။

ရေထုထည် ကုဗပေ ၃၅၀ဝဝဝ မှ ကုဗပေ ၃၅၀ဝဝဝ၀ဝ အထိ သိုလှောင်နိုင်သော သဲတမံများကို ခြောက်သွေ့ဒေသများ၌ တွေ့နိုင်သည်။ အာဖရိကတိုက် ကင်ညာနိုင်ငံရှိ သဲတမံအများစုသည် ၆ ပေအမြင့် ပေ ၁၂၀ ခန့်ရှည်သည်။  ဘိလပ်မြေအိတ်  ၅၀ဝ  အပါအဝင်  ပစ္စည်းနှင့်လုပ်အားခ အမေရိကန်ဒေါ်လာ ၁၀ဝဝဝ ခန့်ကုန်ကျသည်။ ထိန်းသိမ်းစရိတ် အလွန်နည်းပါးသည်။   သဲတမံတစ်ခုသည်   ပျမ်းမျှနှစ်ပေါင်း ၅၀ ခန့်ခံသည်။ ကင်ညာနိုင်ငံရှိ ရေထုထည်ကုဗပေ ၇၀ဝဝဝ  ခန့်အထိ သိုလှောင်ထားနိုင်သော သဲတမံတစ်ခုက အနီးရှိရွာတစ်ရွာအပေါ်   အကျိုးပြုနိုင်မှုကို လေ့လာသည့်အခါ ပေါ်ထွက်လာသောရလဒ်မှာ   အောက်ပါအတိုင်းဖြစ်သည်။    ။