သဘာဝဘေးဒဏ်ကို အန်တုကျော်လွှား၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ ‌အောင်နိုင်ဆုများ ဆွတ်ခူးဖို့ ဝိုင်းဝန်းကြိုးပမ်းစို့

Posted_Date

Image

သဘာဝဘေးဒဏ်ကို အန်တုကျော်လွှား၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ ‌အောင်နိုင်ဆုများ ဆွတ်ခူးဖို့ ဝိုင်းဝန်းကြိုးပမ်းစို့

Body

နေပြည်တော်တွင် နှစ်ပေါင်း  ၂၀ နီးပါး တာဝန်ထမ်းဆောင်စဉ် အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော  မန္တလေးမြေငလျင်ကြီးသည် မိမိမွေးဖွားသည်မှ ယနေ့အသက်  ၆၀  ကျော်ကာလအတွင်း  ပထမဆုံးတွေ့ကြုံခဲ့ဖူးသော အပြင်းထန်ဆုံးသော  သဘာဝဘေးငလျင်ဖြစ်သည်။

ငလျင်လှုပ်သည့်နေ့ မတ်လ ၂၈ ရက်တွင် ဌာနအကြီးအကဲများက ချက်ချင်းပင် မိမိဌာနဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု၊ ဝန်ထမ်းလိုင်းခန်းများ အပါအဝင် ရုံးအဆောက်အအုံ ပျက်စီးမှုများကို လိုက်လံစစ်ဆေးကြည့်ရှုကြရာ မိမိကိုင်တွယ်ရသော ဌာနခွဲမှာ မြန်မာ့အားကစားအမွေအနှစ်များ (ရုပ်တုများ၊ ဆုဖလားများ၊ ဆုတံဆိပ်မှတ်တမ်းများ၊ သမိုင်းဝင်ဓာတ်ပုံများ)ကို အများပြည်သူကြည့်ရှု လေ့လာနိုင်ရန် ပြခန်းများလည်းပါဝင်၍ လာရောက်စစ်ဆေးသူ အကြီးအကဲများက အဆိုပါ အားကစားအမွေအနှစ်ပစ္စည်းများအတွက် စိုးရိမ်ကာ ပြခန်းများအတွက် ညဂျူတီချရန် ညွှန်ကြားခဲ့ကြသည်။

မိမိအပါအဝင် ဝန်ထမ်းများ အိမ်ရာရွှေ့ပြောင်းရေးကိစ္စ ညှိနှိုင်းအစည်းအဝေး ကျင်းပအပြီးမှာ ကျွန်တော်လည်းပဲ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းအတွင်း နေအိမ်ခန်းတစ်ခန်း ရရှိခဲ့၍ နေထိုင်ရေး အဆင်ပြေခဲ့သည်။ အားကစားဌာန ဝန်ထမ်းဖြစ်ရတာကို ယခုအချိန်တွင် ဂုဏ်ယူမိသည်။ ကျေးဇူးတင်ထိုက်သူအပေါင်းကို ကျေးဇူးတင်မိသည်။ အဆိုပါအားကစားလေ့ကျင့်ရေးစခန်းတွင်ပင် စခန်းဝင် အားကစား သမားများသည်လည်း ထိုအတောအတွင်း အဆောင်ရှေ့များ၌ ထွက်အိပ်ကြသည်ကို တွေ့ရသည်။

လျှပ်စစ်မီးနှင့် ရေကလည်းမလာ၍  အားလုံးစိတ်ညစ်နေကြသည်။ အဆိုပါပြဿနာများကို ပြည်ထောင်စုဝန်ကြီး ဦးစီး၍ ဒုတိယဝန်ကြီးများ အပါအဝင် ဌာနအကြီးအကဲများ စုပေါင်းတိုင်ပင် ညှိနှိုင်းကာ ဝန်ထမ်းများနှင့် မှီခိုသူမိသားစုများ၊ အားကစားသမားများ၊ နည်းပြများအားလုံး၏ နေထိုင်ရေး၊ စားသောက်ရေးအတွက် ထမင်းဘူးများဖြန့်ဝေပေးခြင်း၊ ရေကားများနှင့် ရေဖြန့်ဝေပေးခြင်း၊ သောက်ရေသန့် အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းတို့ကို စီစဉ်ပေးနိုင်ခဲ့သည်မှာ ကျေးဇူးတင် ဝမ်းသာစရာဖြစ်ခဲ့သည်။ တစ်ပတ်ခန့်အကြာမှာပင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။

ရေကတော့ ငလျင်လှုပ်မှုကြောင့် မြေ‌အောက်ရေပိုက်လိုင်းများ ကွဲခြင်း၊  ပြတ်တောက်ပျက်စီးခြင်းများ  ဖြစ်ပေါ်ခဲ့၍ သက်ဆိုင်ရာဌာနများက  အချိန်ယူပြီး  ပင်ပင်ပန်းပန်း ဆောင်ရွက်ပေးကြသဖြင့် ကျေးဇူးတင်ထိုက်သူများတွင် သူတို့လည်းပါဝင်ကြသည်။ အဆိုပါကာလအတွင်း အရေးပေါ်လုပ်ငန်း ဆောင်တာများတွင် အားကစားနည်းပြကြီးများ၊ အားကစားသမားများက  အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ကြသည်ကို တွေ့ရ၍ လွန်စွာကျေးဇူးတင်မိသည်။ ရန်ကုန်တိုင်းဒေသကြီး အားကစားထောက်အကူပြုအဖွဲ့မှ မိမိတို့ဝန်ကြီးဌာနသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်အပါအဝင် လက်နှိပ်ဓာတ်မီးကအစ ဦးဦးဖျားဖျား တကူးတက လာရောက်လှူဒါန်းသွားသည်မှာ ကျေးဇူးတင်အမှတ်တရဖြစ်စေခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌကြီးများအပါအဝင် ရပ်ဝေးဒေသ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အားကစား မိသားစုများကလည်း လာရောက်လှူဒါန်းကြ၍ အလှူရှင်များနှင့် ဌာနအကြီးအကဲများကို များစွာကျေးဇူးတင်မိသည်။ ဌာနခွဲအသီးသီးရှိ ရုံးများမှာလည်း လတ်တလောအခြေအနေအရ ပြောင်းရွှေ့ရ၍ စားပွဲခုံ၊ ဗီရို၊ မိတ္တူကူးစက်များ၊ ကွန်ပျူတာများ၊ ဆက်တီများ၊ အနှစ်နှစ်အလလက ရုံးစာဖိုင်များကို ရွှေ့ပြောင်းသယ်ယူရာမှာလည်း အမှန်တကယ် မိမိအပါအဝင် အမျိုးသားဝန်ထမ်းများက ပိုမိုပင်ပန်းကြရသည်။ နောက်ပိုင်းတွင် ဌာနအကြီးအကဲများ၏ ညှိနှိုင်းစီစဉ်ပေးမှုဖြင့်  တပ်မတော်သားများ အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေးလံသော အားကစားဆိုင်ရာ ပစ္စည်းများကို ဝိုင်းဝန်းကူညီ သယ်ပိုးပေးမှုကြောင့်လည်း   တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအပါအဝင် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသော အကြီးအကဲများကို အထူးလေးစားကြည်ညိုမိသည်။

မိမိသည်လည်း အားကစားနှင့် လူငယ်‌ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အားလျော်စွာ မိမိဝန်ကြီးဌာန၏ တာဝန်ကြီးတစ်ရပ်ဖြစ်သော လာမည့်ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အဆင့်မီမီပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှု အရှိန်အဟုန်များ လျော့ပါးသွားမည်ကို စိုးရိမ်ပူပန်မိသည်။

ရေအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲအပါအဝင် လေ့ကျင့်ရန်နေရာများနှင့် စားသုံးသည့် အစားအစာများမှ ရသင့်ရထိုက်သော အာဟာရတန်ဖိုး ကယ်လိုရီများ လျော့နည်းသွားမည်ကိုပင် စိုးရိမ်မိသည်။ ဆုတံဆိပ်များ ရရှိရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိပြီး   လေ့ကျင့်မှုအရှိန်အဟုန် ပျက်မည်ကို စိုးရိမ်ပူပန်လျက်ရှိစဉ် ထိုအပူသောကကို ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နာယကဂုဏ် ခြောက်ပါးနှင့်လျော်ညီစွာ စီမံခန့်ခွဲကာ ဖြေရှင်းပေးနေသည်ကို တွေ့မြင်ရသည်။

၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများက နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အားကစားသမားများ၊ တိုင်းဒေသကြီး /ပြည်နယ်ပြိုင်ပွဲများမှ အလားအလာရှိသော လူငယ်လက်ရွေးစင်များကို အားကစားလေ့ကျင့်ရေးစခန်း (နေပြည်တော်)တွင် စခန်းသွင်းလေ့ကျင့်စေရေး စီမံဆောင်ရွက် ထားသည်။ အဆိုပါ အားကစားသမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး  ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်အောင် စီမံဆောင်ရွက်ပေးထားသည်။ ငလျင်လှုပ်ချိန်ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများ အပါအဝင် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ ငလျင်ဒဏ်ကို   အသီးသီးကိုယ်တွေ့ ခံစားခဲ့ကြရသည်။ အဆိုပါအချိန်အတွင်း  အားကစားသမားများ၏ လေ့ကျင့်မှု အရှိန်အဟုန် မလျော့ပါးစေရေးအတွက် ဌာနအကြီးအကဲများက စီမံထားသည်။ နေပြည်တော်အတွင်း   လျှပ်စစ်မီးနှင့်   ရေအခက်အခဲရှိနေစဉ် အားကစားအဖွဲ့၏ စွမ်းဆောင်ရည်ကျဆင်းမှု မရှိစေရေးကို ပြည်ထောင်စုဝန်ကြီးက လိုက်လံစစ်ဆေးကာ လိုအပ်ချက်များကို ဖြည့်စွက်ပေးသည်။ ငလျင်လှုပ်ပြီး တစ်ပတ်ခန့်အကြာတွင် ရန်ကုန်မြို့ရှိ အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်းများကို စနစ်တကျ ပြင်ဆင်ခဲ့သည်။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လေ့ကျင့်သည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်စနူကာ၊ ပန်ကြပ်စီလပ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘော်လီဘောအားကစားနည်း စသည်တို့ဖြစ်သည်။ ဘတ်စကက်ဘော၊ သေနတ်ပစ်၊  လှေလှော်အပါအဝင် ကရာတေး အားကစားနည်းတို့မှာမူလကတည်းက ရန်ကုန်တွင် လေ့ကျင့်လျက်ရှိသည်။

လာမည့် (၃၃) ကြိမ်မြောက် SEA Games တွင် အိမ်ရှင်ထိုင်းက အားကစားနည်း ၅၀ နည်း ထည့်သွင်းကျင်းပရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ     မြန်မာအားကစားအဖွဲ့ကလည်း အားကစားနည်းအမျိုးအစား ၃၀ ခန့်တွင် အရည်အချင်းမီမီဝင်ရောက်ယှဉ်ပြိုင်ရန်    မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ဦးဆောင်မှုဖြင့်   မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာခံကာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး  မိမိဌာနအကြီးအကဲများက ဖြစ်နိုင်သမျှဆောင်ရွက်ပေးနေပြီး   ကျရာတာဝန်အပေါ် စေတနာထပ်ဆောင်း ဝီရိယလောင်းရင်း တာဝန်ကျေပွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း မိမိအနေဖြင့် သိမြင်မိသည်။ လက်ရွေးစင်အားကစားသမားများကလည်း“ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်”ဆိုသည့်အတိုင်း  မြန်မာဟူသော ငါ့လူမျိုး၊ ငါ့နိုင်ငံအတွက် တိုင်းတစ်ပါးမြေတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့အလံကို တိုင်ထိပ် ရောက်အောင် လွှင့်ထူဖို့  ငါတို့သွေး၊  ငါတို့ချွေး၊ ငါတို့ရဲ့အားမာန်ဖြင့် ပြိုင်ပွဲတွင် ဖြစ်နိုင်သမျှ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အချိန်အထိ ကြိုးစားယှဉ်ပြိုင်အနိုင်ယူမည်ဟူသောအောင်နိုင်စိတ်ဖြင့် ပြင်ဆင် လေ့ကျင့်လျက်ရှိသည်။

အားကစားသမားများ အားကစားနည်းအလိုက် ကယ်လိုရီနှင့်ကိုက်ညီအောင် အတတ်နိုင်ဆုံး ကျွေးမွေးရေး၊ တားမြစ်ဆေးဝါးများ သုံးစွဲမှုကင်းရှင်းနိုင်ရေးအတွက် အားကစားဆေးဘက်ဆိုင်ရာ ဌာနခွဲအပါအဝင် မြန်မာနိုင်ငံတားမြစ်ဆေးဝါး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့အစည်း (MADO)ကလည်း    အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးခြင်းများ၊ စားရိပ်သာအပါအဝင် အားကစားပရိဝုဏ်အတွင်း အသိပညာပေးဆောင်ပုဒ်များ ချိတ်ဆွဲခြင်းတို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်။ နိုင်ငံတော်ကလည်း လက်ရွေးစင် အားကစားသမားများအတွက် စားစရိတ်ကို ယခင်ထက် ပိုမိုတိုးမြှင့်ခွင့်ပြုပေးသည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးသော ဆက်စပ်ဝန်ကြီးဌာနများနှင့် နိုင်ငံတော်အကြီးအကဲကို အထူးကျေးဇူးတင် လေးစားမိသည်။

ငလျင်လှုပ်ခတ်ပြီး   မရှေးမနှောင်း ကာလအတွင်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အကြောင်း    ယခုဆောင်းပါးတွင် ထည့်သွင်းဖော်ပြလိုသည်။ မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲ့ချုပ်မှာ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်  နေပြည်တော်တွင် ရက်ရှည်စခန်းသွင်း လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ ငလျင်လှုပ်

ပြီးချိန်တွင်လည်း လေ့ကျင့်မှုမပျက်စေရေး အာရုံစိုက်လုပ်ဆောင်ဆဲပင်ဖြစ်သည်။ မျိုးဆက်သစ် ဂျူနီယာတန်းတွင် အသက် ၁၀ နှစ်အောက် လေးဦး၊ အသက် ၁၂ နှစ်အောက် နှစ်ဦး၊ အသက် ၁၈ နှစ်အောက်တစ်ဦး၊ စီနီယာတန်းတွင် Youth Camp မှတစ်ဦး၊ ပဏာမ လက်ရွေးစင် လေးဦးအပါအဝင် စုစုပေါင်း ၁၂ ဦးပါအသင်းက မလေးရှားနိုင်ငံတွင် ဧပြီလ ၁၁ ရက် မှ ၁၃ ရက်အထိကျင်းပသော PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၅)ဆု၊ ငွေ (၄)ဆု၊ ကြေး (၃)ဆုဖြင့် ပြိုင်ပွဲဝင် အားကစားသမား ၁၂ ဦးလုံး ဆုအသီးသီး ဆွတ်ခူးခဲ့ကြသည်ကို အဖွဲ့ချုပ်အတွက်၊ ဝန်ကြီးဌာနအတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ဖြစ်ခဲ့သည်။

တိုးတက်အောင်မြင်မှုတိုင်းသည် ရေရှည်စဉ်ဆက်မပြတ်ဖြစ်ရန် Sustainable Development လိုအပ်သည်။ Sustainable Development  နှင့်ပတ်သက်၍ ဂျူဒိုအားကစားအဖွဲ့ချုပ်၏ ဆောင်ရွက်ချက်ကို ဥပမာပေး၍ ဖော်ပြလိုသည်။ ဆောင်းပါးရှင် အထက်မှာဖော်ပြခဲ့ပြီးသော မလေးရှားနိုင်ငံ ပီနန်းမြို့သို့ သွားရောက်ယှဉ်ပြိုင်သည့် မြန်မာဂျူဒိုအားကစားအဖွဲ့ ပြည်ပသို့မထွက်ခွာမီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၏  ဩဝါဒခံယူသည့်နေ့တွင် အသင်းနည်းပြအား ဝန်ကြီးက “ယခုပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့  မည်သို့ပြင်ဆင် လေ့ကျင့်ပေးထားပါသလဲ” ဟု မေးမြန်းရာတွင် နည်းပြက“အထူးသီးသန့်တော့ ပြင်ဆင်လေ့ကျင့်ပေးထားခြင်း မရှိပါ။  

လပေါင်းများစွာ ရေရှည်စခန်းဝင် ပုံမှန်လေ့ကျင့်ပေးထားပြီးသား ဖြစ်၍ အားကစားသမားများအားလုံး မိမိတို့လေ့ကျင့်ပေးထားသည့်အတိုင်း သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်မှာ    အမှတ်ရဖွယ်ဖြစ်ခဲ့ပြီး   ပြိုင်ပွဲမှပြန်ရောက်လာချိန်   ပြိုင်ပွဲဝင် ၁၂ ဦးလုံး ရွှေတံဆိပ်အပါအဝင် ဆုအသီးသီး ဆွတ်ခူးပေးနိုင်သည်မှာ  Sustainable Training ၏ အကျိုးဆက်ဆိုသည်မှာ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ သိသာထင်ရှားပေသည်။  မြန်မာဂျူဒိုအသင်းအတွက်  နည်းပြတာဝန်ထမ်းဆောင်နေသည့်  ဂျပန်နည်းပြ  Yamato Hiranuma  ကလည်း စေတနာ၊ ဝါသနာအပြည့်ဖြင့် မြန်မာအသင်းကို ကိုင်တွယ်ပေးနေသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံသြဝါဒခံယူသောနေ့တွင် မြန်မာလိုနှုတ်ဆက် တင်ပြသွားသည်မှာ လေးစားစရာ အမူအရာအသွင်အပြင်ကို တွေ့ရသည်။

မြန်မာအသင်းကို ကိုင်တွယ်နေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်နေသော  ဂျူဒိုမြက်ဖျာများရရှိရေး အပါအဝင် ဂျူဒိုမျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် Judo in School အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး မြန်မာဂျူဒိုအသင်းအောင်မြင်မှု  ရရှိနေသည်မှာလည်း သူ့ကျေးဇူးမကင်း၍ ဂျူဒိုအားကစားဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်မိသည်။

ယခု မေလ ၈ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ၊ အကောင်းဆုံးအုပ်ချုပ်သူနှင့် နည်းပြဆုများ၊ စွမ်းဆောင်ရည်အကောင်းဆုံး အားကစားအဖွဲ့ချုပ်ကို ဆုရွေးချယ်ပေးအပ်ရာတွင် ဆုချီးမြှင့်ခံရသူ အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူတို့သည် အားကစားလောကတွင် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် အားကစားကို ကိုယ်ရောစိတ်ပါ ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသူများဖြစ်ကြ၍ ‌ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကို စွမ်းဆောင်ရည် အကောင်းဆုံးအဖွဲ့ချုပ်ဆုပေးအပ်ခဲ့သည်မှာ Sustainable Development ဖြစ်အောင် ဆောင်ရွက်နိုင်မှုကြောင့်ဟု ချီးမွမ်းလိုသည်။ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုလို Sustainable Development ဖြစ်အောင် စွမ်းဆောင်နိုင်သော မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့မှာ ဆုတံဆိပ်များမလွတ်တမ်း ဆွတ်ခူးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိသည်။

အလားတူ မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့သည်လည်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၄   ရက်မှ ၂၅ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၈၅)ကြိမ်မြောက် စင်ကာပူဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲသို့ အားကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်လေးဆု ဆွတ်ခူးရရှိခဲ့သည်မှာလည်း    အိုလံပစ်အားကစားနည်း တစ်ခုဖြစ်သော ‌ရွှေ၊ ငွေ၊ ကြေး အရေအတွက် ၄၀ ကျော်စီ    ချီးမြှင့်လေ့ရှိသော ကျွန်းဆွယ်ပွဲ (ယခုအခေါ် “အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ”)တွင် မြန်မာတို့ ဝင်ရောက်ယှဉ်ပြိုင်သော အားကစားနည်းများအနက် ရွှေ၊ ငွေ၊ ကြေး ဆုအရေအတွက် အများဆုံး ဆွတ်ခူးခဲ့ဖူးသော မြန်မာတို့ ယခုအချိန်ထိ လက်လှမ်းကွာနေသေးသော ပြေးခုန်ပစ်အားကစားနည်းသည် လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မျှော်လင့်ခြင်းရောင်ခြည်များ ထင်ရှားစွာပေးတော့မည့် အနေအထားပင်ဖြစ်သည်။

ထို့ကြောင့် အားကစားလောက တိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်များ (Human Resourses)    အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူ၊ နည်းစနစ်ကျွမ်းကျင်သူ၊ နည်းစနစ်ညွှန်ကြားရေးမှူး(Technical Director)၊ နိုင်ငံတကာဒိုင်များဖြင့် စနစ်တကျဖွဲ့စည်းထားကာ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အားကစားအဖွဲ့ချုပ်များ ရှိဖို့လိုသလို ငွေကြေးအပါအဝင် လိုအပ်သည်များ ပံ့ပိုးသူ စပွန်ဆာများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ ဝိုင်းဝန်းပံ့ပိုး အားပေးမှုများကလည်း ခွန်အားတစ်ရပ်ပင်ဖြစ်သည်။

ထို့ပြင် လူငယ်လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး အားပေး ဆောင်ရွက်လာစေရေးနှင့် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေးတို့အတွက်  နိုင်ငံတကာအိုလံပစ် ကော်မတီ၊  အာရှအိုလံပစ်ကောင်စီတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံများသို့ ပူးတွဲလေ့ကျင့်ရန်(Joint-Training) စေလွှတ်ခြင်းအပါအဝင် ပြိုင်ပွဲအတွေ့အကြုံ ရရှိရေးအတွက် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများသို့ စေလွှတ်ခြင်း၊ နည်းပြသင်တန်း ဒိုင်သင်တန်းများသို့ စေလွှတ်ခြင်း၊ အလျဉ်းသင့်သလို မြန်မာနိုင်ငံ၌လည်း ပြည်ပအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ အားကစားနည်းအလိုက် လုပ်ငန်းအထောက်အကူပြု Seminar၊ Workshop များ ကျင်းပခြင်းတို့ကို အားကြိုးမာန်တက် ဆောင်ရွက်ကြရမည်ဖြစ်သည်။

တစ်ဆက်တည်းပင် အာရှနိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံ Tohoku မြို့တွင် ၂၀၁၁ ခုနှစ် မတ်လ ၃ ရက်က ပြင်းအား ၉ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော်လည်း အားကစားသမိုင်းတွင် အောင်မြင်ခဲ့သည့် အကြောင်းကို  ဆက်စပ်ဖော်ပြလိုသည်။ အဆိုပါ ငလျင်ဘေးဒဏ်ခံခဲ့ရာတွင် အစိုးရအရာရှိအကြီးအကဲများ ကိုယ်တိုင် သေပျောက်မှုတွင်ပါဝင်ကြောင်း၊ မြေငလျင်ဘေး နောက်ဆက်တွဲအဖြစ် ဆူနာမီမုန်တိုင်းကြောင့် ပင်လယ်ဒီရေကြီးမြင့်မှုဒဏ်ကိုပါ နောက်ဆက်တွဲခံခဲ့ရ၍ Fukushima Power Plant စက်ရုံနှစ်ခု ပေါက်ကွဲမှုပါဖြစ်ပွားခဲ့ကြောင်း၊ Toyota မော်တော်ကားကုမ္ပဏီများ ထုတ်လုပ်မှုလျှော့ချခဲ့ရကြောင်း၊ လူပေါင်း  ၁၅၈၉၄  ဦး သေဆုံးကာ ဒဏ်ရာရသူ ၆၁၅၂ ဦးရှိပြီး ၂၅၆၂ ဦး ပျောက်ဆုံးခဲ့ကြောင်း၊ ဒုက္ခသည်ပြည်သူ ၂၅၀၀၀၀ ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးရာတွင် မြို့ရှိ အကြီးအကဲများမရှိသဖြင့် ဒေသခံပြည်သူတို့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို    ၎င်းတို့အစီအစဉ်နှင့် လုပ်ရကြောင်း၊   သီးနှံများပျက်စီးသည့်အပြင်  National Eco System များ  ပျက်စီးခဲ့ရကြောင်းသိရသည်။

ငလျင်ဘေးဒဏ်ခံရသည့် ၂၀၁၁ ခုနှစ်အတွင်းကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်နေသည့် ဘောလုံးအားကစားသမားများ၏ မိသားစုဝင်များပင်လျှင် အဆိုပါ သဘာဝငလျင်ဘေးဒဏ်ကို ခံစားရသည့်အပြင် လေ့ကျင့်ရေးစခန်းများ Training Camps ပျက်စီးမှုကြောင့် ပုံမှန်လေ့ကျင့်ခွင့်ပင်မရခဲ့ကြ။ ထိုသို့သော အခက်အခဲများကြားမှပင် ၂၀၁၁ ခုနှစ်  အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျပန်အမျိုးသမီး လက်ရွေးစင်အသင်းက နောက်ဆုံးဗိုလ်လုပွဲ၌  အမေရိကန်အသင်းကိုနိုင်ပြီး ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပသည့် အချိန်မှသည် ၂၀၁၁ ခုနှစ်အထိ အာရှနိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ခြေစစ်ပွဲအောင်သော အမျိုးသားဘောလုံးအသင်းများနှင့် အမျိုးသမီးဘောလုံးအသင်းများအနက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်သည့်အသင်းမှာ ဂျပန်အမျိုးသမီးဘောလုံးအသင်း တစ်သင်းသာရှိသည်မှာ အာရှနိုင်ငံများအတွက် ဂုဏ်ယူဖွယ်ဖြစ်ပေသည်။

ထို့ကြောင့် မိမိတို့နိုင်ငံနှင့်နှိုင်းယှဉ်လျှင် များစွာဆိုးဝါးသည့်ငလျင်နှင့် ဆူနာမီရေဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရသော ဂျပန်လက်ရွေးစင်အမျိုးသမီး ဘောလုံးကစားသမားများကို စံအတုယူလျက် မြန်မာ့ လက်ရွေးစင် အားကစားသမားများသည်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး၏ နောက်ဆက်တွဲဘေးဒုက္ခများကြောင့် မိမိတို့ကိုယ်စီ လေ့ကျင့်ထားသော စွမ်းရည်ကို မဆုတ်ယုတ်စေဘဲ အခက်အခဲမှန်သမျှကို ကျော်လွှား Overcome လုပ်နိုင်ကာ ပြိုင်ပွဲတိုင်းတွင် မိမိရှိရင်းစွမ်းဆောင်မှုထက် အဆပေါင်းများစွာ ဖော်ထုတ်ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း၊ လျင်မြန်သွက်လက်လျက် ကျောက်နံရံလို    မာကျောသောစိတ်ဓာတ်   ခံနိုင်ရည်အပြည့်ဖြင့် ထွန်းပြောင်ခဲ့သည့် မြန်မာ့သမိုင်းရာဇဝင် အစဉ်အလာရှိခဲ့ဖူးသည်များကို အမှတ်ရလျက် မြန်မာ့သမိုင်းအစဉ်အလာမပျက် ထိုင်းနိုင်ငံမြေတွင် မြန်မာအလံကို တိုင်ထိပ်အရောက် အကြိမ်ကြိမ်အလီလီ လွှင့်ထူနိုင်သော အားကစားသူရဲကောင်းများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်    နိုင်ငံချစ်သူနိုင်ငံသား ဝန်ထမ်းတစ်ယောက်အနေနှင့်  ဤဆောင်းပါးဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။    

Source: Myawady Web Portal