ဝမ်းဗိုက်ပူသူများအတွက် ဗိုက်အဆီကျစေမည့်နည်းလမ်းများ
Posted_Date
Image

Body
ဝမ်းဗိုက်ပူနေသူကို ဗိုက်ပူ သို့မဟုတ် ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်လေ့ရှိပါတယ်။ ဝတဲ့သူတွေပဲဗိုက်ပူတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေပါ အစာအာဟာရမမျှတာ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်တာ၊ အရက်ဘီယာအလွန်အကျွံသောက်တာကြောင့် ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တာက ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားကျန်းမာရေး ပြဿနာတွေလည်း တွေ့ကြုံရနိုင်ပါတယ်။
ဗိုက်ပူနေတာက အမြင်အနေနဲ့အကြည့်ရဆိုးစေသလို နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။
ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်းကိုလက်စထရောတွေ၊ သကြားဓာတ်တွေက အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးရောဂါအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်ခြင်းအထိ ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် ဗိုက်ပူတဲ့သူတွေအတွက် အချိန်တိုအတွင်းအဆီကျစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။
အချိုလျှော့စားခြင်း
သကြားအလွန်အကျွံ ထည့်ထားတဲ့မုန့်တွေ၊ ဖျော်ရည်တွေ၊ အအေးတွေ၊စားစရာတွေက အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။ သကြားမှာ ဂလူးကို့စ်တစ်ဝက်၊ ဖရက်တို့စ်သကြားခေါ်တဲ့ အသည်းကပဲ ချေဖျက်နိုင်တဲ့ ဓာတ်ပေါင်းတစ်ဝက် ပါဝင်ပါတယ်။
ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့ ဂလူးကို့စ်ကိုအသုံးပြုရပါတယ်။ သကြား ပါဝင်မှုများတဲ့အချိုမုန့်တွေ၊ အအေးတွေ၊ အချိုရည်စတာတွေ စားသောက်တာများလာတဲ့အခါ သွေးတွင်းဖရက်တို့စ်ပမာဏများလာပါတယ်။ အသည်းက ကောင်းကောင်းမချေဖျက်နိုင်တော့တဲ့အခါ အဲဒီဓာတ်ပေါင်းတွေက အဆီအဖြစ် ပြောင်းလဲသွားပြီး ဝမ်းဗိုက်နဲ့အသည်းမှာ အဆီဖုံးသွားပါတယ်။
အချိုဓာတ်ကအဝလွန်စေပြီး ဗိုက်အဆီတက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းနဲ့ နှလုံးမှာရောဂါ ဖြစ်စေပါတယ်။ အချိုဓာတ်က ကယ်လိုရီစားချင်စိတ်ကိုနှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုစားရင်းနဲ့ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့် ဗိုက်အဆီချလိုသူတွေအနေနဲ့ သကြားနဲ့အချိုလျှော့စားဖို့ လိုအပ်ပါတယ်။
ကစီဓာတ်လျှော့စားခြင်း
ကစီဓာတ်က ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ တစ်နေ့တာခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကစီဓာတ်စားသုံးမှုများတဲ့အခါ အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲသင့်ပါတယ်။ ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ပဲအမျိုးမျိုး၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်တွေ အများအပြားပါဝင်တာကြောင့် ဗိုက်အဆီကျလိုသူတွေ အနေနဲ့ ပုံမှန်ထက်လျှော့ပြီးစားပေးသင့်ပါတယ်။
ပရိုတင်းပိုစားခြင်း
အသားဓာတ်လို့လူသိများတဲ့ပရိုတင်းဓာတ်က ကိုယ်အလေးချိန်ကို ကျစေတဲ့ အာဟာရဓာတ်အဖြစ် လူသိများပါတယ်။ ပရိုတင်းဓာတ်က ကိုယ်တွင်းကယ်လိုရီတွေကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။ အဝလွန်နေသူတွေ၊ ဝမ်းဗိုက်အဆီချလိုသူတွေအနေနဲ့ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်၊ အသား၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးစတဲ့ပရိုတင်း ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားသင့်ပါတယ်။
အမျှင်ဓာတ်များတဲ့အစာစားခြင်း
အမျှင်ဓာတ်က နေ့စဉ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ကိုရရှိစေပါတယ်။ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ အစာမကြာခဏစားချင်စိတ်ကိုထိန်းချုပ်ပေးနိုင်တယ်။ ဝမ်းဗိုက်မှာစုနေတဲ့ အဆီပိုတွေကိုလည်း လျော့ကျစေနိုင်တာကြောင့် အဝလွန်သူတွေ၊ ကိုယ်အလေးချိန် ထိန်းလိုသူတွေ၊ ဗိုက်အဆီကျလိုသူတွေ အမျှင်ဓာတ်မဖြစ်မနေစားသင့်ပါတယ်။
ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေအပြင် အမျှင်ဓာတ်ပေါများစွာ ပါဝင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း
နေ့စဉ် နာရီဝက်ကနေတစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ ဘောလုံးကန်တာ၊ ဘော်လီဘော ကစားတာ၊ ဘတ်စကက်ဘောကစားတာ၊ ကိုယ်ကာယလေ့ကျင့်တာတွေကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်တွင်းအဆီကျစေဖို့ အာဟာရမျှတတဲ့အစားအသောက်နဲ့ထိန်းဖို့လိုအပ်သလို လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လည်း လိုအပ်ပါတယ်။
ပြားချပ်ပြီး အဆီမရှိတဲ့ ဝမ်းဗိုက်ကိုပိုင်ဆိုင်ဖို့ လေ့ကျင့်ခန်းကို အချိန်ပေးပြုလုပ်ဖို့လိုအပ်သလို အစားအသောက်ကိုပါ ပြောင်းလဲရမှာဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီကျဖို့ အောက်ပါ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။
ငရုတ်သီးစိမ်းမှာ Capsaicin ပါဝင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေလို့ အဆီတွေကို စွမ်းအင်အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။
ပဲမျိုးစုံက ဘယ်လိုအကျိုးရှိလဲဆိုရင် ပဲမျိုးစုံမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့သံဓာတ်ကြွယ်ဝပြီး အဆီနဲ့ရေဓာတ်စုတာကို လျော့ကြစေလို့ဗိုက်ပြည့်တင်းစေပါတယ်။ ပဲကိုကြော်ချက်တာ၊ သုပ်စားတာ ဒါမှမဟုတ်ဖျော်ရည်ထဲထည့်သောက်နိုင်ပါတယ်။
ရွှေဖရုံသီးမှာ ဗီတာမင်-C ကြွယ်ဝပြီး ခွန်အားကိုတည်မြဲစေကာ အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဗီတာမင်-A လည်း ပါဝင်တာကြောင့် မျက်စိအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။ ရွှေဖရုံသီးကို ဟင်းချို၊ စွပ်ပြုတ်၊ ဖျော်ရည် ဒါမှမဟုတ် မုန့်ဖုတ်တဲ့အခါ ထည့်သွင်းပြီး စားသုံးနိုင်ပါတယ်။
အစာစားပြီး နာရီအနည်းငယ်အတွင်း ဗိုက်ပြန်ဆာလာပြီး အဆီများတဲ့မုန့်တွေစားချင်စိတ်ကို ထိန်းချုပ် နေရတယ်ဆိုရင် သခွားသီးစားကြည့်သင့်ပါတယ်။ ရေဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်က ဗိုက်ဆာတာကို သက်သာစေပါတယ်။ သခွားသီးကိုလှီးပြီး ရေနဲ့တွဲဖက်စားသုံးရုံပဲဖြစ်ပါတယ်။ အဲဒီလိုစားပေးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး ကယ်လိုရီစားသုံးမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ သခွားသီးနဲ့ရေကနေရရှိတဲ့ရေဓာတ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးမှာ ကယ်လ်စီယမ်နဲ့ဗီတာမင်-C အများအပြားပါဝင်ပြီး ဝမ်းဗိုက်မှာစုနေတဲ့အဆီတွေကို တိုက်ဖျက်ပေးဖို့ကူညီပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးက ရေဓာတ်ပြည့်ဝပြီး အရသာလည်းရှိပါတယ်။ အသုပ်ထဲထည့်စားတာ ဒါမှမဟုတ် ဒီတိုင်းစားတာက ဝမ်းဗိုက်အဆီကျဖို့ကြိုးပမ်း နေသူတွေအတွက်တော့ အကောင်းဆုံးဖြစ်ပါတယ်။
ရေကို နေ့စဉ် ဖန်ခွက်(၆-၈)ခွက် ဒါမှမဟုတ်(၂-၃)လီတာ သောက်သင့်ပါတယ်။ ရေက ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီပိုတွေကိုလောင်ကျွမ်းစေပါတယ်။ ပရိုတင်းက ကြွက်သားတည်ဆောက်မှုကို အားပေးပြီး အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေပါတယ်။ ပထမတန်းစားပရိုတင်းကို အသားကရရှိပြီး ဒုတိယတန်းစားပရိုတင်းကို ပဲအမျိုးမျိုးကနေရရှိပါတယ်။
ဗိုက်ချပ်ဖို့ နေ့စဉ်အစားအသောက်ဆင်ခြင်သင့်သလို နေ့စဉ်နာရီဝက်ကနေတစ်နာရီကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ လမ်းလျှောက်၊ ရေကူးတစ်ခုခုပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကို မြန်ဆန်စွာ လုပ်ခြင်းကြောင့် ကျလာတဲ့ချွေးက ပိုလျှံတဲ့ကယ်လိုရီတွေကို အဆီအဖြစ်မစု ဆောင်းစေဘဲ ချွေးအဖြစ် စွန့်ထုတ်ပစ်လို့ အဆီစုဝေးခြင်း၊ အဝလွန် ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းတို့ကနေကာကွယ်ပေးပါတယ်။
Photo - Times Now