ရေချိုးကြောက်သူများအတွက် လွယ်ကူသော အအေးမိကာကွယ်ဆေး
Posted_Date
Image

Body
မိုးရာသီတွင် အအေးဓာတ်ကြောင့် တချို့က ရေချိုးရမည်ကိုကြောက်ကြသည်။ ရေမချိုးနိုင်သည့်ရက်ကြာသည့်အခါ အပူအောင်းပြီး နေမကောင်းဖြစ်တတ်သည်။ ခန္ဓာကိုယ်အတွင်းမှ အခိုးအငွေ့များ အပေါ်သို့တက်သဖြင့် မျက်စိများဝေခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းအုံမူးဝေခြင်း၊ အာခေါင်၊ ပါးစပ်၊ သွားဖုံးများတွင် အပူကန်ခြင်း၊ ခံတွင်းမကောင်းခြင်း၊ ခံတွင်းနံ့နံခြင်းများ ဖြစ်လာတတ်သည်။
ရေချိုးမှားလျှင် အအေးမိပြီး ဖျားနာတတ်သည်မှာ မှန်သော်လည်း သတိတရားဖြင့်ဆင်ခြင်လျှင် မဖြစ်နိုင်ပေ။ ကြောက်၍ ရေမချိုးသည့်ရက်ကြာလျှင် အပူကန်ခြင်းပြဿနာအပြင် အခိုးငုပ်ခြင်းပြဿနာပါ ဝင်ရောက်လာနိုင်သည်။ အခိုးငုပ်ခြင်းကို ဥပမာပြရလျှင် ဆူနေသောရေနွေးအိုးအဖုံးကို ဖွင့်လိုက်သော အခါ ရေနွေးငွေ့များ ကန်ထွက်လာသည်ကိုတွေ့ရ မည်။ ထိုရေနွေးငွေ့သည် ပြင်းထန်သောကန်အား ရှိသဖြင့် ရထား၊ မီးသင်္ဘောများပင် သွားနိုင်သော စွမ်းအင်ရှိသည်။ ရေနွေးပူလောင်ခြင်းထက် ရေနွေးငွေ့လောင်ခြင်းက ပို၍ဆိုးသည်။ ဤမျှဆိုလျှင် ကိုယ်တွင်းငုပ်နေသော အပူအင်အားကို သိနိုင်ပြီဖြစ်သည်။
တချို့က ရေမချိုးဘဲ ရေဖတ်တိုက်လျှင် မဖြစ်ဘူး လားဟု မေးကြသည်။ နည်းလမ်းမမှန်လျှင် တစ်ခါ တစ်ရံ ရေဖတ်တိုက်ခြင်းက ရေချိုးသည်ထက်ပင် ပို၍အအေးမိတတ်သည်။ ရေဖတ်တိုက်ပြီး လန်းဆန်းသွားသည်မှာ နွေရာသီတွင်ဖြစ်နိုင်သည်။ မိုးတွင်း၊ ဆောင်းတွင်း အေးနေသောအချိန်တွင် ရေဖတ်တိုက်ရန် အင်္ကျီချွတ်နေစဉ်မှာပင် အအေးပတ်နိုင်သဖြင့် အထူးသတိပြုရမည်။ ရေအေးလျှင် ရေနွေးရောပြီး ရေနွေးဖတ်တိုက်ခြင်းက ပို၍သင့်လျော်သည်။ ရေနွေးကြောင့် မွေးညင်းပေါက်တွင် ပိတ်ဆို့နေသော ကြေးညှော်များကင်းစင်ပြီး အခိုးပွင့်အောင် ပြုလုပ်ရမည်ဖြစ်သည်။ အအေးမပတ်အောင် အထူးသတိပြုပါ။ အအေးပတ်လျှင် လူကြီးများတွင် အနည်းဆုံးတွေ့ကြုံရသည်မှာ သွေးတိုးလာခြင်းဖြစ်သည်။ အအေးပတ်သွေးတိုးခြင်းသည် အစားမှားသွေးတိုးခြင်းထက်ပို၍ဆိုးသည်။ နှလုံးကြွက်သားညှစ်အားများပြီး သွေးကြောပေါက်သည်အထိ ဖြစ်တတ်သည်။
တချို့လူများသည် အစားမှားမှ၊ အငန်စားမှ၊ ဆား စားမှ သွေးတိုးသည်ဟု ထင်နေကြသည်။ အအေးပတ် ၍ သွေးတိုးခြင်းသည် ပို၍ဆိုးသည်ကို သတိပြုကြပါ။
ကိုယ်တွင်းမှအပူကို အရေပြားရှိ မွေးညင်းပေါက်များမှ အခိုးအငွေ့အဖြစ် နေ့စဉ်ထုတ်လွှတ်နေသည်။ ထိုမွေးညင်းပေါက်များ ကြေးညှော်ဖြင့် ပိတ်ဆို့မနေ စေရန်၊ အခိုးပွင့်စေရန် နေ့စဉ်ရေချိုးခြင်း၊ ကြေးတွန်းခြင်း၊ ဆပ်ပြာတိုက်ခြင်းကို ပြုလုပ်ကြရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက်ဖြစ်သည်။ လေထုထဲတွင် မိမိတို့မမြင်နိုင်သော ဖုန်နှင့်ဆီချေး ပါသော အခိုးအငွေ့များသည် အမြဲပျံ့လွင့်နေပြီး မွေး ညင်းပေါက်များသို့ လာရောက်ကပ်ငြိပိတ်ဆို့နိုင်သဖြင့် ရေချိုးရန်လိုအပ်သည်ကို သတိပြုရမည်ဖြစ်သည်။
လူငယ်များအတွက် ရေချိုးချိန်ကို သတ်မှတ်မထားသော်လည်း အသက်အရွယ်ကြီးသူများ၊ အိုမင်းသူများ အအေးမမိစေရန် ရေချိုးချိန်ကို သတိပြုသင့်သည်။ နေမထွက်သောအချိန်၊ နေမထွက်သောနေ့တွင် ရေမချိုးသင့်ပေ။ နေရောင်ခြည်တွင် တေဇောဓာတ်ပါလာသဖြင့် အပူဓာတ်ရရှိကာ လူသားများလည်းကျန်းမာ၊ သစ်ပင်ပန်းမန်များလည်း ဖူးကြ၊ ပွင့်ကြ၊ သီးကြသည်ဟု နိယာမအဆိုရှိသည်။
ရှေးက မြန်မာဗိန္ဒောဆရာကြီးများ၏ လင်္ကာအဆိုအရ လူကြီးများ ရေချိုးသင့်သည့်နာရီမှာ နေထွက်ပြီး နွေကိုး၊ မိုး ၁၀၊ ဆောင်း ၁၁ ဟု အဆိုရှိသည်။ အဓိပ္ပာယ်မှာ လူကြီးများရေချိုးသင့်သည့်အချိန်မှာ နွေရာသီတွင် နံနက် ၉ နာရီ၊ မိုးရာသီတွင် နံနက် ၁၀ နာရီနှင့် ဆောင်းရာသီတွင် နံနက် ၁၁ နာရီဟုဆိုသည်။ အတိအကျမဟုတ်လျှင် ဝန်းကျင်ဟုဆိုနိုင်ပါသည်။ လူကြီးများ အအေးမိ ကာကွယ်စေရန် ဤနည်းကို လိုက်နာသင့်သည်။
အေးသောရာသီဥတုတွင် လူတိုင်းအတွက် အအေးမိကာကွယ်ရန် လွယ်ကူသောဆေးနည်းမှာ ရှောက်သီး တစ်လုံးကို ထက်ခြမ်းခွဲပြီးနောက် လေးစိတ်စိတ် လိုက်ပါ။ ထိုအထဲမှ တစ်စိတ်ကိုယူပြီး မတ်ခွက်ထဲ ထည့်ပါ။ ဆူပွက်ပြီးသော ရေနွေးအဖြူပူပူကို ခွက် တစ်ဝက်မျှ လောင်းထည့်ပါ။ ပြီးလျှင် အုပ်ထားပါ။ ထို့နောက် ရေချိုးပါ။ ရေချိုးလျှင် အချိန် ၁၅ မိနစ်ခန့် နှင့် အပြီးချိုးပါ။ အချိန်အကြာကြီးမချိုးပါနှင့်။ ရေချိုး ပြီး အဝတ်အစားလဲပြီးသောအခါ နာရီဝက်ခန့်ကြာပြီး ချိန်တွင် ရှောက်သီးအခွံပါစိမ်ထားသော မတ်ခွက် ထဲမှ ရေနွေးမှာ သိပ်မပူတော့။ သောက်ရန်အနေတော် ဖြစ်ပါသည်။ ရှောက်သီးခွံမှ အနံ့သင်းသင်းထွက်နေသော ရေနွေးကို မတ်ခွက်တစ်ဝက်မျှ ကုန်အောင်သောက်ပါ။ မွှန်သောအနံ့၊ ခါးသက်သောအရသာနှင့် အနည်းငယ်ချဉ်သောအရသာ သုံးမျိုးရပါလိမ့်မည်။ အဆိုပါဆေးနည်းသည် အအေးမိခြင်းကို ထိရောက်စွာ ကာကွယ်နိုင်သော ရေချိုးခံဆေးနည်းဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Photo- Cook for your life