အရေပြားကိုကောင်းကျိုးပြုသော သဘာဝအက်စစ်များ

Posted_Date

Image

အရေပြားကိုကောင်းကျိုးပြုသော သဘာဝအက်စစ်များ

Body

လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်  ဗီတာမင်သက်စောင့်ဓာတ်အပါအဝင်  အဖိုးတန်အာဟာရဓာတ်များ ကိုရရှိ‌ရန်နေ့စဉ်စားသုံးသည့်အသီးအရွက်၊အသီးအနှံများတွင်သဘာဝလက်ဆောင်အဖြစ်  ရယူသုံးစွဲ ရန်လိုအပ်သည်။ များပြားလှသည့် သဘာဝအာဟာရဓာတ်ပစ္စည်း များထဲမှ အရေပြားအကျိုးပြု အက်စစ် ဓာတ်များလည်း  ပါဝင်သည်။အဆိုပါအက်စစ်များကို အရေပြားနုပျိုလန်းဆန်းစေရန် နည်းအမျိုးမျိုး ဖြင့်သုံးစွဲနေကြသည်။

အဆိုပါအကျိုးပြုအက်စစ်ဓာတ်များသည်    သဘာဝကပေးသောအက်စစ်ဖြစ်၍ သဘာဝအက်စစ် ဟုခေါ် သည်။ တချို့မှာ  အော်ဂဲနစ်အက်စစ်ဖြစ်သည်။ ဓာတုပစ္စည်းလုံးဝမသုံးစွဲသည့်  စိုက်ပျိုးထုတ်လုပ်ရာမှရသည့် အသီးအနှံများကို အော်ဂဲနစ်အသီးအနှံများဟုခေါ်သကဲ့သို့ အော်ဂဲနစ်အက်စစ်ဟုခေါ်သည်။ ဂလိုင်ကောလစ်အက်စစ်သည် ကြံပင်မှရသည်။ မယ်လစ်အက်စစ်သည် ပန်းသီးမှရရှိသည်။ တာတာရစ်အက်စစ်သည် စပျစ်သီးမှရရှိသည်။ စစ်ထရစ်အက်စစ်သည် အရည်ရွှမ်းသောအချဉ်သီးမှရရှိသည်။  လက်တစ်အက်စစ်သည် အသီးအနှံမှမဟုတ်ဘဲ နို့ချဉ်၊    ဒိန်ချဉ်တွင်  များစွာပါဝင်သည်။   သဘာဝအက်စစ်များသည် ဖွဲ့စည်းပုံအနည်းအများတူညီသကဲ့သို့   အယ်လ်ဖာဟိုက်ဒြောက်ဆီအက်စစ် အမည် ပေးတတ်သည်။

သဘာဝအက်စစ်များကဆိုးကျိုးထက်ကောင်းကျိုးပိုများသည်။ထို့ကြောင့် အရေပြားနုပျိုလန်းဆန်း ကျန်းမာစေရန်အတွက် အဆိုပါအက်စစ်များကို အဓိကထားအသုံးပြုသင့်သည်။ အရေပြားအကျိုးပြု အက်စစ်များ၏ အဓိကအာနိသင်က အရေပြားအပေါ်လွှာမှ ဆဲလ်ကလာပ်စည်းများကို ဖွံ့ဖြိုးမှုမြန်ဆန်စေသည်။ အရေပြား၏အပြင်ဘက်ဆုံး၊ အပေါ်ဆုံးတွင်ရှိသည့် ကြမ်းတမ်းသောဆဲလ်ကလာပ်စည်းအဟောင်းများကို ဖယ်ရှားပေးကာ  နုပျိုသစ်လွင်သော ဆဲလ်ကလာပ်စည်းအသစ်များနှင့် အစားထိုးပေးနေသည့် အစွမ်းသတ္တိပါရှိသည်။

ရွက်အိုရွက်ဟောင်းများနေရာတွင်ရွက်နုသစ်များနှင့်အစားထိုးသည့်အခါ စိုပြည်တင့်တယ်မှုရှိလာသည်။ ထို့အတူ သဘာဝအက်စစ်များ  ပါဝင်သည့်အသီးအနှံများကိုစားမည်ဆိုပါကခြောက်သွေ့သော အရေပြားအစား အသားအရေနူးညံ့တင်းရင်းသည့်အရေပြားကိုရရှိစေမည်ဖြစ်သည်။  နောက်ထပ်အစွမ်း သတ္တိမှာ   အရေပြား၏အလယ်လွှာကိုလည်း အားကောင်းစေကာ အလယ်လွှာရှိ ကော်လာဂျင်၊ အီလက် စတင်အမျှင်များဖွံ့ဖြိုးလာစေသည်။ ထို့ပြင် အရေပြားအလယ်လွှာထဲမှ အဓိကအမာခံပစ္စည်းဖြစ်သည့် မြူကိုပေါ်လီစက်ခရိုက်တစ်သျှူးကို တိုးပွားစေကာ   အသားအရေနုပျိုစေသည့်အပြင်   အရေးအကြောင်းကင်းစင်စေသည်။

သဘာဝအက်စစ်များကို အရေပြားထိန်းသိမ်းခြင်းအလှကုန်ပစ္စည်းများတွင်   ထည့်သွင်းအသုံးပြုကြသည်။    အဆိုပါအလှကုန်ပစ္စည်းများ တွင်   ဂလိုင်ကောလစ်အက်စစ်ကိုအသုံးများသည်။  ဖွဲ့စည်းပုံအရ မော်လီကျူးအရွယ်သေးငယ်သောကြောင့် လိမ်းလိုက်ပါက အရေပြားထဲအလွယ်တကူစိမ့်ဝင်နိုင်သည်။  ဂလိုင်ကောလစ်အက်စစ်ကို    ဓာတုပေါင်းတင်ခြင်းပြုလုပ်ရာတွင် ပင်တိုင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။ အဆိုပါပေါင်းတင်နည်းသည် အရေပြား၏အပေါ်လွှာကို အက်စစ်လျော့ဖြင့်စားပြီး  ကလာပ်စည်းအသစ်များနှင့်အစားထိုးစေရန်  လုပ်ဆောင်ပေးသည့်နည်းဖြစ်သည်။

အက်စစ်၏ပြင်းအားကို လိုအပ်သည့်ပေါ်မူတည်၍ ချိန်ဆသုံးရသည်။ ပြင်းအားများပါကအရေပြား၏အလယ်လွှာရောက်သွားသဖြင့် တင်းတိပ်နှင့်အမာရွတ်များကုစားရာတွင် အသုံးတည့်သည်။   မသုံးတတ်ပါက အန္တရာယ်များသည်။  ပေါင်းတင်သည့်အခါ အက်စစ်ကို အရေပြားပေါ်၌(၂_၃) မိနစ်ထားရပြီး ချက်ချင်းပြန်လည်သန့်စင်ပေးရသည်။ သာမန်အလှကုန်ပစ္စည်းများမှာ ယင်းသဘာဝအက်စစ်များ၏ပြင်းအားကို ခပ်ပျော့ပျော့ထည့်သွင်းဖော်စပ်ထားကြသည်။

အလှကုန်ပစ္စည်းများ၌ သဘာဝအက်စစ်များ အဓိကသုံးကြသည်မှာ အရေပြားနုပျိုစေရေးပင်ဖြစ်သည်။    အရွယ်တင်နုပျိုစေရန်၊  အရေးကြောင်း မပေါ်စေရန်၊ အရေပြားနူးညံ့ချောမွေ့စေရန်၊ နေလောင်သည့်အရေပြားပြန်လည်နာလန်ထူစေရန်စသည့် ရည်ရွယ်ချက်များနှင့်ထုတ်လုပ်ရောင်းချကြခြင်းဖြစ်သည်။ အဆိုပါရည်ရွယ်ချက်အမျိုးမျိုးနှင့် ထုတ်လုပ်ရောင်းချသည့်အခါ သဘာဝအက်စစ်များနှင့်အတူ၊ တခြား ပစ္စည်းများပါထည့်သွင်းဖော်စပ်ကြသည်။  အရေပြားနေရောင်ဒဏ်ခံရန် တခြားလိုအပ်သည့်   ဓာတုပစ္စည်းများပေါင်းစပ်ပေးရသည်။  ထို့ပြင် အရေပြားလောင်ခြင်းကိုလျော့သွားစေရန်၊  အရေပြားအစိုဓာတ်ထိန်း ခရင်မ်လည်း တွဲဖက်သုံးရသည်။ သို့မှသာ အက်စစ်ကြောင့် အသားအရေ မခြောက်ရန်ဖြစ်သည်။

မျက်နှာချောမွေ့လှပရန် မျက်နှာပေါ်သို့  ခရမ်းချဉ်သီး၊  သခွားသီး၊ပန်းသီး၊ လိမ္မော်သီး၊ အာလူး စသည့်သီးနှံများကို ကပ်ခြင်းပြုလုပ်ကြသည်။ ပျားရည်၊ ဒိန်ချဉ်၊ ကြက်ဥအကာ၊ရေသမကာလိမ်းကြသည်။

သဘာဝအသီးအနှံများနှင့်အရေပြားကို ချောမွေ့စေရန်ပြုလုပ်ခြင်းဖြစ်သည်။သဘာဝအက်စစ်အပြင် ဗီတာမင် C  အပါအဝင် တခြားဗီတာမင် နှင့်အာဟာရများကို အရေပြားထဲစိမ့်ဝင်စေရန် ဖန်တီးကြသည်။ သို့သော် အရေပြားသည် အထဲကို ဓာတုပစ္စည်းတစ်ခုခုစီးဝင်၊ စိမ့်ဝင်ရန်မလွယ်ပေ။  မော်လီကျူး အရွယ်သေးငယ်မှဝင်နိုင်သည့်‌ဓာတုဗေဒပေါင်းတင်နည်းကဲ့သို့ အကျိုးမရှိနိုင်ပါ။ 

အထက်ပါအက်စစ်ဓာတ်များက သဘာဝအက်စစ်များဖြစ်သော်လည်းအခန့်မသင့်ပါက သို့မဟုတ် ပြင်းအားများပါက အရေပြားလောင်တတ် သည်။ အသားအရေစပ်ဖျဉ်းဖျဉ်း၊ အရေပြားယားယံခြင်းနှင့် ရောင်ရမ်းခြင်းကြုံရတတ်သည်။ ထို့ကြောင့်ထိခိုက်လွယ်အရေပြားပိုင်ရှင်များအနေဖြင့် သတိပြုသုံးစွဲသင့်ကြောင်း ရေးသားလိုက်ရပါသည်။     ။

Photo - pravada private label

 

MWD Web Portal