မိုးရာသီမှာသတိရှိပါ ၀မ်းပျက်၀မ်းလျှောရောဂါ
Posted_Date
Image

Body
၀မ်းပျက်၊ ၀မ်းလျှောရောဂါသည် ရာသီမရွေးဖြစ်တတ်သောရောဂါဖြစ်သော်လည်း မိုးရာသီတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်သည်။ ၀မ်းပျက်၊ ၀မ်းလျှောရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ကလေးသူငယ်များတွင်ဖြစ်ပွားပါက အသက်အန္တရာယ်ရှိနိုင်ကြောင်းနှင့် ယင်းရောဂါသည် မြန်မာနိုင်ငံ၌ ဒုတိယအဖြစ်အများဆုံးကလေးရောဂါတစ်ခုဖြစ်သည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် အသက် ငါးနှစ်အောက်ကလေး ၁၀၀ တွင် ၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားသူ ခြောက်ဦးမှ ၁၂ ဦးအထိရှိကြောင်း သိရသည်။
၀မ်းလျှောခြင်းတွင် ကာလတို၀မ်းလျှောခြင်းနှင့် ကာလရှည်၀မ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိသည်။ ကာလတို၀မ်းလျှောခြင်းသည် နှစ်ရက်ခန့်အကြာတွင် ရပ်တန့်သွား ၍ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်၀မ်းလျှောခြင်းတွင် ၀မ်းသွားသည့်အကြိမ်ရေများလာသည်နှင့်အမျှ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှုခံယူသင့်သည်။ နောက်ဆက်တွဲပြဿနာများအဖြစ်အစာအိမ်နာခြင်း၊ အစာ အဆိပ်သင့်ခြင်းများပါ ဖြစ်တတ်သည်။
ရောဂါဖြစ်ပွားရသောအကြောင်းရင်း
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်များနှင့်လမ်းများပေါ်ရှိ ရေဆိုး ရေညစ်များနှင့်အတူ မိုးရေများလျှံတက် လာပြီး ရေပြန်ကျသွားသောအခါ အညစ် အကြေး အနည်အနှစ်များ တင်ကျန်ရစ်ခဲ့ ပြီး Vibiro Cholerae (ခေါ်) ကာလ၀မ်း ရောဂါကိုဖြစ်စေတတ်သော ကူးစက် ရောဂါပိုးမွှားများ ပေါက်ပွားမှုများပြားလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်လာရသည်။ ထိုရောဂါပိုးသည် ကူးစက် ခံရသူ၏အူအတွင်းသို့ Enterotoxin (ခေါ်) အဆိပ်ဓာတ်တစ်မျိုးထုတ်လွှတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အရည်ဓာတ်နှင့် ဆားဓာတ်များကို အချိန်တိုအတွင်း လျင်မြန်စွာဆုံးရှုံးစေသဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ထို့ပြင် ကာလ၀မ်းရောဂါပိုးပါ၀င်သည့် ၀မ်း သို့မဟုတ် အညစ်အကြေးများပေါ် ယင်နားပြီးနောက် ထိုယင်နားထားသော အစားအသောက်များကို စားသောက်မိခြင်း၊ မသန့်ရှင်းသောလက်ဖြင့် အစားအစာများကို ကိုင်တွယ်စားသောက်ခြင်း၊ ကာလ၀မ်းရောဂါပိုးသည် သောက်သုံးရေများအတွင်းသို့ တိုက်ရိုက်၀င်ရောက်ခြင်း (ဥပမာ-မိလ္လာပိုက်ပေါက်ခြင်း၊အညစ် အကြေးမြေသြဇာအသုံးပြုခြင်း) စသည် တို့မှတစ်ဆင့် အလွယ်တကူကူးစက်နိုင် ပြီး ထိုမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ရောဂါ ဆက်လက်ပျံ့နှံ့ကူးစက်စေသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်အရ ၀မ်းပျက်၊ ၀မ်းလျှော ရောဂါသည် တစ်နှစ်အောက်ကလေးများ ကိုသေဆုံးစေသည့်တတိယမြောက်ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်၀န်းတွင် နှစ်စဉ် ကလေး၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိ ကြောင်းနှင့် နှစ်စဉ် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကြောင့် အသက်ငါးနှစ်အောက် ကလေး လေးသိန်းကျော်နှင့် အသက် ငါးနှစ်မှကိုးနှစ်ကြားကလေး ငါးသောင်းကျော် သေဆုံးလျက်ရှိကြောင်း သိရသည်။
ရောဂါလက္ခဏာများ
နာရီပိုင်းအတွင်း ငါးညှီနံ့နံသော ဆန်ဆေးရည်ကဲ့သို့ ဖြူကျဲကျဲ ၀မ်းအရည်များ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်ရက်တည်း သုံးကြိမ်နှင့်အထက် ၀မ်းအရည်သွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ၀မ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာမသောက်နိုင်ခြင်း၊ ခံတွင်း၊လျှာနှင့်နှုတ်ခမ်းများခြောက်၍ ရေအငမ်းမရသောက်ပြီးနောက်ထိုရေအတိုင်း ၀မ်းသွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း၊ အရေပြား၏ကျုံ့နိုင်၊ ဆန့်နိုင်အားလျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်၀င်ခြင်း၊ ကြွက်တက်ခြင်း စသည့်ရောဂါ လက္ခဏာများခံစားရပါက ဓာတ်ဆားရည်များများသောက်ပြီး နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသသင့်သည်။
တခြားသူများသို့မကူးစက်စေရန် ၀မ်းသွားပြီးနောက် ရေအိမ်ကို ရေနိုင်နိုင် လောင်းချရမည်။ ၀မ်းပျက်၊ ၀မ်းလျှော ခြင်းကို ထိရောက်စွာကုသမှုမခံယူပါက ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်း အတွင်း အသက်ဆုံးရှုံးနိုင်၍ မပေါ့ဆသင့် ပေ။၀မ်းလျှောသည့် အကြိမ်ရေများပါက သိသိသာသာပိန်ကျသွားပြီး အားအင် ကုန်ခန်းသွား၍ အနားယူသင့်သည်။
ရှောင်ရန်အစားအစာများ
- ၀မ်းပျက်၊ ၀မ်းလျှောရောဂါမဖြစ် အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မသန့်ရှင်းသည့်အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေ၊ သုံးရေ များ၊ အမှည့်လွန်သည့်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ လမ်းဘေးအစားအစာများကိုရှောင်ကြဉ်ရမည်။
- ကာလတို ၀မ်းလျှောသည်ဖြစ်စေ၊ ကာလရှည်၀မ်းလျှောသည်ဖြစ်စေ၀မ်းသွားခြင်း ရပ်တန့်သွားသော်လည်း နောက် ၁၀ ရက်ခန့်ကြာသည်အထိ နို့ထွက်ပစ္စည်းများဖြစ်ကြ သော ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို ရှောင်ကြဉ်သင့်သည်။
- အမျှင်ဓာတ်များသော အစားအစာများက အစာအိမ်နှင့်အူကို အလုပ်ရှုပ်စေနိုင်၍ ၀မ်းလျှောပြီးနောက် သုံးလေးရက်ခန့် ကြာသည်အထိ ရှောင်ကြဉ်သင့်သည်။
စားသုံးသင့်သည့်အစားအစာများ
အောက်ဖော်ပြပါ အစားအသောက်များကို ၀မ်းပျက်၊ ၀မ်းလျှောရောဂါအတွက် သဘာ၀ကုထုံးအဖြစ် အသုံးပြုနိုင်သည်။
- ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့် တင်းပေးသည့်အနေဖြင့် ရေကျက် အေးများများသောက်ပါ။
- ဓာတ်ဆားရည် (ORS) သောက်ပါ သို့မဟုတ်သီးစုံဓာတ်ဆားရည် သောက်ပါ။
- ဓာတ်ဆားထုပ် အလွယ်တကူမရရှိ နိုင်ပါက ဆားနှင့်သကြားကို ဆတူရော၍သောက်ပါ။
- လက်ဖက်ရည်ကြမ်းထဲတွင် သကြား အနည်းငယ်ထည့်သောက်ပါ။
- ချင်းပြုတ်ရည်သောက်ပါ။
- အမည်းရောင်ထန်းလျက်ကိုကျိုပြီး အနည်စစ်သောက်ပါ။
- အုန်းစိမ်းရည်သောက်ပါ။
- ဒိန်ချဉ်ထဲတွင်ပါရှိသော လက်တစ် အက်စစ်က အစာအိမ်နှင့် အူလမ်း ကြောင်းထဲရှိ ၀မ်းသွားစေသော ဗက်တီးရီးယားများကို သေစေနိုင်၍ ဒိန်ချဉ်စားပါ။ (ဒိန်ချဉ်ထဲသို့ သကြား၊ ထန်းလျက်ရည်မရောဘဲ သူ့ချည်းစားပါ)
-ကစီဓာတ်ကြွယ်၀သောအစားအစာ များဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာ ဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့် စားပေးနိုင်သည်။
- Chamomile (ခေါ်) အဝါရောင်၀တ် ဆံနှင့်ပွင့်ချပ်ဖြူဖြူပွင့်သော တောပန်းလေးများက ၀မ်းပျက် စေသော ပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးနိုင်သဖြင့် ထိုတောပန်းလေးများ ကို လက်ဖက်ခြောက် ကဲ့သို့ ရေနွေးတွင်ခတ်ကာ အအေးခံသောက်နိုင် သည်။
- ဘလူးဘယ်ရီသီးထဲတွင် ပါရှိသောဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အူ လမ်းကြောင်းထဲရှိ ၀မ်းပျက်၊ ၀မ်း လျှောဖြစ်စေသော ရောဂါပိုးများကို ဖယ်ရှားပေးနိုင်သည်။
- လိမ္မော်ခွံက ၀မ်းပျက်၊ ၀မ်းလျှော ခြင်းအတွက်ကောင်းကျိုးပြုနိုင်သည်။ လိမ္မော်ခွံကိုပြုတ်၍သော်လည်းကောင်း၊ ရေနွေးဆူဆူတွင် ခတ်၍ သော်လည်းကောင်း အအေးခံ ၍ သောက်သုံးသင့်သည်။
- ပဲနံ့သာပင်အစေ့ကို ရေစိမ်၍သောက်နိုင်သည်။
- ဆီးသီးလုံးခန့်ပမာဏရှိသော နနွင်း မှုန့်ကို ရေနွေးကြမ်းဖြင့် သုံးရက် ဆက်တိုက်သောက်ပါ။
- အသက် ၂၀ နှင့်အထက်ဖြစ်ပါက ငရုတ်ကောင်းစေ့ ၂၀ ခန့်ကို လှော်၍ အမှုန့်ကြိတ်ပါ။ရလာသောအမှုန့် ကို အရက်ဖြူတစ်ဇွန်း၊ ရေအေး တစ်ဇွန်းရောပြီး သောက်ပါ။
- သီးသီးအမှည့်စားပါ။ သစ်ကြားသီးစားပါ။ ရေသဖန်းပင်၏အခေါက်ကိုပြုတ်သောက်ပါ။ ကြောင်လျှာမြစ်ပြုတ်သောက်ပါ။ ကြာဖြူ၊ကြာညို ၀တ်ဆံများ စားပေးပါ။
- ပရန္နဝါမြစ်၊ ဇာတိပ္ဖိုလ်သီးနှင့် ကရမက်သွေး၍သောက်နိုင်သည်။
- မြေအိုးတစ်လုံးထဲ ကန်စွန်းရိုးနီ ၁၀ ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍ အညိုရောင်ထန်းလျက် ၁၅ ကျပ်သားထည့်ကာ ရေကို ကန်စွန်းပင် မြုပ်သည်အထိထည့်၍ နူးအိလာ အောင်ပြုတ်ပေးပါ။ ထိုပြုတ်ရည်ကို ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန် လုံးတစ်လုံးခန့် သောက်ပေးရမည်။ ဤနည်းအတိုင်း ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သောက်ပြီးပါက၀မ်းရပ် သွားပါလိမ့် မည်။
ကြိုတင်ကာကွယ်ရမည့် နည်းလမ်းကောင်းများ
၀မ်းပျက်၊ ၀မ်းလျှောရောဂါသည် ကြိုတင် ကာကွယ်နိုင်သောရောဂါဖြစ်သည်။ ရောဂါ ဖြစ်စေတတ်သော ပိုးမွှားများ၏ ၈၀ ရာခိုင် နှုန်းခန့်သည် မိမိတို့၏လက်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ စနစ်တကျ လက် ဆေးခြင်းဖြင့် လူအချင်းချင်းကူးစက်မှု များ၊ ဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ကူးစက် တတ်သောရောဂါများကို သိသာ စွာ လျှော့ချနိုင်မည်ဖြစ်သည်။
ကြိုတင်ကာကွယ်သည့်အနေဖြင့် အစာ မစားမီနှင့် အစားအစာမပြင်ဆင်မီအချိန်၊ အညစ်အကြေးနှင့်အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်၊ နှာချေ၊ ချောင်းဆိုးပြီး ချိန်နှင့် ရေအိမ်မှဆင်းချိန်တို့တွင် လက် ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ စင်ကြယ် စွာဆေးကြောပါ။ တစ်ကိုယ်ရေသန့်ရှင်း ရေးကို ဂရုပြုဆောင်ရွက်ပါ။ ကလေးငယ် များ၏မစင်ကို ယင်မနားအောင်စနစ်တကျစွန့်ပစ်ပါ။ ယင်လုံအိမ်သာ ရာနှုန်း ပြည့်သုံးစွဲပါ။ ရေကို ကျိုချက်၍သော်လည်း ကောင်း၊ ကျန်းမာရေးဌာန၏ ညွှန်ကြား ချက်အတိုင်း ကလိုရင်းဆေးခတ်၍သော် လည်းကောင်း အသုံးပြုပါ။အစားအစာများကိုကျက်အောင်ချက်ပြုတ်ပြီးမှ ပူပူ နွေးနွေးစားသုံးပါ။အစားအစာများကို ယင်မနားအောင် စနစ်တ ကျဖုံးအုပ်ထား ပါ။
အချုပ်အားဖြင့်ဆိုသော် မိုးရာသီတွင် သရက်သီးမှည့်၊ ဒူးရင်းသီး၊ပိန္နဲသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ နာနတ်သီး စသည့်သစ်သီးများ လှိုင်လှိုင်ပေါများ လေ့ရှိရာ အဆိုပါသစ်သီးမှည့် များကြောင့် ယင်ကောင် များလည်း ပေါက်ပွားလာကြသည်။ ထိုယင်နားစာများ သို့မဟုတ် မှို တက်နေသောအစားအစာများကို စားမိ ပါက ၀မ်းရောဂါမလွဲမသွေဖြစ်စေနိုင်သည်။ သို့သော် ၀မ်းပျက်၊ ၀မ်းလျှောခြင်း သည် မိုးရာသီကာလတစ်ခုတည်းသာ မဟုတ်ဘဲအချိန် ကာလမရွေး၊ လူကြီး လူငယ်မရွေး ဖြစ်ပွားတတ်သောရောဂါဖြစ်၍အခန့်မသင့်ပါကအစုလိုက်အပြုံ လိုက် ကာလ၀မ်းရောဂါဖြစ်လာနိုင် သည် ကို သတိရှိကြရန်လို ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Source: Myawady Web Portal