စံယူကြိုးစား အာဇာနည်စိတ်ထား
Posted_Date
Image

Body
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့သည် နယ်ချဲ့လက်ပါးစေ မသမာသူလူ တစ်စု၏လက်ချက်ဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများသည် ရည်မှန်းထားသော လွတ်လပ်ရေးရရှိရေး အတွက် အသက်နှင့်ခန္ဓာကို ရင်းနှီးပေးဆပ်ခဲ့သည်ဖြစ်ရာ ဇူလိုင်လ ၁၉ ရက်ကို “အာဇာနည်နေ့” အဖြစ်သတ်မှတ်ကာ နှစ်စဉ်ထိုနေ့ရောက်တိုင်း အာဇာနည်ကြီးများအား အလေးပြုလျက်ရှိသည်။
အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆရာတော်၊ သံဃာတော် များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာဇာနည်ဗိမာန်၊ အာဇာနည်ကျောက်တိုင်၊ ဗိုလ်ချုပ်ကြေးရုပ် သို့မဟုတ် ရုပ်တုရှေ့တွင် လူအများစုဝေးကာ လွမ်းသူ့ပန်းခွေချအလေးပြုခြင်း၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲခြင်း၊ သွားလာသူများခေတ္တရပ်တန့်ဂါရဝပြုခြင်းများပြုလုပ်ကြသည်။ နိုင်ငံတော်အလံ ကို တစ်ဝက်လွှင့်ထူကာ အလေးအမြတ်ပြုကြသည်။ ထိုအစဉ်အလာသည် ကောင်းမြတ်သောအစဉ် အလာတစ်ခုဖြစ်သည်။ ပို၍လေးနက်စေသည်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖြစ်စေလိုသောဆန္ဒသဘောထားများပါရှိသည့် မိန့်ခွန်းများနှင့်အညီ ကျင့်ကြံအားထုတ်ကြခြင်းပင်ဖြစ် သည်။
ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်စဉ် နေရာဌာနအသီးသီး၌ အလျဉ်းသင့်သလိုမိန့်ခွန်းပြောကြားသည်။စည်းလုံးညီညွတ်ရေး၊တိုင်းပြည်ကြီးပွားရေး၊ စုပေါင်းအကောင် အထည်ဖော်ရေး၊ လုံ့လဝီရိယရှိရေး၊ စည်းကမ်းတကျရှိရေး၊ ဒီမိုကရေစီရေး၊ အမြော်အမြင်ကြီးမားရေး၊ အလုပ်လုပ်ကြရေး၊ ခေါင်းဆောင်မှုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ထွန်းကား ရေးစသည်ဖြင့်များလှစွာ သောမိန့်ခွန်းများပြောကြားခဲ့သည်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပသော အရှေ့အာရှ တိုက်စစ် တစ်နှစ်ပြည့်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်တွင် “မိမိတို့ယုံကြည်သော ဝါဒအတွက် အသက်ကိုပင်စွန့်သွားကြသော အာဇာနည်များအား မိမိသည်ချီးကျူးကြောင်း၊ ထိုစိတ်မျိုးကို ကျန်ခဲ့ သူများက ထပ်တလဲလဲမွေးမြူအပ်ကြောင်း၊ အမျိုးဘာသာနှင့်နိုင်ငံအတွက်အသက်စွန့်ရန်ကြောက် နေသောနိုင်ငံတိုင်းမှာ မကြီးပွားနိုင်ကြောင်း”ထည့်သွင်းမိန့်ကြားခဲ့သည်။ ဤကားဗိုလ်ချုပ်၏ အာဇာ နည်စိတ်ဓာတ်ကိုအလေးထားသည့် ပြယုဂ်တစ်ခုပင်ဖြစ်သည်။
အာဇာနည်ဟူသောဝေါဟာရကို မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်မှာ “အကြောင်း ဟုတ်၊ မဟုတ် ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ”ဟူ၍ဖြစ်သည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် “မိုက်ရူးရဲမဆန်ခြင်း၊ အကြောင်းကောင်းဟုတ်၊ မဟုတ်သိမြင်တတ်သော ပညာဉာဏ်အသိရှိခြင်း၊ ရဲဝံ့ပြတ်သားစွာ စွန့်လွှတ်စွန့်စားအားထုတ်ဆောင်ရွက်တတ်ခြင်း”တို့ကို တွေ့မြင်နိုင်သည်။
အထူးသဖြင့် အာဇာနည်ပုဂ္ဂိုလ်များသည် အရေးကြုံလျှင် သက်လုံကောင်းတတ်ကြသည်။ သာဓက အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများက အတိအလင်း စံနမူနာပြ သပြီးဖြစ်သည်။ မြန်မာ့သမိုင်းတွင် မှတ်တမ်းမတင်၊ စာမဝင်သော်လည်း အာဇာနည်စိတ်ဓာတ်ဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် သက်စွန့်ကြိုးပမ်းခဲ့သူများစွာရှိကြောင်း တွေ့ရသည်။
အမိမြန်မာနိုင်ငံတော်ကို နယ်ချဲ့ဗြိတိသျှတို့က ကျူးကျော်စစ်သုံးကြိမ်ဖြင့် မတရားသိမ်းပိုက်အုပ်ချုပ် ခဲ့သည်။ မြန်မာ့သွေးချင်းတိုင်းရင်းသားအပေါင်းတို့သည် နယ်ချဲ့ကျူးကျော်လာမှုကို အင်္ဂလိပ်၊ မြန်မာစစ် ပွဲများ၌လည်းကောင်း၊ နယ်ချဲ့တို့အုပ်ချုပ်စဉ်ကာလ၌လည်းကောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေးကာလတစ်လျှောက်လုံး၌လည်းကောင်း စွန့်လွှတ်စွန့်စားစွာ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ဝင်ခဲ့ကြသည်။ ကိုလိုနီခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း ကာလသုံးပါးလုံးတွင် တော်လှန်ရေး သမိုင်း ဝင်အာဇာနည်တို့၏ သူရဲကောင်းပီသသည့်စိတ်ဓာတ်ကို အထင်အရှားတွေ့မြင်နိုင်သည်။
နယ်ချဲ့ဗြိတိသျှတို့အား တော်လှန်ခဲ့သော မျိုးချစ်သူရဲကောင်းများသည် မြန်မာပြည်အရပ်ရပ်၌ သူ့နေရာ နှင့်သူ ရှိနေကြသည်။ အကြီးမားဆုံးတိုက်ပွဲများရှိသလို တိုက်ပွဲငယ်များလည်းရှိသည်။ သွေးကပြောသော တော်လှန်ရေးဖြစ်၍ အရေးကြီးသော်သွေးနီးပြီး နယ်ချဲ့ကိုတွန်းလှန်ခဲ့ကြသည်။ သာဓကအားဖြင့် ဓနုဖြူမှ ဗိုလ်မြတ်ထွန်း၊ မလွန်မြို့ဝန် ဦးဘို၊ မင်းဘူးနယ်မှ ဗိုလ်ဥတ္တမ၊ ဗိုလ်ရွဲ၊ ဗိုလ်စောဦး၊ ဗိုလ်စောပု၊ ဗိုလ်မြိုင်ကြီး၊ မြင်းခြံနယ်မှ ဗိုလ်ရာညွန့်၊ ဗိုလ်ချို၊ ဗိုလ်လှကျော်၊ ဗိုလ်ဘိုးဆင်၊ ရမည်းသင်းမှ ဗိုလ်အောင်ဘော်၊ ဗိုလ်သီဟရာဇာ၊ နတ်မောက်မှ ဗိုလ်မင်းရောင်၊ ဝန်းသိုမှ ဦးအောင်မြတ်၊ မိုးကောင်းမှ ဦးရွှေသား၊ ဗန်းမော်မှ ဗိုလ်ဘိုးစော၊ ရှမ်းပြည်တောင်ပိုင်းမှ မြင်းစိုင်းမင်းသား၊ ဗိုလ်ရိုင်း၊ ရွှေဘိုချင်းတွင်း နယ်မှ ဗိုလ်အဂ္ဂ၊ ဗိုလ်သုံ၊ မြောက်ပိုင်းရှမ်းပြည်မှ စောရန်နိုင်၊ စောရန်ပိုင်၊ စောခမ်းလှိုင်၊ စစ်ကိုင်းနယ်မှ ဗိုလ်မင်းမို၊ ဗိုလ်ညိုဦး၊ ချင်းတောင်တန်းဒေသမှ ဗိုလ်ဆွန်ပက်၊ ဗိုလ်တွန်းဇံ၊ တောင်ပိုင်းရှမ်းပြည်မှ လင်းပင်မင်းသား၊ မိုးနဲစော်ဘွား၊ ကျိုင်းတုံစော်ဘွား၊ ကချင်ပြည်မှ ဖုန်ကန်ဒူးဝါး၊ ဆမားဒူးဝါး၊ ကယားမှ စောလှဘော်တို့မှာ ထင်ရှားသည်။
မြန်မာအမျိုးသားများနည်းတူ မျိုးချစ်မြန်မာအမျိုးသမီးများသည်လည်းအမိနိုင်ငံတော်ကို ချစ်ကြည်မြတ် နိုးစိတ်ကြီးမားစွာ မိမိတို့၏အသက်ကိုပင်မငဲ့ကွက်ဘဲ လွတ်လပ်ရေးအတွက် စွန့်စွန့်စားစားတိုက်ပွဲဝင် ခဲ့ကြသည်။ ၁၈၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် အထက်မြန်မာနိုင်ငံသို့ထိုးဖောက်ရန် ချီတက်လာ သော နယ်ချဲ့တပ်မဟာနှစ်ခုကို ပြည်မြို့အရှေ့ဘက် ၁၆ မိုင်အကွာရှိ ဝက်ထီးကန်အရပ်၌ မြန်မာနှင့်ရှမ်း တပ်ဖွဲ့များက ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့ကြရာထိုတိုက်ပွဲတွင် ရှမ်းအမျိုးသမီးသုံးဦးကလည်း မိမိတို့၏အသက်ကိုပင်ပေးဆပ်၍ အမိနိုင်ငံလွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြ သည်။
၁၈၈၉ ခုနှစ်တွင် တောင်ပေါ်ဒေသများကို သိမ်းပိုက်စိုးမိုးရန် ချီတက်လာသော နယ်ချဲ့ဗြိတိသျှတပ် များအား ချင်းမျိုးချစ်တော်လှန်ရေးတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ကြသည်။ ယင်းသို့နယ် ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများအနက် ထင်ရှားသည့်တိုက်ပွဲမှာ ချင်းပြည်နယ် တာတန်ရွာရှယ်လုံးခံတပ်၌ ၁၈၈၉ ခုနှစ် မေလ ၄ ရက်ကဖြစ်ပွားခဲ့သော နယ်ချဲ့ဆန့်ကျင်ရေး ရှယ်လုံးခံတပ်တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် ချင်းအမျိုးသမီးများကိုယ်တိုင် လက်နက်စွဲကိုင်တိုက်ပွဲဝင်ခဲ့ကြရာ တိုက်ပွဲအပြီး ချင်းမျိုး ချစ်တော်လှန်ရေးသမား ၂၇ ဦး ကျဆုံးခဲ့သည့်အနက် ချင်းအမျိုးသမီးတော်လှန်ရေးမယ် ရှစ်ဦးပါဝင်သွား ခဲ့သည်။
ထိုသို့ နယ်ချဲ့အားလက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်ခဲ့ကြသော မြန်မာအမျိုးသမီးများစွာပေါ်ပေါက်ခဲ့ သလို နယ်ချဲ့တိုက်ပွဲဝင် တော်လှန်ရေးသမားများအတွက် အန္တရာယ်မျိုးစုံကိုရင်ဆိုင်ရင်း လက်နက်၊ ရိက္ခာဆက်သွယ်ပေးပို့ခြင်း၊ မြေပြင်ဆက်သားအဖြစ် စွန့်စွန့်စားစားဆောင်ရွက်ပေးခြင်း၊ နယ်ချဲ့ သတင်း ကိုလျှို့ဝှက်စွာထောက်လှမ်းသတင်းပေးခြင်းစသည့်မြန်မာအမျိုးသမီးသူရဲကောင်းတို့ မြောက်မြားစွာရှိခဲ့ သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များမှာ ဂုဏ်ယူလေးစားဖွယ်အထင်အရှားရှိကြောင်း လေ့လာသိရှိနိုင်ကြသည်။
မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ၌ ဖိနှိပ်ချုပ်ချယ်ခြင်းခံရနေချိန် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ သန္ဓေ တည်ပေါက်ဖွားခဲ့သောတပ်မတော်သည် ပြည်သူလူထုနှင့်အတူနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးတိုက်ပွဲများကိုဆင်နွှဲရင်း ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်းထိန်း လာခဲ့သည်မှာ ယနေ့ကာလအထိဖြစ်သည်။ နောင်တွင်လည်း နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်လျက် အသက်သွေးချွေးစဉ်မနှေးဘဲ ပေးဆပ်နေမည်သာဖြစ်သည်။ မြန်မာ့တပ်မတော် သည် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ရဲဘော်သုံးကျိပ်မှစတင် ခဲ့သည် ဖြစ်ရာ ဗိုလ်ချုပ်သည် တပ်မတော်ကိုစတင်တည်ထောင်သူ တစ်နည်းဆိုသော် တပ်မတော်၏ဖခင်ဖြစ် သည်။
တပ်မတော်၏မွန်မြတ်သောအစဉ်အလာကောင်း(၁၂)ရပ်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အရေးကြုံလာသည့်အခါတိုင်း နိုင်ငံနှင့်ပြည်သူကို မျက်နှာမူလျက် အသက်သွေးချွေးပေးဆပ်ကာ စွန့်လွှတ်စွန့်စားစွာ ကြိုးပမ်းအားထုတ်ကာကွယ်ထမ်းရွက်ခဲ့ကြောင်း မြန်မာ့သမိုင်းစဉ်က အတိအလင်း ပြဆိုသည်။
စစ်သည်တော်တို့သည် ပေးအပ်သည့်အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းရွက်ရင်း သူရဲကောင်း စိတ်ဓာတ်ကိုအခြေတည်လျက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အာဇာနည်စိတ်ဓာတ်ကို စံနမူနာ ယူခဲ့သော တိုက်ပွဲကြီးငယ်ပေါင်းများစွာရှိသည်။ ထိုသို့စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဆင်နွှဲခဲ့ရာတွင် ကျဆုံး၊ ဒဏ်ရာရစစ်သည်တော်ပေါင်းအမြောက်အမြားရှိသည်။
စစ်သည်တော်အချို့သည် ထူးချွန်ပြောင်မြောက်သောတိုက်ပွဲဝင်စွမ်းရည်များကြောင့် စွမ်းရည်ဘွဲ့ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများကိုဂုဏ်ယူမြတ်နိုးဖွယ်ရာ ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းခံခဲ့ရသည်။
အချုပ်အားဖြင့်ဆိုရသော် (၇၈)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏အာဇာနည်စိတ်ဓာတ်ကို စံနမူနာထားအတုယူလျက်နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက်“တစ်ချပ်အုတ်ခဲ တစ်ပွင့်သဲ”အဖြစ် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကြမည်ဆိုလျှင် နိုင်ငံတော် အဓွန့်ရှည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်များလောင်းပေးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
MWD Web Portal