တာဝန်ကိုယ်စီရှိပါသည်

Posted_Date

Image

တာဝန်ကိုယ်စီရှိပါသည်

Body

လူတို့အသုံးမပြုတော့၍ စွန့်ပစ်လိုက်သောအရာများကို အမှိုက်ဟုဆိုနိုင်သည်။ လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။  လူနည်းစုကသာ အမှိုက်များကို စနစ်တကျစွန့်ပစ်လေ့ရှိကြပြီး လူအများကမူ အမှိုက်များကိုစည်းကမ်းမဲ့စွာ အမှတ်တမဲ့စွန့်ပစ်နေကြသည်ကို တွေ့မြင်နေရသည်။ နေ့စဉ်လူတစ်ဦးလျှင်  အမှိုက်တစ်မျိုးစွန့်ပစ်လျှင်ပင် သန်းပေါင်းများစွာသောလူတို့သည် အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ်နှင့်အမျှ ပစ်နေကြခြင်းဖြစ်ရာ ထိုသို့စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်နေမည်ဆိုပါက နောင်တစ်ချိန်တွင် အမှိုက်များကို နိုင်အောင်သိမ်းနိုင်တော့မည်မဟုတ်ဟု  စာရေးသူတွေးမိသည်။ လူတိုင်းလူတိုင်း အမှိုက်ကိုစနစ်တကျစွန့်ပစ်ရမည်၊ အမှိုက်ပုံးတွင် အမှိုက်ပစ်ရမည်ဟူသော အသိရှိရမည်ဖြစ်သည်။ ထိုကဲ့သို့သောအသိမရှိပါက ပတ်ဝန်းကျင်တွင် အမှိုက်ပြဿနာက တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာစရာဖြစ်လာနိုင်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသောစစ်တမ်းများတွင် ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းမှုစနစ်အရ တစ်နေ့လျှင် အမှိုက်တန်ချိန် ၂၃၀၀-၂၅၀၀ တန်ထွက်ရှိပြီး လူတစ်ဦး တစ်နေ့လျှင် 0.5 kg နှုန်းဖြင့် စွန့်ပစ်မှုရှိကြောင်း လေ့လာသိရှိရသည်။ စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် မြို့ပြများတွင် အမှိုက်စီမံခန့်ခွဲခြင်း၊ အမှိုက်သိမ်းခြင်းနှင့်   အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်သော  စည်းကမ်းသတ်မှတ်ချက်များ  ထုတ်ပြန်ကြီးကြပ်ကာ  အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အမှိုက်ခွန်ကောက်ခံခြင်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြသော်လည်း အချို့သောပြည်သူများအနေဖြင့်  လိုက်နာဆောင်ရွက်မှုအားနည်းနေဆဲဖြစ်သည်ကို  တွေ့ရသည်။ ထိုကဲ့သို့ စည်းကမ်းလိုက်နာမှု အားနည်းမှုများကြောင့် အမှိုက်စွန့်ပစ်မှုများအတွက် နိုင်ငံတော်၏ဘဏ္ဍာငွေများ  ပိုမိုကုန်ကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက နေ့စဉ်ဆောင်ရွက်ကြရခြင်းပင်ဖြစ်သည်။   မလွှဲသာ၍  အရေးယူကြရသည့်အခါတွင်လည်း  ဝန်ထမ်းများအပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ကြလေ့ရှိသည်။  

မြို့တော်စည်ပင်သာယာရေးမှာ မြို့တော်နေလူထုအပြင် မြို့တော်သို့အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေသူများအားလုံးနှင့်  သက်ဆိုင်သည်။

အချို့သောသူများသည် အမှိုက်နှင့်အညစ်အကြေးကိစ္စဆိုပါလျှင် စည်ပင်ဌာနတွင်သာ တာဝန်ရှိသည် ဟူ၍ ထင်မြင်နေကြသည်။ အမှန်မှာ လူတိုင်းတွင်တာဝန်ရှိသည်။

အလျဉ်းသင့်၍ အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ကောက်နုတ်တင်ပြပါမည်။

   ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အခွန်အခများစည်းကြပ်ကောက်ခံသည့် မြို့နယ်များရှိ  လမ်းမကြီးများနှင့်လမ်းသွယ်များမှ အမှိုက်သရိုက်များကို စနစ်တကျလှည်းသိမ်းသယ် ယူစွန့်ပစ်ခြင်း။

  အခွန်အခကောက်ခံသောမြို့နယ်၊ ရပ်ကွက်များတွင် အမှိုက်စွန့်ပစ်နိုင်ရန်အတွက် သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ခြင်း။

 စီမံဆောင်ရွက်သည့် အမှိုက်သိမ်းစနစ်များကို အစဉ်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်ပုံရန်နေရာ သတ်မှတ်ခြင်း၊ အမှိုက်ကန်များတည်ဆောက်ခြင်း၊ အမှိုက်ပုံးများချထားပေးမှု စီမံဆောင်ရွက်ခြင်း။

 အခွန်အခကောက်ခံခြင်းမပြုသော အစိုးရဌာနအဆောက်အအုံများ၊ ပရိဝုဏ်များ၊ ဝင်းခြံများအတွင်း အမှိုက်သရိုက်ရှင်းလင်းရေး၊ ထွက်ရှိအမှိုက်များကို ဌာနကသတ်မှတ်သော အပြီးသတ်အမှိုက် စွန့်ပစ်နေရာသို့ သယ်ယူစွန့်ပစ်ရေးများ ညွှန်ကြားဆောင်ရွက်ခြင်း။

 သိမ်းဆည်းပြီးသောအမှိုက်များကို အပြီးသတ်စွန့်ပစ်ရန်အတွက် အစီအမံများပြုလုပ်ခြင်း။

 ပတ်၀န်းကျင်ညစ်ညမ်းမှုကာကွယ်ရန် ရေထု၊ လေထု၊ မြေထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ ညစ်ညမ်းစေခြင်းများနှင့် အသံဆူညံခြင်းတို့အား စောင့်ကြည့်လေ့လာခြင်း၊ ကြပ်မတ်ထိန်းသိမ်းခြင်းနှင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်ချက်များဖြည့်စွက်ဆောင်ရွက်ရန် ညွှန်ကြား ခြင်း၊ စစ်ဆေးအရေးယူခြင်း။

 ဌာနအတွက်လိုအပ်သော   လုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ အမှိုက်သိမ်းယာဉ်များ၊ နိုင်ငံတကာ အဆင့်မီအမှိုက်ပုံးများဝယ်ယူရန် တင်ပြခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စနစ်တကျထုတ်ပေး မှတ်တမ်းတင်ခြင်း။

  စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကို ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း။

  ပြည်သူများအနေဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးနှင့် စည်းကမ်းလိုက်နာရေးအတွက် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ စည်းရုံး၊ ဟောပြော၊ ပညာပေးအစီအစဉ်များပြုလုပ်ဆောင်ရွက်ခြင်းတို့ပင်ဖြစ်သည်။

ဤလုပ်ငန်းတာဝန်များကို အဓိကတာဝန်ယူဆောင်ရွက်သောဌာနမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနပင်ဖြစ်သည်။

နိုင်ငံကြီးသား (Responsible Citizen)ဆိုသောဝေါဟာရကို စာရေးသူ ပုဂ္ဂလအမြင်နှင့် တွေးနေမိသည်။ Responsible ဆိုသည်မှာ တာဝန်ရှိသော၊ တာဝန်ခံရသော ဟူသည့်အဓိပ္ပာယ်ဆောင်ပြီး Citizen ဆိုသည်မှာ မြို့တော်သား၊ လွတ်လပ်သောနိုင်ငံသားဟူ၍ အဓိပ္ပာယ်ဆောင်ရာ နိုင်ငံတော်၏ တာဝန်ကိုသိရှိကာ တာဝန်ထမ်းဆောင်နေသူများသည် နိုင်ငံကြီးသားပီသသူများဖြစ်သည်ဟု စာရေး သူဆင့်ပွားတွေးနေမိသည်။နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်နေသူများဆိုသည်မှာ နိုင်ငံ့ဝန်ထမ်းများကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ တာဝန်ထမ်းဆောင်နေသူများကို တာဝန်သိစွာ ကူညီနေကြသူများကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ အမှိုက်ကောက်၊ အမှိုက်သိမ်းနေကြသော သန့်ရှင်းရေး ဝန်ထမ်းများကို စည်းကမ်းမဲ့အမှိုက်မပစ်ခြင်းဖြင့်ကူညီနေခြင်း၊ အမှိုက်သိမ်းသူများ အလွယ်တကူ သိမ်းဆည်းနိုင်စေရန်   အမှိုက်အမျိုးအစားများခွဲခြားကာ  အမှိုက်ပုံးတွင်   စနစ်တကျစွန့်ပစ်ခြင်း စသည်တို့ပင်ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် နေ့စဉ်နှင့်အမျှထွက်ရှိနေသော အမှိုက်များကို  ရှင်းလင်းရန်အတွက် သန့်ရှင်းရေး လုပ်သားများ၊ အမှိုက်ကားများကို ရန်ပုံငွေအမြောက်အမြားကုန်ကျခံကာ သုံးစွဲနေရသည်။ အမှိုက်စွန့် ပစ်ခြင်း၊ သိမ်းဆည်းခြင်း၊ ပြုပြင်စီမံဆောင်ရွက်ခြင်း ကုန်ကျစရိတ်များသက်သာကာ မြို့တော်ဖွံ့ဖြိုး တိုးတက်ရေးတွင် ဘဏ္ဍာငွေများ ပိုမိုအသုံးပြုလာနိုင်ပါက ရန်ကုန်မြို့တော်ကြီးမှာ ပိုမိုခေတ်မီဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အမှိုက်ဆိုသည်မှာ မိမိတို့မလိုအပ်တော့၍ သို့မဟုတ် အသုံး မလို တော့၍ စွန့်ပစ်လိုက်သည့်ပစ္စည်းများပင်ဖြစ်သည်။   ထိုသို့သောအမှိုက်များကို စနစ်တကျ စွန့်ပစ် ကြရမည်ဖြစ်သည်။

စည်းကမ်းတကျအမှိုက်ပစ်နိုင်မည်ဆိုလျှင် မိမိရော မိမိပတ်ဝန်းကျင်ရှိလူများအတွက်ပါ သန့်ရှင်း ကောင်းမွန်ပြီး နေထိုင်စရာကောင်းမွန်သောဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။

စာရေးသူမှာ    စည်ပင်ဝန်ထမ်းတစ်ယောက်မဟုတ်ပါ။ သို့သော် Responsible Citizen ဟုခေါ်သော တာဝန်သိနိုင်ငံသားတစ်ယောက်ဖြစ်အောင် လေ့လာအားထုတ်ကာ   ကြိုးစားနေသူဖြစ်သည်။ ထို့ကြောင့်လည်း  မိမိလေ့လာမိသမျှကို  အများပြည်သူသိရှိနိုင်စေရန်အတွက် ပြန်လည်မျှဝေကာ စာပေရေးသားနေခြင်းဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အစိုးရအဖွဲ့အစည်းတစ်ခုတည်းတွင်သာ တာဝန်ရှိနေသည်မဟုတ်ဘဲ   လူတိုင်းလူတိုင်းတွင် တာဝန်ကိုယ်စီရှိပါသည်ဟူ၍သာ အပြုသဘောဖြင့်ရေးသားတင်ပြလိုက်ရပါသည်။    ။

MWD Web Portal

Photo - Recycle Now