၁။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် “အပြုသဘောဆောင်သည့် ကြားနေရေး" (Positive Neutrality) နိုင်ငံခြားရေးမူဝါဒဖြင့် ရပ်တည်ခဲ့ပါသည်။ ထို့နောက် ၁၉၇၁ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ” (Independence Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စတုတ္ထအကြိမ် ပါတီ ညီလာခံမှ “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ" (Independent and Active Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြေညာချက်အမှတ် (၃/၈၈) ဖြင့် “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြား ရေးမူဝါဒ" ကိုလည်းကောင်း ကျင့်သုံးခဲ့ပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၄၁)တွင် ပြဋ္ဌာန်းချက်နှင့်အညီ မြန်မာနိုင်ငံသည် "လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ" (Independent, active and non- aligned foreign policy) ကို ကျင့်သုံးလျက်ရှိပါသည်။ နိုင်ငံ့သမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ နိုင်ငံခြားရေးမူဝါဒ အဆင့်ဆင့် တိုးတက်ပြောင်းလဲ ခဲ့သော်လည်း အခြေခံအနှစ်သာရ ဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးနှင့် ငြိမ်းချမ်းရေး တို့သည် ပြောင်းလဲမှုမရှိဘဲ ခေတ်အဆက်ဆက် အမျိုးသားရေးအကျိုးစီးပွားကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို တစ်နိုင်ငံ၏နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူ ရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဟူသည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး (Peaceful co-existence) မူကြီး(၅)ချက်နှင့်အညီ ကျင့်သုံးလျက်ရှိပါသည်။ ထိုသို့ ကျင့်သုံးရာတွင် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြည်ပရှိ မြန်မာသံရုံးများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၊ ကုလသမဂ္ဂဆိုင်ရာနှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၊ ပြည်တွင်းရှိ နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းရုံးများမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ချိတ်ဆက် ဆောင်ရွက်လျက် နှစ်နိုင်ငံအကြား (Bilateral)နှင့် နိုင်ငံစုံ(Multilateral) စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာဆောင်ရွက်လျက်ရှိပါသည်။
၃။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် မဟာဗျူဟာအရ အရေးပါသောနေရာ၌ တည်ရှိပြီး တရုတ်၊ အိန္ဒိယတို့ကဲ့သို့သော ကြီးမားသည့် ဈေးကွက်များနှင့် အရှေ့တောင်အာရှဒေသ တို့အကြား ပေါင်းကူး ဆက်စပ်ပေးနိုင်သည့် အခွင့်အလမ်းကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် စီးပွားရေး ချိတ်ဆက်မှုများပြုလုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အထူးသဖြင့် အာဆီယံ (ASEAN)၊ ဘင်းမ်စတက် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation, BIMSTEC)၊ အက်ခ်မက် (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy, ACMECS) စသည်တို့တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ပါဝင်လျက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ၊ မဲခေါင်-လန်ချန်း၊ မဲခေါင်-ဂျပန်၊ မဲခေါင်-ကိုရီးယားစသည့် မဲခေါင်မြစ်ဝှမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမျိုးစုံ၊ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်အဖွဲ့ (Regional Comprehensive Economic Partnership, RCEP) တို့၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများနှင့် စီးပွားရေးဆိုင်ရာ စီမံကိန်းများ" ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး၊ အခြေခံအဆောက်အအုံ တိုးတက်ရေးဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် အာဆီယံ၏ စီးပွားရေးအသိုက်အဝန်းအောက် တွင် အာဆီယံစီးပွားရေးလမ်းပြမြေပုံ(၂၀၂၅)နှင့် စီးပွားရေးပေါင်းစည်းမှု ရည်မှန်းချက်ပန်းတိုင် ပြည့်မီရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
၄။ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်ချက် ထားရှိကာ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး ချုပ်ဆိုရေး နှင့်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည်ပဈေးကွက်များတွင် မြန်မာ့ဒေသထွက်ကုန်များ အရောင်း မြှင့်တင်ရေး၊ နိုင်ငံတကာခရီးသွားပြပွဲများ၊ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရေး၊ စီးပွားရေးဇုန်များတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် ရင်းနှီးမြှုပ်နှံရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ခံဝန်ကြီးဌာနများနှင့် ပြည်ပနိုင်ငံများမှ ဌာန/အဖွဲ့အစည်းများအကြား မြန်မာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။ အချုပ်အားဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီ ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ကာ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံချင်း(Bilateral)၊ ဒေသတွင်း(Regional)နှင့် နိုင်ငံစုံ(Multilateral) ပူးပေါင်းဆောင်ရွက်ရေးများမှတစ်ဆင့် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ နိုင်ငံတကာနှင့် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဆွေးနွေးပေးသည့်ဌာန - နိုင်ငံခြားရေးဝန်ကြီးဌာန
၁။ နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင်လည်းကောင်း၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင် လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန်အနိမ့်အမြင့် အပြောင်းအလဲများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို စိန်ခေါ်မှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလတစ်လျှောက်လုံး ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ စီးပွားရေး အင်အားကြီးနိုင်ငံအချို့က ယခင်ကာလများထက် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကို ပို၍စိတ်ဝင်စား၊ ပို၍အားထုတ်မှုများ ရှိလာသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့်ဆက်စပ် နေသည့် နိုင်ငံများသာမက အမေရိကန်အစိုးရကိုယ်တိုင်ပင် စဉ်းစားစရာ၊ စိုးရိမ်စရာများရှိလာ သည်ဟု မှတ်ချက်ပြုကြသည်။
၂။ အမေရိကန်ဒေါ်လာ ငွေကြေးအသုံးပြုမှုကို လျှော့ချရေး(ခေါ်) ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization)ကို ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုများအပေါ် သက်ရောက်နိုင်ခြေများသည့် ကြီးမားသောပြဿနာအဖြစ် အားလုံးက ထင်မြင်နေကြပြီဖြစ်၏။ ကမ္ဘာလုံးဆိုင်ရာအရန်အက်ဆက် (Reserve Asset)များတွင် ဒေါ်လာငွေပါဝင်မှု အပြောင်းအလဲများသည် နိုင်ငံအတော်များများတွင် ဘဏ္ဍာရေးမတည်ငြိမ်မှုများကို ဖန်တီးဖြစ်ပေါ်စေလျက် အရင်းအနှီး စီးဆင်းမှုများ၊ အက်ဆက်ဈေးနှုန်း အလှုပ်အရှားများဆီသို့ ဦးတည်နေသည်။ အထူးသဖြင့် အမေရိကန်ဒေါ်လာငွေကြေးဖြင့် နိုင်ငံခြားကြွေးမြီပမာဏ များပြားစွာ ယူထားသောနိုင်ငံများ၊ ထွန်းသစ်စဈေးကွက်နိုင်ငံများတွင် ဖြစ်လာနိုင်သည်။ နိုင်ငံအသီးသီးရှိ ပေါ်လစီရေးဆွဲသူများသည် ဘဏ္ဍာရေးတည်ငြိမ်မှုကို အကာအကွယ်ပေးနိုင်ရေးနှင့် အပြောင်းအလဲများ ထိန်းချုပ်ရေးလုပ်ဆောင်နိုင်ရေးတို့အတွက် လုံ့လဝီရိယ ပိုမိုစိုက်ထုတ်ရန်လိုသည်ဟု အကြံပြုကြသည်။
၃။ အမေရိကန်ဒေါ်လာနေရာတွင် စိတ်ချရသည့် ငွေကြေးသစ်တစ်မျိုး အစားထိုးသုံးစွဲနိုင်ရန်မှာ ခိုင်မာသောစီးပွားရေးအဆောက်အအုံ၊ အရည်အသွေးစိတ်ချရသည့် ငွေကြေး ဈေးကွက်များ၊ ကောင်းမွန်ထိရောက်သောငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒ မူဘောင်များရှိရန် လိုအပ်သည်ကို သတိပြုမိကြသည်။ လက်ရှိအခြေအနေတွင် အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ငွေကြေးအမျိုးအစား မတွေ့ရသေးပေ။ သို့သော် နိုင်ငံတကာက သတိပြုမိလောက်သည့် တိုးတက်မှုများရှိသောငွေကြေးများ ပေါ်ထွက်လာနေသည်။ အထူးသဖြင့် ဥရောပငွေကြေးယူရို နှင့် တရုတ်ငွေကြေး ယွမ်တို့ကို ထောက်ပြကြ၏။ ပေါ်လစီရေးဆွဲသူများအနေဖြင့် အမေရိကန် ဒေါ်လာငွေကြေးအသုံးပြုမှု လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲများကို လျှော့ချ နိုင်ရေး အားထုတ်နေစဉ်မှာပင် ကွဲပြားခြားနားမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူး များကို ရရှိခံစားနိုင်စေရန်အတွက် ငွေကြေးမျိုးစုံ အရန်ထားရှိသည့် စနစ်တစ်ရပ်ဖြစ်နိုင်ခြေရှိ၊ မရှိကိုပါ လေ့လာဖော်ထုတ်သင့်သည်ဟုသုတေသီအချို့ကဆိုသည်။ လက်ရှိအခြေအနေတွင် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျက် ယုံကြည်စိတ်ချရမည့် အခြားသောငွေကြေးတစ်မျိုး အစားထိုး နိုင်ရေးအားထုတ်မှုများသည် စတင်လုပ်ဆောင်ချိန်ကတည်းက အားလုံးအပေါ်တွင် ဖိအားဖြစ် စေသည့် ပြဿနာဖြစ်နေသည်။
၄။ အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချခြင်းသည် ငွေကြေးလဲလှယ်မှုနှုန်းများကိုလည်း မတည်ငြိမ်မှု ပိုမိုဖြစ်လာစေနိုင်သည်။ အထူးသဖြင့် ဒီဒေါ်လာရိုက်ဇေးရှင်း(De-dollarization) ပြုလုပ်သည့် အစောပိုင်းကာလများတွင် ပိုမိုဖြစ်လာနိုင်သည်ဟု မှန်းဆနေကြသည်။ ငွေကြေး လဲလှယ်နှုန်းအပြောင်းအလဲများသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်အရင်းအနှီး စီးဆင်းမှုများအပေါ် သက်ရောက်လွှမ်းမိုး ဖြစ်ပေါ်မှုများ ရှိလာနိုင်သည်။အထူးသဖြင့် ဘဏ္ဍာရေးစျေးကွက် အားနည်းနေသောနိုင်ငံများ သို့မဟုတ် ဈေးကွက်ကို ထိန်းကျောင်းပေးမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အားနည်းသော နိုင်ငံများတွင်အန္တရာယ်ရှိနိုင်သည်။ မူဝါဒချမှတ်သူများနှင့် စျေးကွက်အတွင်း ပါဝင်ပတ်သက်နေသူများက အခြေအနေအပြောင်းအလဲများကို စဉ်ဆက်မပြတ် ဂရုတစိုက်စောင့်ကြည့်လေ့လာလျက် အနှောင့်အယှက်အဟန့်အတား တစ်စုံတစ်ရာမဖြစ်ပေါ် စေရန် သင့်လျော်သော မူဝါဒအစီအမံများကို ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။
၅။ ဒီဒေါ်လာရိုက်ဇေးရှင်း၏ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံ၏ ငွေကြေးမူဝါဒ အပြောင်းအလဲဖြစ်လာနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေး လျော့ကျလာနိုင်ကာ ၎င်းတို့၏ ငွေကြေးဆိုင်ရာအခွင့်အာဏာများကိုလည်းတိုးမြှင့်ရေးလုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ အကျိုးဆက်များသည် အဆိုးအကောင်း တန်းစီနေပေလိမ့်မည်။ ငွေရေးကြေးရေးစနစ် အားနည်းသောနိုင်ငံများတွင် ဘဏ္ဍာရေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာ၌ ယခင်ကထက် ခက်ခဲမှုများ ပို၍ရှိလာနိုင်သည်။ အပြောင်းအလဲများကြောင့် ရှားပါးသော အရင်းအမြစ်များအပေါ်ပိုမို စူးစိုက်သုံးစွဲလာရသဖြင့် ကုန်ကျစရိတ်များပါ မြင့်တက် လာနိုင်သည်။
၆။ ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization)ကြောင့် စတင်ပျိုးထောင်လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းသစ်များ အကျိုးဖြစ်ထွန်းမှုရှိလာနိုင်သကဲ့သို့ ခက်ခဲမှုများလည်း ပိုတွေ့လာ နိုင်သည်။ ထို့အတူ ပြည်တွင်းနှင့်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားပေးမှုများကြောင့် ဘဏ္ဍာငွေရရှိမှုအခြေအနေ ကောင်းမွန်လာနိုင်သော်လည်း ငွေကြေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုကို ဟန့်တားမှုများသည့် အခြေအနေများ ဖြစ်လာနိုင်သည်။ နယ်စပ်ဖြတ်ကျော် ငွေပေးငွေယူများ၌ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ကုန်ကျစရိတ်များမြင့်မားကာ ရှုပ်ထွေးမှုများ ရှိလာနိုင်လိမ့်မည်။
၇။ စဉ်းစားစရာများ ရှိနေသေးသည်။ ငွေကြေးအမျိုးအစားသစ်တစ်ရပ်ကို ဈေးကွက်များက မည်သို့မည်ပုံ တုံ့ပြန်နိုင်သနည်း။ လူတိုင်းစဉ်းစားနိုင်သည့်အချက်မှာ တီထွင်ဖန်တီးထားသည့် ငွေကြေးသစ်ကို ဈေးကွက်များက (မမှန်းဆနိုင်သည့်) နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်နိုင်သောကြောင့် ထူထောင်ခါစ လုပ်ငန်းများအပါအဝင် လုပ်ငန်းအတော်များများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဘေးအန္တရာယ်များ ကြုံတွေလာရနိုင်သည်။ လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်မည် မဟုတ်၊ ပြင်ဆင်အားထုတ်နေစဉ်မှာပင် ဈေးကွက်မတည်ငြိမ်မှုကို ကြုံရနိုင်ပေသည်။ ကောင်းကျိုး များလည်း မျှော်လင့်နိုင်သည်။ စိန်ခေါ်မှုအသစ်များအောက်၌ နည်းပညာသစ်များ၊ လုပ်ငန်း မဟာဗျူဟာသစ်များ၊ စီးပွားရေးလုပ်ငန်းပုံစံသစ်များနှင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးဝန်းကျင်သစ် တစ်ရပ်ကို ဖန်တီးပေးနိုင်ပါက စွန့်ထွင်လုပ်ငန်းရှင်များ၏ စွမ်းရည်ကို လှုံ့ဆော်တွန်းအားပေး သကဲ့သို့ ဖြစ်လာနိုင်ပေသည်။
၈။ သေချာသည့်အချက်မှာ ဒီဒေါ်လာရိုက်ဇေးရှင်း(De-dollarization)ဟု ခေါ်ဆိုနေကြသည့် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချခြင်းကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို မိုက်ခရိုစီးပွားရေးရှုထောင့် (လုပ်ငန်းတစ်ခုချင်းစီ၏အခြေအနေကိုရှုမြင်မှု)မှဖြစ်စေ၊ မက်ခရို စီးပွားရေးရှုထောင့် (နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေကို ရှုမြင်မှု)မှဖြစ်စေ ကြိုတင် မှန်းဆကြည့်ပါက အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံးကို မြင်ရပေလိမ့်မည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန
စောနိုင် (အသုံးချဘောဂဗေဒ)
(Myanmar Insider ဂျာနယ်၏ တွေ့ဆုံမေးမြန်းခန်းမှ ထုတ်နှုတ်ဖော်ပြသည်။)
နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိပြီးကတည်းက လွန်ခဲ့သော နှစ်အနည်းငယ်က အငြိမ်းစား ယူချိန်အထိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် အမည်မဖော်လိုသူ မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ အငြိမ်းစားဝန်ထမ်းတစ်ဦးနှင့် Myanmar Insider (MI) က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မှု အခြေအနေက ဘာကြောင့် ဒီလောက်ဆိုး နေရတာလဲ။
အကြောင်းအရင်းများအားလုံးက စီမံခန့်ခွဲမှုနှင့်သာသက်ဆိုင်ပါသည်။
ဗဟိုအစိုးရ၏ စီမံခန့်ခွဲမှု သို့မဟုတ် ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ဆွေးနွေးကြရအောင်။
ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအဆင့်ကို ဝန်ထမ်းအင်အားနှင့် ရှိပြီးသားဖြန့်ဖြူးရေး အခြေခံ အဆောက်အအုံများ စီမံခန့်ခွဲရန် ကန့်သတ်ထားပါသည်။ လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေး အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆုံးဖြတ်ခွင့် အာဏာမရှိပါ။ ပြည်ထောင်စုအဆင့် ဗဟိုအစိုးရက ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။
သမိုင်းအကြောင်း နည်းနည်းပြောရမည်ဆိုပါက ၁၉၆၀ ခုနှစ်တွင် ဂျပန်၏အကူအညီဖြင့် ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစခန်း တည်ဆောက်ပြီးစီး ခဲ့ပါသည်။ လောပိတ ဒေသတွင် ပေ ၂၈၀ မြင့်သည့် တစ်နှစ်ပတ်လုံး ရေစီးဆင်းသော ရေတံခွန် ရှိသဖြင့် အဆိုပါရေတံခွန်၏ စွမ်းအားကို အသုံးပြု၍ တာဘိုင် ၃ လုံးမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ခဲ့ပြီး စုစုပေါင်း ၁၆၄ မဂ္ဂါဝပ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၄၈ မဂ္ဂါဝပ်သာ ရှိခဲ့ ပါသည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှ လိုအပ်ချက်မှာ မဂ္ဂါဝပ် ၃၀၀၀ ကျော် ရှိပြီး ဂစ်ဂါဝပ်အနေဖြင့် ၃ ဂစ်ဂါဝပ် ရှိပါသည်။ စုစုပေါင်းဓာတ်အား ထောက်ပံ့ ဖြန့်ဖြူး ပေးနိုင်မှုက လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်မှု မရှိပါ။
လောပိတမှ 230 kVa လိုင်းများမှတစ်ဆင့် မိုင် ၂၀၀ ကျော် တောင်ငူဓာတ်အားခွဲရုံသို့ ပထမ ပို့လွှတ်ပြီးနောက် လှော်ကားပင်မလျှပ်စစ်ဓာတ်အားခွဲရုံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ပါသည်။ အဆိုပါ ပို့လွှတ်ဖြန့်ဖြူးပေးသည့် ဓာတ်အားသည် လောပိတနှင့် လှော်ကား ဓာတ်အားခွဲရုံများတွင် ရှိသည့်အခြားလျှပ်စစ်ဓာတ်အားပေးရုံများမှ လျှပ်စစ်ဓာတ်အားများ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ထိုသို့ ပေါင်းစပ်ဖြန့်ဖြူးပေးသည့် ဓာတ်အား ဖြန့်ဖြူးရေးရုံသည် EBS (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ဖြစ်ကာ ၁၀ မဂ္ဂါဝပ်စီ ရှိသော တာဘိုင် ၃ လုံး နှင့် ၅ မဂ္ဂါဝပ်စီရှိသည့် တာဘိုင် ၆ လုံး အသုံးပြု၍ အလုံဧရိယာမှ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးပါသည်။ ယင်းတာဘိုင်များသည် ကျောက်မီးသွေး သို့မဟုတ် မီးထိုးဆီ တစ်ခုခုကို အသုံးပြုနိုင်သည်။
တောနက်များနှင့် တောင်အမြင့်ကြီးများကိုဖြတ်၍ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ သွယ်တန်း ထားရှိသော်လည်း circuit breaker အများအပြားကို တပ်ဆင်ထားသောကြောင့် ငှက်များ တိုက်မိခြင်း၊ လျှပ်စီးလက်ခြင်း သို့မဟုတ် အခြားအဖြစ်အပျက်တစ်ခုခုကြောင့် သွယ်တန်း ထားသောကြိုးများသည် အလွယ်တကူ မီးလောင်မည်မဟုတ်ပါ။ ဓာတ်အားခွဲရုံများမှ ဓာတ်အား ပြတ်တောက်သွားသည်နှင့်တပြိုင်နက် လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက် သွားနိုင်သည်။ ဓာတ်အားခွဲရုံများသည် ဓာတ်အားလိုအပ်ချက်များကြောင့် ဝန်အားမမျှသည့် ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးရပါက ဈေးနှုန်းကြီးမားသည့် စက်ပစ္စည်းကိရိယာများ ပျက်စီးစေနိုင်မည်ဖြစ်ပါသည်။ ထို့အတွက် ဓာတ်အားလိုအပ်ချက်များနေသည့် ရန်ကုန်မြို့ တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းကို ဦးစွာ ဖြတ်တောက်ရခြင်းဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားကို စီးပွားဖြစ် သိုလှောင်ထား၍မရပါ။ ဓာတ်အား အချို့ကို ဘတ္ထရီ များတွင်အားဖြည့်သွင်းခြင်းဖြင့် သိမ်းဆည်းနိုင်သော်လည်း စီးပွားဖြစ်တော့ သိမ်းဆည်း မရနိုင်ပါ။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအခြေအနေ ပိုမိုဆိုးရွားလာရခြင်း၏ အကြောင်းအရင်းမှာ လောပိတကဲ့သို့ ဓာတ်အားပေးစက်ရုံအသစ်များ မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသလား။
အဆိုပါ အကြောင်းအရင်းကလည်း အမှန်ဟု ယူဆ၍ မရနိုင်ပါ။ ၇၀ ခုနှစ် အလယ်လောက် အထိ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုက လုံလောက်နေပါသေးသည်။ ယင်းနောက် ဓာတ်အား လိုအပ်ချက်က ဆက်တိုက်မြင့်တက်ခဲ့သော်လည်း ဖြန့်ဖြူးပေးနိုင်မှုမှာ တိုးတက်လာမှု မရှိခဲ့ပါဘူး။ ၉၀ ခုနှစ်များ အစောပိုင်းတွင် ရန်ကုန်မြို့တစ်မြို့တည်းတွင် ဓာတ်အား လိုအပ်ချက်မှာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုထက် ၁၀၀ မဂ္ဂါဝပ်ကို ကျော်လွန်နေပြီဖြစ် ပါသည်။
အကြောင်းအရင်းတစ်ခုမှာ အစိုးရထိပ်ပိုင်း၌ ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်းပင်ဖြစ်ပါသည်။ လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များသည် ပြည်ထောင်စုဝန်ကြီးတစ်ဦး ဦးဆောင်သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်သာဖြစ်ကြောင်း ယူဆကြပါသည်။
ဓာတ်ငွေ့ပို့လွှတ်ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ အခြားဝန်ကြီးက ဦးဆောင်ပြီး စွမ်းအင်ဝန်ကြီး ဌာနက ကိုင်တွယ်ပါသည်။ နောက်ထပ် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များစွာကို တည်ဆောက်ပြီးနောက်မှာတော့ အဆိုပါစက်ရုံများ၏ ပေါင်းစပ်ထွက်ရှိမှုသည် သတ်မှတ်ထားသည့် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ချက်အတွက် လုံလောက်မှု ရှိပါသည်။ သို့သော် တာဘိုင်များကို လည်ပတ်ရန်အတွက် ဓာတ်ငွေ့လုံလောက်မှု မရှိပါ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သဘာဝဓာတ်ငွေ့ရရှိမှုမှာ အမြဲတမ်းအကန့်အသတ်ရှိ သောကြောင့် ဓာတ်ငွေ့တာဘိုင်များကလည်း ၎င်းတို့၏အမြင့်ဆုံးစွမ်းဆောင်ရည်အထိ လည်ပတ်နိုင်ခြင်း မရှိပါ။
ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်မှုသည် အမြဲတမ်း အကန့်အသတ် ရှိနေကတည်းက ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဘာကြောင့် ဆောင်ရွက်ခြင်းမရှိခဲ့သလဲ။
ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများက တည်ဆောက်ရန် ပိုမိုစျေးကြီးပြီး စက်ရုံတစ်ခု လည်ပတ်နိုင်ရန်အတွက် ငါးနှစ်ခန့် အချိန်ယူရနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဓာတ်ငွေ့သုံးစက်ရုံကတော့ ဓာတ်ငွေ့တာဘိုင်များကို တစ်ကြိမ်ဝယ်ရုံမျှဖြင့် ၎င်းတို့ကို ဓာတ်ငွေ့ဖြည့်သွင်းသည်နှင့် ချက်ချင်းလည်ပတ်နိုင်ပါသည်။
ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၅ ရုံကျော် တည်ဆောက်ခဲ့ပါသည်။ သို့သော် ရွှေလီနှင့် လောပိတရေအားလျှပ်စစ်စက်ရုံများမှလွဲ၍ ဂျပန်အကူအညီဖြင့် တည်ဆောက် ထားသည့် အခြားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ဆည်များမှ ရေပေးဝေမှု အပေါ် အခြေခံထားသည့် ရေအားလျှပ်စစ်စက်ရုံများဖြစ်ပြီး ပူပြင်းသောရာသီတွင် ဆည်များ ခြောက်သွေ့သွားကာ တာဘိုင်များလည်ပတ်ရန် စွမ်းအင်အရင်းအမြစ်မရရှိပါ။
ရွှေလီသည် မူဆယ်မြို့အနီး၊ တရုတ်နယ်စပ်နှင့် နီးသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်တွင်းရန်ပုံငွေကို အသုံးပြု၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကတိပြုထား ပြီးဖြစ်သော်လည်း မိမိတို့ဝန်ကြီးဌာနက ၀န်ကြီးများက အဆိုပါစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ရန် တာဝန်ယူလိုခြင်းမရှိကြပါ။ ၎င်းတို့အနေဖြင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများ လိုအပ်မည်ကို သိရှိကြသဖြင့် တိုင်းပြည်အတွက် ကြိုးကြိုးစားစား လုပ်ကိုင် ဆောင်ရွက်ခြင်းက ၎င်းတို့၏ အစီအစဉ် မဟုတ်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ၎င်းတို့ အနေဖြင့် “စီမံကိန်းအတွက် ကိုယ်ပိုင်ရန်ပုံငွေ သုံးစွဲမည့်အစား တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်ပြီး ရန်ပုံငွေကို ချွေတာနိုင်ကြောင်း” အကြံပြုခဲ့ကြပါသည်။ အဆိုပါ အဆိုပြုချက် ကို နိုင်ငံ့ခေါင်းဆောင်များက လက်ခံခဲ့ပြီး ရလဒ်အနေဖြင့် တရုတ်တို့သည် ဓာတ်အားပေး စက်ရုံကို တည်ဆောက်ပြီး တာဘိုင် ၆ လုံးအနက် တာဘိုင် ၄ လုံးမှ ထုတ်လုပ်နိုင်သော ဓာတ်အားများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပါသည်။ ယူနန်ပြည်နယ်တွင် ဓာတ်အား လုံလောက်သွားသည့် အချိန်တွင် မိမိတို့၏ တာဘိုင် ၆ လုံးမှ ထုတ်လုပ်နိုင်သော ဓာတ်အား များကို ပြန်လည်ပေးခဲ့သော်လည်း အခကြေးငွေသတ်မှတ်ခဲ့ပါသည်။ တရုတ်နှင့် အပြန် အလှန်ဆက်ဆံခြင်းက ကောင်းမွန်မှုရလဒ်တော့ ရှိပါသည်။
အစိုးရ အဆက်ဆက် ဘယ်လက်ထက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အကောင်းဆုံး ဖြစ်မလဲ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရဖြစ်မည် ထင်ပါသည်။ နှစ်အတော်ကြာအောင် တိုင်းပြည် မှာ အာဏာရနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့လက်ထက်မှာ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးစားခဲ့ ကြပါသည်။ သို့သော် အဆိုပါကိစ္စက ဝန်ကြီးဌာနများနှင့် သက်ဆိုင်ပါသည်။ ချေးငွေနှင့် အကျိုးပြုလုပ်ငန်းများတွင် ဝန်ကြီးဌာနများအကြား ပြိုင်ဆိုင်မှုများရှိခဲ့သည်။ ဥပမာတစ်ခု ပေးရလျှင် စွမ်းအင်ဝန်ကြီးက “လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဓာတ်ငွေ့ပေးခြင်းသည် ငွေကြေးကို မီးရှို့နေခြင်းဖြစ်ကြောင်း” တစ်ချိန်က ပြောခဲ့ဖူးသည်။ ၎င်းအနေဖြင့် အများ ပြည်သူနှင့် စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခြင်းမှ ရရှိနိုင်မည့်အကျိုးကျေးဇူး အလားအလာကို မမြင်ခဲ့ပါ။ ဤသည်မှာ ဝန်ကြီး ဌာနများအကြားတွင် ဦးစားပေးခံရနိုင်ရေး အပြိုင်အဆိုင်ကြိုးပမ်းမှုကိစ္စ တစ်ခုမျှသာ ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်အလွန်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိသော်လည်း တိုက်ပွဲများကြောင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေး ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင် တာဘိုင် များအားလုံးတွင် ဓာတ်အားလုံလောက်စွာ ထောက်ပံ့ပေးထားသော်လည်း လက်ရှိ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်မည်မဟုတ်ပေ။
ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး တိုးမြှင့်ရန် လိုအပ်မှုကို လုံးလုံးလျားလျား လျစ်လျူ ရှုသော အစိုးရတစ်ခုမျှတော့ မရှိပါ။ သို့သော် ဓာတ်အားထုတ်လုပ်ခြင်း၏ သဘော သဘာဝ သည် နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုအချို့ လိုအပ်ပါသည်။ အခြားဝန်ကြီး ဌာနများ သို့မဟုတ် အစိုးရလုပ်ငန်းများနှင့်မတူပါ။ သို့သော် အစိုးရ အကြီးတန်းအရာရှိ အများစုက ထိုကိစ္စအပေါ်နားလည်မှု နည်းပါးခြင်းကို တွေ့ခဲ့ရပါသည်။
အစိုးရထိပ်ပိုင်း အကြီးအကဲသည် ဓာတ်အားထုတ်လုပ်သည့်စက်ရုံအတွက် ဆက်လက် ဆောင်ရွက်ရန် မီးစိမ်းပြ ခွင့်ပြုနိုင်သော်လည်း ဓာတ်အားပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အား ခွဲရုံများနှင့် ဖြန့်ဖြူးရေးကွန်ရက်များကဲ့သို့သော ဓာတ်အားဖြန့်ဖြူးရေးအတွက် နောက်ထပ် လိုအပ်ချက်များကို မျှော်မှန်းထားခြင်း မရှိကြပါ။
ရန်ကုန်မှာ အနည်းဆုံး ၂၄ နာရီ ၇ ရက် တစ်ပတ်လုံး ဓာတ်အားရရှိဖို့ ဘာတွေလိုအပ်လဲ။
ရန်ကုန်မြို့အနီးတွင် ဓာတ်အားပေးစက်ရုံကြီးတစ်ရုံ တည်ဆောက်နိုင်ပါသည်။ အသုံးပြု ရသည့်လောင်စာသည် ကျောက်မီးသွေး သို့မဟုတ် ဓာတ်ငွေ့ ဖြစ်နိုင်ပါသည်။ စွမ်းအင် ဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် စွမ်းအင်ဝန်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံရသော ဦးခင်မောင်သိန်းသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုံးဝ မလုံလောက်ကြောင်း သိရှိခဲ့သဖြင့် ရန်ကုန်မြို့နှင့် မျက်နှာချင်းဆိုင် ဒလဘက်ခြမ်း တွင် ၂၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ထုတ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ဆုံးဖြတ် ခဲ့ပါသည်။ သို့သော် စီမံကိန်းကို လုံးလုံးလျားလျား စွန့်လွှတ်ခဲ့ရပါသည်။ ဗိုလ်မှူးချုပ် လွန်းသီ က စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဦးခင်မောင်သိန်းက ဘဏ္ဍာရေးဝန်ကြီး ဌာနသို့ ပြောင်းရွှေ့တာဝန်ယူခဲ့ရပြီးနောက် ဗိုလ်မှူးချုပ် လွန်းသီက စီမံကိန်းသည် နိုင်ငံတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု (နိုင်ငံခြား ၀င်ငွေရရှိမှု၏အရင်းအမြစ်) အများအပြားကို အသုံးပြုရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောကြားခဲ့ပါသည်။ ဦးခင်မောင်သိန်း၏ အမျှော်အမြင်ရှိမှုက ဗိုလ်မှူးချုပ် လွန်းသီ၏ အမြင်ကျဉ်းမှုကြောင့် ဓာတ်အားရရှိရေး လမ်းကြောင်းလွဲသွားခဲ့ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ပြတ်တောက်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ အစိုးရထိပ်ပိုင်းအကြီးအကဲထံမှ ဦးစားပေးခံရမှုအတွက် ဝန်ကြီးများအကြား အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်မှုများကြောင့်က အကြောင်းအရင်းများအနက်က တစ်ချက်ဖြစ်နေပါသည်။
အစိုးရက လျှပ်စစ်မီတာခကို အကြမ်းဖျင်း ၆၀ ရာခိုင်နှုန်းအထက် တိုးမြှင့် ကောက်ခံ သော်လည်း ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မှုက တိုးမြှင့်မလာဘူး။ ဘာကြောင့်ပါလဲ။
မီတာခ စျေးနှုန်းများ တိုးမြှင့်ခြင်းအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းနှင့် ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးဆောင်ရွက်သည့် အဖွဲ့အစည်း ကွဲပြားကြောင်း သိထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ဝန်ဆောင်မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးရေးဆောင်ရွက်သည့် အဖွဲ့အစည်းကတော့ ပုံမှန်အတိုင်း ဓာတ်အားလုံလောက်အောင် ဖြန့်ဖြူးပေးနိုင်မှု မရှိသေး ပါဘူး။
ရန်ကုန်မြို့တွင် လိုအပ်သည့် လျှပ်စစ်ကဏ္ဍကို ဖြည့်တင်းရန်အတွက် ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်အားလိုင်းများသွယ်တန်းရေး၊ ဓာတ်အားဖြန့်ဖြူးရေးမှာ ဘယ်လောက် ရင်းနှီး မြုပ်နှံထားပါသလဲ။
ရန်ကုန်မြို့အနေဖြင့် အများကြီးပြောင်းလဲစရာမရှိပါဘူး။ ရန်ကုန်မြို့အနီးတွင် ဓာတ်အားပေး စက်ရုံကြီးတစ်ခု တည်ဆောက်ရန်သာ လိုအပ်ပါသည်။ အနည်းဆုံး ၃ ဂစ်ဂါဝပ် (3GW) စက်ရုံ လိုပါသည်။ ကုန်ကျစရိတ် ခန့်မှန်းချက်တော့ မသိပါ။
ရန်ကုန်မြို့၏ လမ်းဘေးတစ်လျှောက် ဓာတ်တိုင်များ ရှုပ်ပွနေပါသည်။ တခြားနိုင်ငံများ ကဲ့သို့ ကေဘယ်ကြိုးများကို ဘာကြောင့် မြေအောက်မမြှုပ်ထားသလဲ။
အမှန်တကယ်တော့ ဓာတ်တိုင်နှစ်မျိုး ပဲရှိပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဓာတ်တိုင်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးမှ ဓာတ်တိုင်တို့ ဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးမှ ဓာတ်တိုင်က ပိုမိုသေးပါသည်။ မီးကြိုးများကို ဘတ်ဂျက်မရှိသဖြင့် မြေအောက်မြှုပ်နှံနိုင်ခြင်း မရှိသေးပါ။ ဒါကလည်း ရန်ပုံငွေကြေး ကိစ္စသာဖြစ်ပါသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသောကြောင့် အချို့သော ဓာတ်တိုင် များသည် လမ်းများပေါ်တွင်ပင် စိုက်ထူထားကြပါသေးသည်။
၎င်းတို့အနေဖြင့် ဘတ်ဂျက်ရရှိသည့်အခါ သို့မဟုတ် အထက်လူကြီးတစ်ဦးဦးက တိုင်ကြားသည့် အခါတိုင်း ဓာတ်တိုင်ကို နေရာတကျပြန်လည်စိုက်ထူမည် သို့မဟုတ် ပြောင်းရွှေ့စိုက်ထူပါမည် ဖြစ်ပါသည်။
အစမှာပြောခဲ့သလိုပဲ အားလုံးက စီမံခန့်ခွဲမှုနှင့်သာသက်ဆိုင်ပါသည်။ အဆိုပါကိစ္စကို ဝန်ကြီးဌာနများအကြား ညှိနှိုင်းရန်အတွက် ရိုးရိုးရှင်းရှင်းပဲ ထား၍မရပါ။ နိုင်ငံ ပိုမိုကောင်းမွန်စေရန်အတွက် ညွှန်ကြားချက်များ မှတ်ပေးမည့် အထက်အကြီးအကဲများ လိုအပ်ပါသည်။
Nori Lynn
ကိုးကား - Myanmar Insider
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် မီစရီ နှင့် တာလီဘန် ယာယီနိုင်ငံခြားရေးဝန်ကြီးမူတာကီတို့သည် ဇန်နဝါရီ ၇ ရက်နေ့က ဒူဘိုင်းတွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုသည် အိန္ဒိယက တာလီဘန်ခေါင်းဆောင်များနှင့် ဆက်ဆံမှုပြုလုပ်လိုသည့် လမ်းစဟု လေ့လာသူများက သုံးသပ်နေကြပါသည်။
အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အာဖဂန် နစ္စတန်ကို အကူအညီပေးရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဒေါ်လာ ၃ ဘီလီယံ ကျော်ရင်းနှီးမြှုပ်နှံပေးခဲ့ပါသည်။ နှစ်နိုင်ငံအကြား ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေး၊ လူသားချင်းစာနာထောက်ထားသော ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများပြန်လည်လည်ပတ်ရေး၊ အာဖဂန် နစ္စတန်ရှိ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒုက္ခသည် များကို ထောက်ပံ့ပေးရေးတို့အတွက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါသည်။
သို့သော် အဆိုပါအစည်းအဝေးမှာ အိန္ဒိယအစိုးရက ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်တွင် လူ ၄၆ ဦး သေဆုံးခဲ့သည်ကို ရှုတ်ချကြောင်းကြေညာချက်ထွက်ပြီးနောက်ပိုင်းမှ ပြုလုပ်ခဲ့သည့်အတွက် မြှုပ်ကွက်များရှိနေနိုင်သည်ဟု ခန့်မှန်းနေကြခြင်း ဖြစ်ပါသည်။
တာလီဘန်သံတမန်ဟောင်းဖြစ်သူ Ikramuddin Kamil အား အိန္ဒိယ-အာဖဂန် သံအမတ်အဖြစ် ခန့်အပ်လိုက်ခြင်းသည် ရုရှား၊ တရုတ်၊ အီရန်နိုင်ငံများနှင့်အလားတူ တာလီဘန်တို့အတွက် အိန္ဒိယနိုင်ငံသည် စိတ်ဝင်စားစရာဖြစ်နေကြောင်း ခန့်မှန်းရပါသည်။
ကိုးကား -Aljazeera
အာဆတ်အစိုးရကိုဖြုတ်ချပြီးနောက် အသွင်ကူးပြောင်းရေး အစိုးရ၏ဝန်ကြီးချုပ်အဖြစ် ယာယီတာဝန်ယူထားသူ အယ်လ်ရှာဘနီသည် ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ ဖိတ်ကြားချက်အရ ရီယာ့ဒ်သို့ ဇန်နဝါရီလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က သွားရောက်ခဲ့ပါသည်။
အယ်ရှာဘနီ၏ ဆော်ဒီခရီးစဉ်မှာ ဆီးရီးယားအစိုးရသစ်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ပြီး ဆော်ဒီအာရေးဘီး ယားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်မှုရှိစေရန် ရည်ရွယ်ထားကြောင်း ဆီးရီးယား ထိပ်တန်းသံတမန်တစ်ဦးက ဆိုထားပါသည်။
"မိမိအနေဖြင့် ဆီးရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးသစ် Murhaf Abu Qasra နှင့် အကြီးအကဲ Anas Khattab တို့နှင့်အတူ ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံရေး တည်ဆောက်သွားလိုကြောင်း " အယ်ရှာဘနီက ၎င်း၏ X စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
AlJazeera သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဝန်ကြီးချုပ်သစ်အယ်လ်ရှာဘနီက အနာဂတ်ဆီးရီးယားနိုင်ငံစီမံခန့်ခွဲရေးမူဘောင်အစီအစဉ် အသေးစိတ်ကိုချပြဆွေးနွေးခဲ့ပြီး ဆီးရီးယားအပေါ် အနောက်နိုင်ငံ များ၏ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။
ဆီးရီးယားအစိုးရအဖွဲ့အကြီးအကဲ၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ်သွားရောက်ခဲ့သည့် ဆော်ဒီအနေဖြင့် ဆီးရီးယား၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အပေါ် မည်သို့အကျိုးရှိလာမည်ကို စောင့်ကြည့်ရပေမည်။
ကိုးကား - Ajazeera
အမေရိကန် လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်သည့် တက်စလာသည် ယာဉ်မောင်းမလိုသည့် စက်ရုပ်တက္ကစီစမ်းသပ်ယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါတက္ကစီတွင် စတီယာရင်နှင့် ခြေနင်းများ မပါဝင်ချေ။ တက်စလာက ထုတ်ဖော်ပြသသည့် လျှပ်စစ်ကား စမ်းသပ်ယာဉ်ကို ဆိုက်ဘာကပ်ဘ်ဟု အမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် ဘားဘန့်ခ်ရှိ စတူဒီယိုတွင် အောက်တိုဘာ ၁၀ ရက်က ပြသခဲ့သည်။ တက်စလာစီအီးအို အီလွန်မက်ခ်စ်က အဆိုပါကားအတွင်း လိုက်ပါခဲ့သည်။
ကုမ္ပဏီသည် ထိုင်ခုံနှစ်ခုပါ အပြည့်အဝအလိုအလျောက်မောင်းနှင်နိုင်သော တက္ကစီကို အမေရိကန်ဒေါ်လာ ၃၀၀၀၀ အောက်ဈေးနှုန်းဖြင့် ရောင်းချရန် မျှော်မှန်းထားပြီး ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ထုတ်လှုပ်မှုများစတင်မည်ဟု ရည်ရွယ်ထားကြောင်း တက်စလာစီအီးအိုက ပြောသည်။
တက်စလာသည် ယခင်ကလည်း လျှပ်စစ်ကားဝယ်လိုအားကို တိုးမြှင့်ရန် တန်ဖိုးနည်း မော်ဒယ်ထုတ်လုပ်ရန် ပြောကြားခဲ့ဖူးသည်။ တက်စလာကုမ္ပဏီသည် ယခုအခါ မောင်းသူမဲ့တက္ကစီများထုတ်လုပ်ရန် အာရုံစိုက်နေသည်။
အင်န်အိတ်ချ်ကေ
မြေပြိုမှုဖြစ်စဉ်များကို မြေပြိုမှု (Landslide) ဟု အလွယ်ခေါ်ဆိုကြပြီး အခြားသော တောင်ပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊ မြစ်ကမ်းဘေး နှင့် ချောင်းကမ်းပါးများမြေပြိုခြင်း၊ တောင်စောင်းနှင့် ချောက်ကမ်းပါးများမြေပြိုခြင်း၊ သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတား ချဉ်းကပ်လမ်းမြေပြိုခြင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်းများလည်း မြေပြိုမှုမှာအကျုံးဝင် ပါတယ်။ မြေပြိုမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝ အလျောက်ပေါက်ရောက်နေသည့် သဘာဝပေါက်ပင်များ ဆုံးရှုံးခြင်း၊ မြေပြင်ရှိ နိမ့်ရာမှမြင့်ရာသို့ ဒေါင်လိုက်ပေါက်တတ်သော သဘာဝပေါက်ပင်များ၏ ဖွဲ့စည်းမှုပုံစံ၊ မြေသားအတွင်းရှိ အာဟာရဓာတ်များနှင့် မြေသားတည်ဆောက်ပုံများဟာ သစ်တော မီးလောင်မှုများကြောင့် သို့မဟုတ် သတ္တုတူးဖော်မှုများကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မြစ်၊ ချောင်းများ အရှိန်ပြင်းစွာစီးဆင်းမှုကြောင့် မြေသားတိုက်စားခံရခြင်း၊ ဆီးနှင်း များ ကျဆင်းခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်ခြင်းတို့က မြေပြင်ပေါ်ရှိ အပေါ်ယံမြေသားတို့အား ဖယ်ရှားပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းများ မြင့်တက်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတို့၏ လုပ်ဆောင် မှုများဖြစ်တဲ့ သစ်တောများခုတ်ထွင်ခြင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လေးလံသော သယ်ယူပို့ဆောင် ရေးယာဉ်များ ဖြတ်သန်းသွားလာမှုမှ တုန်ခါမှု ဖြစ်ပေါ်ခြင်း၊ မြေယာတူးဖော်အသုံးချခြင်း၊ မိုင်းခွဲ ခြင်း၊ စွန့်ပစ်မြေစာစုပုံခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ချုံနွယ်ပင်များအား မီးရှို့ခြင်းဖြင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘာဝပေါက်ပင်များအား ဖျက်ဆီးဖယ်ရှားမိခြင်းများသည်လည်း မြေပြိုမှုကို ဖြစ်ပေါ်စေပါတယ်။
မြေပြိုမှုဖြစ်ပွားရာ နေရာတစ်ခုကို အနုစိတ် ပုံဖော်ကြည့်လျှင် ၎င်းနေရာမှာ တည်ရှိနေတဲ့မြေသား၊ သို့မဟုတ် ကျောက်သားတို့ရဲ့ ပြင်ပ သက်ရောက်မှုအားနှင့် အတွင်းမှခုခံတွန်းလှန်အားတို့ အားပြိုင်မှုပေါ်မူတည်ပြီး မြေပြို၊ တောင်ပြိုခြင်း တွေ ဖြစ်လာတာပါ။ အဆိုပါအင်အားနှစ်ခု တူညီနေ သမျှ တောင်ပြို၊ မြေပြိုမှု မဖြစ်နိုင်ပါ။ စာရေးသူ အနေနဲ့ ကင်းသာအနီးဝန်းကျင်မှ မြေပြို၊ တောင်ပြို မှုများကို ဖြစ်ပေါ်စေနိုင်တဲ့ ကျောက်သားတို့ကို လေ့လာတဲ့အခါမှာ ကျောက်သားတို့ရဲ့ ခိုင်မာမှုနဲ့ အတန်းအစား၊ ကျောက်သားများ အဆက်ပြတ် အက်ကွဲရာမှ ပြိုကျပြုတ်ထွက်လာနိုင်တဲ့ ကျောက်သားရဲ့ ထုထည်၊ ပုံသဏ္ဌာန်နှင့် ဖြစ်ပေါ်နိုင်တဲ့ တောင်ပြိုမှုနည်းလမ်းတို့ကို အသေးစိတ် တိုင်းတာလေ့လာ ဆောင်ရွက်ခဲ့ပါတယ်။
ကျောက်သားတို့ရဲ့ အဆက်မပြတ်အက်ကွဲမှုဖြစ်တဲ့နေရာမှာ သဘာဝမူလအရ အက်ကွဲတာ လည်းဖြစ်နိုင်သလို လူတို့၏ ပယောဂဖန်တီးမှုတို့ကြောင့်လည်း အက်ကြောင်းများ ပေါ်ပေါက်လာစေ နိုင်ပါတယ်။ သဘာဝအားဖြင့် အနည်ကျကျောက်နဲ့ အသွင်ပြောင်းကျောက်တို့ဆိုတာဟာ တစ်လွှာပြီး တစ်လွှာ ထပ်လျက်အနေအထားဖြင့် ဖြစ်တည် နေတာဖြစ်ပါတယ်။ အဲဒီလိုလွှာထပ်များကြားနဲ့ ကျောက်သားတို့ရဲ့ အဆက်ပြတ် အက်ကွဲရာများ အတွင်းသို့ ရေများဝင်ရောက်ကာ ကျောက်ခြေမွှခြင်း ဖြစ်စဉ်ကို လျင်မြန်စွာ ဖြစ်ထွန်းစေပြီး ကျောက်သားခိုင်မာမှုအဆင့်အတန်း လျော့ကျလာကာ မြေပြို၊ တောင်ပြိုမှုများ ဖြစ်ပေါ်လာတာဖြစ်ပါ တယ်။ နေပြည်တော် - ပင်လောင်းလမ်း ၆ မိုင် ဝန်းကျင်ဒေသဟာ ရေဝေချောင်းနှင့် ကိုလုံချောင်းဆုံ အနီးမှာ တည်ရှိပြီး ဘူမိဗေဒအနေအထားအရ ရေဝေချောင်းသည် ရေဝေပြတ်ရွေ့ကြောင်း တစ်လျှောက် စီးဆင်းဖြစ်ပေါ်နေတဲ့ချောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီဒေသမှာ သက်လယ်ကပ် နှောင်းပိုင်းမှ သက်နှောင်းကပ်အစောပိုင်းသက်တမ်းရှိ နှမ်းဖတ်ကျောက်များနဲ့ လိပ်သည်းကျောက်များ ဟာ ပြတ်ရွေ့ထိစပ်ဇုန်အသွင် ဖြစ်ပေါ်နေပါတယ်။
နှမ်းဖတ်ကျောက်များမှာ ကျောက်သားခိုင်မာမှု အလွန်မြင့်မားသော်လည်း ရာသီဥတုကြောင့် ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ကျောက်သားအဆက်ပြတ်အက်ကွဲ ကြောင်းများအတွင်း ရေများဝင်ရောက်မှုကြောင့် ကျောက်သားတွဲဆက်ခိုင်မာမှုအား ကျဆင်းလာပြီး ကြီးမားလုံးဝန်းသော ကျောက်တုံးကျောက်ခဲကြီးများ ပြိုကျပြုတ်ထွက်လိမ့်ဆင်းလာရခြင်း ဖြစ်ပါ တယ်။ ဒီလို ကျောက်ခြေမွှခြင်းဖြစ်စဉ်နဲ့ ကျောက်သား အဆက်ပြတ်အက်ကွဲမှုအတွင်း ရေများ ဝင်ရောက်ခဲ့ခြင်းတို့ကြောင့် နေပြည်တော်-ပင်လောင်းလမ်း ၇ မိုင် ပတ်ဝန်းကျင်ဒေသရှိ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများတွင် တောင်ကျချောင်းရေနဲ့အတူ ကျောက်တုံးကျောက်ခဲကြီးများ မျောပါလာ ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝတောတောင်များ တဖြည်းဖြည်းပျောက်ဆုံးလာခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း၊ တောင်ကုန်း၊ တောင်စောင်းများရဲ့ မြေသားတည်ငြိမ် မှုကို မြေကြီးအတွင်းရှိ ရေရဲ့ဖိအားက ပြောင်းလဲစေသဖြင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါး ပြိုခြင်းတို့ ထိခိုက်ခံစားရခြင်း ဖြစ်ပါတယ်။
မြေပြို၊ တောင်ပြိုခြင်းကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန် လူတိုင်းအလွယ်တကူ ဆောင်ရွက် နိုင်သော နည်းလမ်းကောင်းမှာ နှစ်ရှည်သစ်ပင်ကြီးများကို မိမိတို့အခြေချနေထိုင်ရာ မြို့ရွာများ၏ အနီးတစ်ဝိုက်၌ စနစ်တကျ စိုက်ပျိုးခြင်းပင်ဖြစ်ပါတယ်။ နှစ်ရှည်သစ်ပင်ကြီးများသည် အပင်အရွယ် အစားနှင့် အပင်အသက်တို့အလိုက် အပင်ပတ်လည် တစ်ဝိုက် ပေပေါင်းရာနှင့်ချီ၍ မြေသားလွှာများကို ကျစ်လျစ်အောင် ကုပ်ယူထိန်းသိမ်းပေးထားနိုင် စွမ်းရှိပြီး မြေဆီလွှာ တိုက်စားခံရခြင်းကိုလည်း ကောင်းစွာကာကွယ်ပေးနိုင်သလို အရှိန်အဟုန် ပြင်းစွာ စီးဆင်းဝင်ရောက်လာသော ရေထုကြီးကိုလည်း ဟန့်တားဆီးကာပေးနိုင်သဖြင့် မြစ်ရေ၊ ချောင်းရေများကြောင့် ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပေါ်ခြင်းကို နှောင့်နှေးကြန့်ကြာအောင် ထိန်းသိမ်း နိုင်စွမ်းရှိပါတယ်။ သို့ဖြစ်၍ လူနေမြို့ရွာများ အတွင်းနှင့် အနီးတစ်ဝိုက်၌ နှစ်ရှည်ပင်ကြီးများကို စနစ်တကျ ရှင်သန်အောင် တိုးချဲ့စိုက်ပျိုးခြင်းနှင့် ရှိပြီးသား နှစ်ရှည်ပင်ကြီးများကို မည်သည့် အကြောင်းနှင့်မျှ ခုတ်လှဲဖြိုဖျက်မှု မပြုကြခြင်း အားဖြင့် သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ရသော မြေပြိုခြင်းကို အတိုင်းအတာတစ်ရပ်အထိ ဟန့်တားနိုင်မည်ဖြစ်ပါတယ်။
ဇော်(ဘူမိ)
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
မာရဝိဇယ - မာရ်ငါးပါးကို အောင်မြင်တော်မူ ခြင်း (မာရဝိဇယဟူသည် မာရ+ဝိ+ဇယ) ဖြစ်ပြီး မာရဆိုသည်မှာ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်ဆိုတဲ့ မာရ်ငါးပါးကို၊ ဝိ-ဝိသေသန အထူးအားဖြင့်၊ ဇယ- အောင်မြင်တော်မူခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ မာရဝိဇယဘုရားကြီးရဲ့ ဉာဏ်တော်အမြင့် ၆၃ ပေနှင့် ပလ္လင်တော်အမြင့်မှာ ၁၈ ပေ စုစုပေါင်း ၈၁ ပေရှိပြီး ဆင်းတုတော်အလေးချိန်က ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန်တန် ၃၅၁၀ စုစုပေါင်း အလေးချိန် ၅၂၉၂ တန်ရှိပါသည်။ ဘူမိဖဿမုဒြာဟန် စကျင်ကျောက်နဲ့ထွင်းထုပူဇော်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ကြီးဟာ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ထားပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက် ရုပ်ပွားတော်တွေအနက် ကမ္ဘာ့အမြင့်ဆုံးနဲ့အလေးချိန်အများဆုံး ထူးမြတ်လှ တဲ့ရုပ်ပွားတော်တစ်ဆူဖြစ်ပါတယ်။
မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး
မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး
နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ဘုန်းတော်ကိုလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရဟန်းရှင်လူ ပြည်သူများအားလုံး ဘေးဥပဒ် အန္တရာယ်အသွယ်သွယ်မှ ကင်းဝေးစေပြီးကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအဖြာဖြာဖြင့် ပြည့်စုံစေရန် ရည်ရွယ်၍ "ဖြစ်ပေါ်တွေ့ကြုံလာသည့်ဘေးအန္တရာယ်အားလုံးငြိမ်းအေးစေခြင်း"ဟု မြန်မာပြန် အနက်အဓိပ္ပါယ်ရသော"ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး"ဟု ပူဇော်သမုတ်ခဲ့သည်။
သံဝေဇနိယလေးဌာနနှင့် သတ္တသတ္တာဟတရားစခန်း
သံဝေဇနိယလေးဌာန(ဖွား၊ ပွင့်၊ ဟော၊ စံ)နှင့် သတ္တသတ္တာဟတရားစခန်းတို့သည် နေပြည်တော်ရာဇသင်္ဂဟလမ်းမကြီးအတိုင်းသွားပါက ခွာညိုပန်းအဝိုင်းအလွန် နေပြည်တော်-တပ်ကုန်းလမ်း၏တဖက်တချက်တွင် တည်ရှိသည်။ သတ္တသတ္တာဟစေတီတော်ကို နိုင်ငံတော်ငြိမ်းချမ်းသာယာစေရန် လည်းကောင်း၊ ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူရာ အိန္ဒိယသမ္မတနိုင်ငံဂယာမြို့ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟနေရာများကို သွားရောက်ဖူးမြော်ရန် အခက်အခဲရှိသည့် မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ပင် အလွယ်တကူ ဖူးမြော်ကြည်ညိုသဒ္ဓါပွားများနိုင်ကြစေရန်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း ရည်ရွယ်တည်ဆောက်ပါသည်။
ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်
နေပြည်တော်မင်္ဂလကုန်းတော်တွင် တည်ထားကိုးကွယ်သည့် ဓာတုစယဓာတ်ပေါင်းစုစေတီကို ၁၃၆၇ခုနှစ် ပြာသိုလပြည့်ကျော်(၁၃)ရက်နေ့တွင် ပန္နက်တော်တင်၍ ၁၃၆၉ခုနှစ် ကဆုန်လပြည့်ကျော်(၅)ရက်နေ့တွင် ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားများဖြင့် တည်ထားခဲ့ပြီး ဓာတုစယဓာတ်ပေါင်းစုစေတီတော် ဟုဘွဲ့အမည်သမုတ်တော်မူခဲ့ပါသည်။
နေပြည်တော် ရေပန်းဥယျာဉ်
ရေပန်းဥယျာဉ်ကို ပြည်သူများ အပန်းဖြေနားနေနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော် တောင်ညိုလမ်းမြို့တော်ခန်းမအနီးတွင် (၂၀၀၇)ခုနှစ် မေလတွင် စတင်တည်ဆောက်ကာ(၂၀၀၈ခုနှစ်ဇန်နဝါရီ(၄)ရက်)လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း
ပျဉ်းမနား-ပင်လောင်း ကားလမ်းပေါ်ရှိ တောင်ကျရွာ အနီးတွင် တည်ရှိပါသည်။ တပ်ကုန်းအနီးရှိ မိုင်တိုင်အမှတ် ၂၇၁/၄တွင် ကင်းသာလမ်းဆုံ ရှိပါသည်။ ထိုကင်းသာလမ်းဆုံမှ ကိုးကွေ့အထိ တောင်ပေါ်လမ်းအတိုင်း (၂၁)မိုင် ရှိပါသည်။ တဖန်ကိုးကွေ့မှ ပျဉ်းမနား-ပင်လောင်းကားလမ်းအတိုင်း ၄ မိုင်၊ ၂ ဖာလုံဆက်၍သွားလျှင် ယခင်တောင်ကျရွာ (ယခုအခေါ်တောင်ပေါ်ရွာ) အလွန်တွင် နေပြည်တော်ရေပူစမ်း အပန်းဖြေစခန်း တည်ရှိပါသည်။
ဆာဖာရီဥယျာဉ်(နေပြည်တော်)
ဆာဖာရီဥယျာဉ်(နေပြည်တော်)သည် ရန်ကုန်-မန္တလေး ကားလမ်း၏ အရှေ့ဘက် မိုင်တိုင်အမှတ်(၂၅၇/၀)တွင်တည်ရှိပြီး တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ နက္ခတ်တာရာပြခန်း(နေပြည်တော်)တို့နှင့် ဆက်စပ်လျက်ရှိပါသည်။
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)သည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း အရှေ့ဘက် ရေဆင်းဆည်အနီး၌ တည်ရှိပါသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)(National Landmark Garden) ကို နေပြည်တော် ပျဉ်းမနားအနီးရှိ ရေဆင်းဆည်နှင့်ထိစပ်လျက် တိရစ္ဆာန်ဥယျာဉ် နက္ခတ်တာရာပြခန်းနှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)၏ မြောက်ဘက်ကပ်လျက် ရန်ကုန်-မန္တလေး ကားလမ်းမကြီးအရှေ့ဘက်တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။
အမျိုးသား ပရဆေးဥယျာဉ်
အမျိုးသား ပရဆေးဥယျာဉ်သည် နေပြည်တော်-တောင်ညိုလမ်းဘေး ဧက၂၀၀ခန့်ကျယ်ဥယျာဉ်ဖြစ်ပြီး ဆေးဖက်ဝင်အပင်များစိုက်ပျိုးခြင်း၊ မျိုးထိန်းခြင်းတို့ကို ဆောင်ရွက်နေပါသည်။
နေပြည်တော်ဘူတာကြီး
နေပြည်တော်ဘူတာကြီးသည် ပုဗ္ဗသီရိမြို့၏ ရန်ကုန်-မန္တလေး မီးရထားလမ်း၏ ရွာတော်ဘူတာနှင့် ကျည်ထောင်ကန်ဘူတာတို့ကြားတွင် တည်ဆောက်ထားပြီး မြန်မာနိုင်ငံအရပ်ရပ်သို့ ခရီးစဉ်များ နေ့စဉ် ဆိုက်ရောက်/ ထွက်ခွာ သွားလာနေပါသည်။ နေပြည်တော် ဘူတာကြီးသို့ နေပြည်တော်မြို့မနှင့် ပျဉ်းမနားတို့မှနေ၍ ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲပေးနေပြီး စင်းလုံးငှားယာဉ်ငယ်များလည်း ငှားရမ်းရန် ရှိနေပါသည်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လယ်ဝေးမြို့နယ် ဧလာမြို့အနီးတည်ရှိပြီး ဝန်ကြီးရုံး ဌာနများနှင့် ဟိုတယ်ဇုန်တို့ဖြင့် ရာဇသင်္ဂဟလမ်းမကြီးဖြင့် ဆက်သွယ်ထားပါသည်။ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခရီးသည်တင် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့်လေယာဉ်ပြေးလမ်း၊ ခရီးသည် ဆိုက်ရောက်ထွက်ခွာ ခန်းမဆောင်နှင့် လိုအပ်သည့် အဆောက်အဦများဖြင့် ပြည့်စုံစွာ တည်ဆောက်ထားပါသည်။
နက္ခတ်တာရာပြခန်း (နေပြည်တော်)
နက္ခတ်တာရာပြခန်း(နေပြည်တော်)သည် ရန်ကုန်-မန္တလေးကားလမ်းမကြီး၏ အရှေ့ဘက်ရေဆင်းဆည်အနီးရှိ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ တည်ရှိပါသည်။ နက္ခတ်တာရာပြခန်း(နေပြည်တော်)တွင် နိုင်ငံတကာအဆင့်မီစက်များနှင့် အသုံးအဆောင်များကို တပ်ဆင်အသုံးပြုထားပြီး လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေရန် နက္ခတ်တာရာပြခန်း(နေပြည်တော်)ကို ရေတံခွန်နှင့် မြေယာရှုခင်း အလှဆင်ထားပါသည်။ နက္ခတ်တာရာပြခန်း (နေပြည်တော်)တွင် နက္ခတ်များ၊ ဂြိုလ်များနှင့် ကြယ်တာရာများ အာကာသအတွင်း တည်ရှိနေပုံနှင့် လှည့်ပတ်သွားလာနေပုံများကို လေ့လာနိုင်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)
သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(Gems Museum)(နေပြည်တော်)ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အကျယ်အဝန်း ၁၂.၅ ဧကတွင် တည်ဆောက်ထားသည့် မြန်မာနိုင်ငံ၏အကြီးဆုံးကျောက်မျက်ရတနာပြတိုက်ကြီးတစ်ခု ဖြစ်ပါသည်။ မြန်မာ့ကျောက်မျက်ရတနာပြတိုက်မှာ အထပ်(၃)ထပ်ပါရှိပြီး မြေညီထပ်တွင် ရုံးခန်း၊ အခြားခန်းများ၊ ကားရပ်နားနိုင်ရန် နေရာပါရှိသည်။ ပထမထပ်တွင် ကျောက်မျက်ရတနာဆိုင်ခန်းများ ၊ ဒုတိယထပ်တွင် ပြခန်းများပါရှိသည်။
မဏိရတနာခန်းမနှင့်ကျောက်စိမ်းဥယျာဉ် (နေပြည်တော်)
မဏိရတနာခန်းမနှင့် ကျောက်စိမ်းဥယျာဉ်တို့သည် ရာဇသင်္ဂဟလမ်း၊ နေပြည်တော် ဟိုတယ်ဇုန်နှင့် သပြေကုန်းအဝိုင်းတို့အကြား မြန်မာ့ကျောက်မျက် ရတနာပြတိုက်(Gems Museum)အနီး သပြေကုန်းစျေး အဝင်လမ်း၏ တစ်ဖက်တစ်ချက်တွင် တည်ရှိပါသည်။ မဏိရတနာခန်းမတွင် ကျောက်မျက်ပြပွဲများ နှင့် လေလံပွဲများ ကျင်းပပြုလုပ်ပြီး လူဦးရေထောင်ကျော်လက်ခံနိုင်ပြီး ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ထားသည့် ခန်းမကြီးဖြစ်ပါသည်။ ကျောက်စိမ်းဥယျာဉ်သည် နေပြည်တော်တွင် နောက်ဆုံးတည်ဆောက်ဖွင့်လှစ်လိုက်သည့် အပန်းဖြေဥယျာဉ်တစ်ခု ဖြစ်ပါသည်။ ကျောက်စိမ်းများဖြင့် အဓိကထား အလှဆင်ပြသထားပြီး ရေကန်ငယ်၊ ပန်းအလှပင်များနှင့် မြက်ခင်းများဖြင့် မြေယာရှုခင်း အလှဆင်ထားပါသည်။
နေပြည်တော် ငလိုက်ကန်သာအပန်းဖြေဥယျာဉ်စခန်း
နေပြည်တော်မှ (၇)မိုင်အကွာ၊ ကျွဲရှင်းကျေးရွာအနီးရှိ ငလိုက်ရေလှောင်တမံ၏ ရေစပ်ကမ်းခြေတလျှောက်၌ တည်ဆောက်ထားရှိသည်။ ၂၀၀၈ခုနှစ် ဧပြီလ ၈ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ငလိုက်ကန်သာ အပန်းဖြေဥယျာဉ်စခန်းသည် ဆည်ရေလှောင်တမံနှင့် သဘာဝပတ်ဝန်းကျင် အေးချမ်းသာယာမှုကို ခံစားနိုင်ရန် တည်ဆောက်ပေးထားခြင်းဖြစ်ပါသည်။ လာရောက်အပန်းဖြေသူများအတွက် အပန်းဖြေနေားနေစရာ ရေချိုးဆိပ်၊ ရေလယ်ကျွန်းနှင့် နားနေစခန်း၊ လှေ၊ ဖောင်ဖြင့် ကြည့်ရှုနိုင်သည့်နေရာများ ပါဝင်ဖွဲ့စည်းထားပါသည်။
“ဝါတွင်းကာလအတွင်း လအလိုက်ပွဲတော်များ ရှိကြရာ မွန်လူမျိုးတို့၏ ထူးခြားသည့် ရိုးရာဓလေ့အဖြစ် တော်သလင်းလပြည့်နေ့ ရောက်တိုင်း ကျင်းပသည့် မွန်ရိုးရာဆွမ်းတော်ကြီးတင်လှူပွဲ သို့မဟုတ် သင်္ဘောဆွမ်းတော်ကြီး တင်ပွဲတစ်ခုလည်း အပါအဝင်ဖြစ်သည်။ တော်သလင်းလပြည့်နေ့ မရောက်ခင် တစ်ရက်အလိုတွင် ဘုန်းတော်ကြီးကျောင်းများ၌ မိမိတို့ တတ်စွမ်းနိုင်သည့် အလှူငွေ၊ လုပ်အားဒါနများဖြင့် သင်္ဘောပုံစံ ပြုလုပ်ထားရှိပြီး အဆိုပါသင်္ဘော ထဲတွင် ဆွမ်း၊ သစ်သီး၊ မုန့်အမျိုးမျိုး၊ ပန်း၊ ထီး၊ တံခွန် အစရှိသည့် ထောင်နှင့်ချီသော လှူဖွယ်ဝတ္ထုတို့ကို စုပေါင်းထည့်သွင်းကာ ရွာတွင်းလှည့်လည် အလှူခံ၍ လပြည့်နေ့ နံနက်အရုဏ်တက်ချိန် မြတ်စွာဘုရားရှင်ထံ ဆွမ်းတော် ကြီးတင်လှူကြသည့် မွန်ရိုးရာ ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပွဲပင်ဖြစ်ပေသည်။
အလှူအတန်း ရက်ရောလှသည့် မွန်လူမျိုးတို့က ထောင်နှင့်ချီသော လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်းကြသောကြောင့် ဆွမ်းတစ်ထောင်တင်လှူ ပူဇော်ပွဲဟုလည်း ခေါ်ကြသည်။ အချို့ဘုန်းတော်ကြီးကျောင်းများတွင် စက္ကူ၊ ဝါး အစရှိသည်တို့ဖြင့် သင်္ဘောများ ပြုလုပ်ကြသကဲ့သို့ အချို့သော ဘုန်းတော်ကြီးကျောင်းများတွင် သံ၊ စတီး စသည်တို့ဖြင့် နှစ်စဉ်နှစ်တိုင်း အသုံးပြုနိုင်စေရန်အတွက် အခိုင်အမာပြုလုပ် ထားရှိကြပြီး အဖိတ်နေ့ညနေပိုင်းတွင် မြို့အနှံ့၊ ကျေးရွာအနှံ့ စည်ကားသိုက်မြိုက်စွာ တပျော်တပါး လှည့်လည် အပူဇော်ခံကြသည်။
အဆိုပါဓလေ့မှာ ဓမ္မစေတီမင်းတရားကြီး လက်ထက်က အစပြုပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး သက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာနိုင်ငံ)သို့ မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ သန့်ရှင်းပြန့်ပွားစေရေး အတွက် အကျင့်သီလနှင့်ပြည့်စုံသည့် မွန်သံဃာတော် အရှင်သူမြတ် ၄၄ ပါးကို သင်္ဘောနှစ်စင်းဖြင့် ဓမ္မစေတီမင်းက စေလွှတ်တော်မူခဲ့ပြီး သီဟိုဠ်ရှိ ကလျာဏီသိမ်တွင် ရဟန်းအသစ်ကို ထပ်မံ ခံယူစေခဲ့သည်။ သံဃာတော်များ သီဟိုဠ်မှအပြန် ခရီးတွင်မူ ရာမဒူတအမည်ရသည့် သင်္ဘောသာ ပြည်တော်ပြန်နိုင်ခဲ့ပြီး စိတြဒူတအမည်ရသည့် သင်္ဘောမှာမူ လေပြင်းမုန်တိုင်းမိသဖြင့် လမ်းခရီးဆုံးသို့ မရောက်နိုင်သေးဘဲ ရှိနေခဲ့သည်။ ဓမ္မစေတီမင်းနှင့်တကွ တိုင်းသူပြည်သားတို့ ပူဆွေးသောက ရောက်ခဲ့ကြပြီး ပျောက်ဆုံးနေသည့် သင်္ဘောတစ်စင်းပေါ်က ရဟန်းသံဃာတော်များ ဘေးမသီရန်မခဘဲ အမြန်ဆုံးပြန်ရောက်ရှိစေရေး အတွက် ဝတ်ပြု ဆုတောင်းခဲ့ကြသည်။ ထိုသို့ ဆုတောင်းရန်အတွက် အဆိုပါ ပျောက်ဆုံးသွားသည့် စိတြဒူတသင်္ဘော ပုံစံတူတစ်စင်း ဖန်တီး တည်ဆောက်ကာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကို ရည်မှန်းအာရုံပြု၍ သင်္ဘောထဲတွင် ဆွမ်း၊ ပန်း၊ ရေချမ်း စသည့် ဒါတဗ္ဗဝတ္ထု အစုစုတို့ဖြင့် ဘုရားကို ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပြီး ဆုတောင်းခဲ့ကြသည်။ ထိုသို့ဆုတောင်းပြီးနောက် တော်သလင်းလဆုတ် ၂ ရက်နေ့တွင် စိတြဒူတသင်္ဘောကြီးမှာ ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ လာခဲ့လေသည်။ ထိုအခါမှ အစပြု၍ မွန်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခု အဖြစ် ယနေ့တိုင် အစဉ်အဆက် ပြုလုပ်လာခဲ့ကြပြီး ဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။ အချို့ကျေးရွာများတွင် ဒါယကာ၊ဒါယိကာမများက ရဟန်းသံဃာတော်များအား လှူဒါန်းခြင်းများရှိသလို အချို့ကျေးရွာများရှိ ဆရာတော် သံဃာတော်များကလည်း ကျေးရွာနှင့် အနီးဝန်းကျင်ရှိ စားဝတ်နေရေးအခက်အခဲ ရှိသူများအား ဆန်နှင့် ငွေကြေးများကို ပြန်လည် လှူဒါန်းခြင်းများလည်း ရှိသည်။ အချို့ဒေသများတွင်မူ ပျားရည်လောင်းပွဲနှင့် စတုမဓူ ဆွမ်းလောင်းပွဲများလည်း တွဲဖက်ကျင်းပလေ့ ရှိကြသည်။ ဘေးအန္တရာယ် ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေရေးအတွက် ရည်မှန်းကာ ဆုတောင်းပြီး ဆွမ်းတော်ကြီးတင်လှူ ပူဇော်ပွဲကျင်းပပြီး ယင်းမှ တစ်ဆင့် ရိုးရာမပျက် မွန်တိုင်းရင်းသား လူမျိုးတို့၏ ထူးခြားသည့် ဓလေ့ရိုးရာ ယဉ်ကျေးမှု အဖြစ် ယနေ့တိုင် ဆက်လက် ထိန်းသိမ်း ထားရှိပေသည်။ ။
သိမ့်ချယ်ရီ-ရေး (ပြန်ဆက်)
ပြည်သူများက ဆွမ်းအိုးမျှောမည့် မြစ်ကမ်းနားတစ်လျောက်၌ အရုဏ်တက်ချိန် မှစတင်ကာ မိမိတို့ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ဆွမ်း၊ရေချမ်း၊ ဆီမီးဖရောင်းတိုင်များ အမွေးနံ့သာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် အဆိုပါ ဆွမ်းအိုးများကိုမြစ်အတွင်းမြစ်ရေတက်ချိန်တွင် ဆွမ်းအိုးမျှောပူဇော်ကြပြီး မိမိတို့ အလိုရှိရာဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်မြတ်ထံ ဆုတောင်းကြခြင်း ဖြင့်ဆုတောင်းများပြည့်ဝကာ စီးပွားဥစ္စာတိုးပွားကြသဖြင့် ယုံကြည်စွာ နှစ်စဉ်ရိုးရာမပျက် ဆင်ယင်ကျင်းပကြသည်။