ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပေါကြွယ်ဝသည်ဟု ယူဆထားသည့် တောင်တရုတ်ပင်လယ် ဧရိယာအတွင်းရှိ Reed Bank သည် တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်လာစေနိုင်ပါသည်။ Reed Bank သည် ဖိလစ်ပိုင်နိုင်ငံ၊ Palawanကမ်းရိုးတန်းမှ ၉၅ မိုင်အကွာတွင် တည်ရှိသော ပင်လယ်ရေအောက်သန္တာကျောက်တန်းဖြစ်ပါသည်။ သုတေသီတို့၏ သုံးသပ်ချက်အရဖိလစ်ပိုင်နိုင်ငံသည် ၎င်းတို့၏ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် Reed Bank ကို တစ်နိုင်ငံတည်းပိုင် စွမ်းအင်တူးဖော်ထုတ်လုပ်ရာနေရာအဖြစ် အသုံးချလာပါက နှစ်နိုင်ငံအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံ၏ ဖွံ့ဖြိုးမှုကန့်သတ်ချက်များအရလည်းကောင်း၊ မကြာမီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကြောင့်လည်းကောင်း၊ အမေရိကန်၏ ပထဝီနိုင်ငံရေး နှောင့်ယှက်မှုများကြောင့်လည်းကောင်း၊ တရုတ်နှင့် အမေရိကန်တို့က Reed Bank အား လုယူမှုသည် အချိန်ကာလ တစ်ခု ကြာပြီးမှ ဖြစ်ပေါ် နိုင်ကြောင်းလည်း သုတေသီများက သုံးသပ်ထားကြပါသည်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေး၏ ၂၀၁၃ ခုနှစ်၊ အစီရင်ခံစာတွင် Reed Bank အနီးတစ်ဝိုက်တွင် ရေနံစည်ပေါင်း ၅.၄ ဘီလီယံ နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁.၅၆ ထရီလီယံ ( ၅၅.၁ ထရီလီယံ ကုဗပေ) ခန့် တွေ့ရှိနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့များသည် မတူးဖော်ရသေးသည့် အရင်းအမြစ် များဖြစ်ပါသည်။ ယခင်က တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ထိုအရင်းအမြစ် များကို ပူးပေါင်းတူးဖော်ထုတ်လုပ်ခဲ့ကြသော်လည်း အိမ်နီးချင်း နှစ်နိုင်ငံ အကြား တင်းမာမှုများကြောင့် တူးဖော်ထုတ်လုပ်မှုများကို နှစ်ပေါင်း များစွာ ရပ်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား - South China Morning Post
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃
ဥရောပနှင့် ဥရောပသမဂ္ဂနိုင်ငံ ၁၀ နိုင်ငံကျော်၊ ယူကရိန်း၊ ကနေဒါနိုင်ငံ ခေါင်းဆောင်များသည် မတ်လ ၂ ရက်က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး ယူကရိန်း အကျပ်အတည်း၊ ဥရောပ ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အမေရိကန်၊ ယူကရိန်းခေါင်းဆောင်တို့ကြား ဆွေးနွေးမှု သည် “နှစ်လိုဖွယ်မရှိ အဆုံးသတ်” ခဲ့ပြီးနောက် ကျင်းပသည့် ဤအစည်းအဝေးတွင် ဘက်အသီးသီးက ယူကရိန်း အား အဆင့်လေးဆင့် ထောက်ခံအားပေးမည့် သဘောတူညီမှု တစ်ပြေးညီ ရရှိခဲ့သည်။ ထိုနေ့တွင်ပင် ပြင်သစ်၊ ဗြိတိန်တို့က ရုရှား-ယူကရိန်းကြား တစ်လတာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပူးတွဲအဆိုပြုခဲ့သည်။
ယူကရိန်း အကျပ်အတည်းကိစ္စရပ်များတွင် အမေရိကန်၏ “အေးစက်သောအပြုအမူ” များကို ရင်ဆိုင်နေရပြီး ဥရောပသည် မိမိကိုယ်ကို လုံခြုံရေး၊ စီးပွားရေး စသည့် တောင်းဆိုမှုများကြောင့် “စားပွဲတွင် ထိုင်ရန်” နှင့် အမှန်တကယ် သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ အမေရိကန်နှင့် ဥရောပသည် စဉ်ဆက်မပြတ် အပြန်အလှန် လွန်ဆွဲမှု၊ သဘောထားကွဲလွဲမှုများ သိသာလာခြင်းသည် အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး အက်ကြောင်းကို ပိုမိုနက်ရှိုင်းစေကြောင်း လေ့လာသူများက ထောက်ပြကြသည်။
ယူကရိန်းအပေါ် ရပ်တည်ချက်ကို ဥရောပ ညှိနှိုင်းဆောင်ရွက်ပေး
အမေရိကန်က ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးမှုစတင်ချိန်မှစ၍ ဥရောပနိုင်ငံများသည် ယူကရိန်း အကျပ်အတည်း စေ့စပ်ညှိနှိုင်းမှုတွင် “ကလေးစားပွဲဝိုင်း” တွင်သာ ထိုင်နိုင်မည်ကို အစဉ် စိုးရိမ်လျက်ရှိသည်။ အမေရိကန်၊ ယူကရိန်း ခေါင်းဆောင်များကြား အပြင်းအထန် ငြင်းခုံမှုများဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံအများအပြားမှ ခေါင်းဆောင် များသည် ဇီလန်စကီးကို ထောက်ခံကြောင်း ပြောကြားခဲ့သလို ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှုများကို ခပ်စိတ်စိတ် လုပ်ဆောင်ခဲ့ပြီး ဥရောပအစီအစဉ်ကို စတင်ခဲ့သည်။
မတ်လ ၂ ရက်တွင် ကျင်းပသော လန်ဒန်ထိပ်သီးအစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဥရောပ၏ ယူကရိန်းအပေါ် ရပ်တည်ချက်ကို ညှိနှိုင်းဆောင်ရွက်ပေးရန်ဖြစ်ပြီး ယူကရိန်းထံ စစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးရေး စသည်တို့ အပါအဝင် ယူကရိန်းအား ထောက်ခံအားပေးမည့် အဆင့်လေးဆင့်ကို တက်ရောက်လာသော ဘက် အသီးသီးက တစ်ပြေးညီ သဘောတူညီခဲ့ကြသည်။
ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမာက ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဒုံးကျည်အစင်း ၅,၀၀၀ ကျော် ဝယ်ယူရာ၌ ဗြိတိန်၏ ပို့ကုန်ဘဏ္ဍာငွေ စတာလင်ပေါင် ၁.၆ ဘီလီယံကို အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သေးသည်။ ထိုနေ့တွင်ပင် မက်ခရွန်က ပြင်သစ်၊ ဗြိတိန် ပူးတွဲ အဆိုပြုထားသော ရုရှား-ယူကရိန်းကြား တစ်လတာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သည် အဓိကအားဖြင့် လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ် ထားသော်လည်း မြေပြင်အပစ်အခတ်ရပ်စဲရေး မပါဝင်ကြောင်း “Le Figaro” သတင်းစာ၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ထိုနေ့ည BBC ၏ တွေ့ဆုံမေးမြန်းခန်းတွင် ဇီလန်စကီးက ၎င်းသည် “အားလုံးကို သိထား” ကြောင်း ပြောကြားခဲ့သည်။ သို့သော် တစ်ဆင့်တိုး ပြောကြားမှု မပြုခဲ့ပေ။
ဥရောပသည် ဩဇာလွှမ်းမိုးမှုနှင့် ၎င်း၏အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရေးကို ကြိုးပမ်းထိန်းသိမ်းလျက် ရှိကြောင်း၊ ကီယာစတားမာ ပြောခဲ့သည့်အတိုင်း ဥရောပသည် သမိုင်းကြောင်း၏ လမ်းဆုံလမ်းခွတွင် ရောက်ရှိ နေပြီး “မျိုးဆက်တစ်ဆက်တွင် တစ်ကြိမ်သာရှိသည့် ကာလအခိုက်အတန့်” ကို ကြိုဆိုရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းရန် လိုအပ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြခဲ့သည်။
ဥရောပအနေဖြင့် ယူကရိန်းအတွက် “ငြိမ်းချမ်းရေး အစီအစဉ်” ချမှတ်ပေးရန် မျှော်လင့်ကြောင်း အမေရိကန် “The Wall Street Journal” ဆောင်းပါးတွင် ပြောကြားခဲ့သည်။ ဥရောပ၏ အစီအစဉ်သည် ပြီးခဲ့သည့်လက စတင်ခဲ့သော အမေရိကန်နှင့် ရုရှားတို့ကြား တိုက်ရိုက်ဆွေးနွေးပွဲကို ဟန်ချက်ညီအောင် ထိန်းညှိရန် ရည်ရွယ် ထားပုံရသည်ဟု အမေရိကန် CNN ဆောင်းပါးက ယူဆထားသည်။
အမေရိကန်က ယူကရိန်းအပေါ် ဖိအားပေးမှု တိုးမြင့်
ဇီလန်စကီးနှင့်အတူ အမေရိကန်သမ္မတ ထရမ့်၊ ဒုတိယသမ္မတ JD Vance တို့ အပြင်းအထန် ငြင်းခုံ၍ ဆွေးနွေးမှု ပြီးဆုံးခဲ့ပြီးနောက် အမေရိကန် အစိုးရသည် ယူကရိန်းအပေါ် ဆက်လက် ဖိအားပေးခဲ့သည်။
အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz က “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နဲ့ ပြောဆိုဆက်ဆံနိုင်သလို နောက်ဆုံးမှာ ရုရှားနဲ့ ပြောဆိုဆက်ဆံနိုင်ပြီး ဒီပဋိပက္ခကို အဆုံးသတ်နိုင်မယ့်(ယူကရိန်း) ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်” ဟု မတ် ၂ ရက်တွင် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။
အမေရိကန်၊ ယူကရိန်းတို့ အိမ်ဖြူတော်တွင် သတ္တုဆိုင်ရာ သဘောတူညီချက် မရရှိခဲ့ခြင်းနှင့် ပတ်သက်၍ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က “(ရုရှား-ယူကရိန်း) ငြိမ်းချမ်းရေး သဘောတူညီမှု မရှိသည့် အခြေအနေတွင် စီးပွားရေး သဘောတူညီမှုရရှိနိုင်မဟုတ်” ဟု အမေရိကန် CBS ရုပ်သံလိုင်း၏ တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် “ယူကရိန်းထံ ပို့ဆောင်လျက်ရှိသော လုပ်ဆောင်မှု အားလုံးကို ရပ်ဆိုင်းရန်” စဉ်းစားလျက်ရှိကြောင်း၊ ဤလုပ်ရပ်သည် ယူကရိန်းထံ ပို့ဆောင်နေသော ရေဒါ၊ မော်တော်ယာဉ်၊ ခဲယမ်းကျည်နှင့် ဒုံးကျည်စသည်တို့အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန် “The Washington Post” က အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်း ထုတ်ပြန် ခဲ့သည်။
ယင်းသည် ယူကရိန်း အကျပ်အတည်း ဘက်စုံ အရှိန်မြင့်တက်လာချိန်မှစ၍ အမေရိကန်-ယူကရိန်း ဆက်ဆံရေး အဆိုးရွားဆုံးအချိန်ဖြစ်ကြောင်း၊ အမေရိကန်- ယူကရိန်း နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းကို မည်သို့ ဖြေရှင်းရေးတွင် အလွန်ကြီးမားသော သဘောထားကွဲလွဲမှုများရှိနေပြီး ယူကရိန်းက “သတ္တုထုတ်ကုန်များဖြင့် လုံခြုံမှု ရရှိရန်” ကြိုးပမ်းနေသော်လည်း အမေရိကန်က ပို၍ လိုချင်သည်မှာ သိသာထင်ရှားလှကြောင်း လေ့လာ သုံးသပ်သူများက ထောက်ပြထားသည်။
အမေရိကန်၏ လုပ်ရပ်ကို “မာဖီးယား (Mafia) ပုံစံလုပ်ရပ်” ဟု ဗြိတိန် “The Economist” ဝက်ဘ်ဆိုက်တွင် တင်စားထားသည်။ အမေရိကန်သည် စနစ်အသစ်ကို တည်ထောင်လျက်ရှိရာ ထိုကဲ့သို့သော စနစ်အသစ်တွင် အဆင့်ခွဲခြားမှု စနစ်သစ်ရှိကြောင်း၊ “အမေရိကန်က ထိပ်ဆုံးနေရာမှာနေတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေကို နောက်ဆုံးမှာထားတယ်၊ သူတို့ရဲ့ အားကိုးမှုနဲ့ သစ္စာရှိမှုကို အသုံးချလို့ရတဲ့ အားနည်းချက်တွေလို့ သတ်မှတ်တယ်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။
အမေရိကန်နှင့် ဥရောပတို့က အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ကြ
ယူကရိန်း အကျပ်အတည်းအား ရင်ဆိုင်ရာတွင် ဥရောပနှင့် အမေရိကန် နှစ်ဖက်လုံးသည် မိမိ၏အကျိုးစီးပွားကို ဦးစားပေးသဖြင့် သဘောထားကွဲလွဲမှုနှင့် ဒွိဟဖြစ်မှုများသည် တစ်နေ့တခြား သိသာထင်ရှားလာပြီး အတ္တလန္တိတ် ဖြတ်ကျော်ဆက်ဆံရေး အက်ကွဲကြောင်း အဆက်မပြတ်နက်ရှိုင်းလာသည်ဟု လေ့လာသုံးသပ်သူများက ယူဆ ကြသည်။
ဥရောပနှင့် အမေရိကန်သည် ယူကရိန်းအား ဆက်ဆံရာ၌ အနှစ်သာရအရ တူညီမှုမရှိဘဲ မိမိ၏ အကျိုးစီးပွားကိုသာ အာရုံစိုက်ကြသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်း Ben Wallace က မကြာသေးမီက မီဒီယာ တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။ ၎င်းတို့သည် ယူကရိန်းအား စစ်ဘက်ဆိုင်ရာ ပစ္စည်းအဟောင်းများ ထောက်ပံ့ပေးခြင်းဖြင့် အခွင့်ကောင်းယူကာ မိမိစစ်တပ်၏ စစ်ဘက်ဆိုင်ရာပစ္စည်းများအား “အသစ်လဲပေး” ခြင်း ဖြစ်ကြောင်း၊ ဥရောပနှင့် အမေရိကန်က ယူကရိန်းအား ထောက်ပံ့ပေးသည့် ကူညီမှုအများစုမှာ မိမိနိုင်ငံပြည်တွင်း ထုတ်ဖြစ်ပြီး ထိုမှတစ်ဆင့် မိမိအတွက် အလုပ်အကိုင် အများအပြားဖန်တီးပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ကီယာစတားမာကလည်း ဗြိတိန်နှင့် ဥရောပ၏ အကျိုးစီးပွားအရ တောင်းဆိုချက်ကို မကွယ်ဝှက်တမ်း ပြောဆို ထားသည်။ ယူကရိန်းအရေးကိစ္စသည် ဗြိတိန်နိုင်ငံ၏ အမျိုးသားလုံခြုံမှု၊ အကျိုးစီးပွားနှင့် ပတ်သက်နေကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားလာကတည်းက ဗြိတိန်သည် လူနေမှုဘဝ အရင်းအနှီး အကျပ်အတည်း၊ စွမ်းအင် အကျပ်အတည်း စသည့် စိန်ခေါ်မှုများကို ခံခဲ့ရကြောင်း၊ ယူကရိန်းအရေးကိစ္စအား ကြိုးပမ်းဖြေရှင်း၍ ဥရောပ ရေရှည်ငြိမ်းချမ်းမှု ဖော်ဆောင်ခြင်းသည် ဗြိတိန်၏ အကျိုးစီးပွားနှင့် ကိုက်ညီသကဲ့သို့ ဥရောပနှင့် ယူကရိန်း၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အမေရိကန်ရဲ့ အမြင်မှာ ကျွန်တော်တို့ (ယူကရိန်း) က ရောင်းချလို့ရတဲ့ အရင်းအနှီးပိုင်ဆိုင်မှုပါပဲ။ ဥရောပသား တွေက သူတို့ဘာသာကိုပဲ ဂရုစိုက်ကြတာပါ” ဟု ယူကရိန်းပြည်သူ Pavard ၏ ပြောကြားချက်ကို ကိုးကား၍ ဗြိတိန် “The Guardian” သတင်းစာတွင် ဖော်ပြထားသည်။
အမေရိကန် တတ်သိပညာရှင်အဖွဲ့ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) က လတ်တလော ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည့် အစီရင်ခံစာတစ်ခုတွင် အမေရိကန်က သံတမန်ဆက်ဆံရေးအား စီမံရာတွင် တစ်နေ့တခြား ပိုမိုသိသာလာသော “အရောင်းအဝယ်ပုံစံ ရှုထောင့်အမြင်” ကို ဖော်ပြလာသည်ဟု ထောက်ပြ ထားသည်။
အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်အပြင် အမေရိကန်က ဂရင်းလန်းကျွန်း၊ ကနေဒါ တို့အပြင် ရုရှား၏ သတ္တုထုတ်ကုန်များကိုပင် စိတ်ဝင်စားမှု ဖော်ပြလာကြောင်း၊ ထရမ့်အုပ်ချုပ်သည့် ကာလအတွင်း ယူကရိန်း၊ ဥရောပ သို့မဟုတ် NATO အဖွဲ့ဖြစ်စေ ၎င်းတို့က မဟာဗျူဟာ အရင်းအမြစ် သို့မဟုတ် စီးပွားရေးအရ လျော်ကြေးများကို “ပြန်လည်ပေးဆပ်မှု” အဖြစ် မပေးနိုင်ပါက အမေရိကန်ထံမှ ၎င်းတို့ ရရှိနိုင်မည့် လုံခြုံရေးအာမခံချက်များမှာ သိသိသာသာလျော့ကျသွားမည်ကို မျှော်မှန်းနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။
ဥရောပက လုံခြုံရေးအာမခံချက်ပေးသည့်အပိုင်းတွင် အမေရိကန်ကို အစားထိုးနိုင်မည့်နိုင်ငံအား ရှာဖွေ၍ မရသေးကြောင်း၊ ထို့ကြောင့် ဥရောပက မိမိကိုယ်ကို ပိုမိုလွတ်လပ်စွာတည်ရှိရေး၊ မိမိကိုယ်ကို ပိုမို အားကိုးရေး အတွက် လေ့လာသင်ယူရမည်ဖြစ်ကြောင်း လစ်သူအေးနီးယားနိုင်ငံ တတ်သိပညာရှင်အဖွဲ့ ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန ဌာနမှူး Linas Kojala က ယူဆသည်။
ကိုးကား-ဆင်ဟွာ
နေပြည်တော် မတ် ၅
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးဆောင်ကျင်းပသည့် နိုင်ငံငါးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းရှိ Esperado Lake View Hotel ၌ မတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
ဦးဇော်ဇော်နိုင် (ဥက္ကဋ္ဌ၊ မြန်မာအိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသင်း)
အခုဆွေးနွေးပွဲမှာ အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှားနဲ့ တောင်အာဖရိက နိုင်ငံတွေကကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ အတွက် ကနေဒါ၊ အိန္ဒိယ စတဲ့နိုင်ငံတွေက နည်းပညာတွေ ရရှိမှာဖြစ်တဲ့အတွက် စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမယ့် ဆွေးနွေးမှုတွေဖြစ်ပါတယ်။ မလေးရှားနိုင်ငံက မြန်မာနိုင်ငံမှာ စားအုန်းဆီ၊ ဒူးရင်းသီးစိုက်ပျိုးရေးနဲ့တခြားသော စီးပွားရေးလုပ်ငန်းတွေလည်း လာရောက်လုပ်ကိုင်ချင်ကြတယ်။ စင်ကာပူနိုင်ငံကတော့ မြေရှားပါးတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ မြန်မာနိုင်ငံကို စိတ်ဝင်စားနေတာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တက်ရောက်တဲ့ နိုင်ငံတွေအပြင် တခြားသောနိုင်ငံတွေနဲ့လည်းအတူ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်း ပြည်ပမှာ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပ သွားဖို့ရှိပါတယ်။
ပြီးတော့ မလေးရှားနဲ့အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံနဲ့ စိုက်ပျိုးရေးကဏ္ဍ လက်တွဲဆောင်ရွက်ဖို့ ကွန်ဖရင့်တွေ ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာတော့ မြန်မာနိုင်ငံမှာကျင်းပဖို့ သဘောတူထားတာရှိပါတယ်။ ဒီလိုကွန်ဖရင့်ကနေ စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းတွေ ထွက်ပေါ်လာစေမှာပါ။ နိုင်ငံတော်အကြီးအကဲကလည်း မျိုးဆက်သစ်လူငယ်တွေ ကိုဦးစားပေးတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ လူငယ်တွေရဲ့ အားနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးသွားနိုင်မှာပါ။ အိန္ဒိယနိုင်ငံနဲ့လည်း IT နည်းပညာနဲ့ ဆေးဝါးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့လည်းရှိပါတယ်။
ဦးရန်ဝင်း(ဥက္ကဋ္ဌ ၊ မြန်မာခရီးသွားဘဏ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်)
နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကနေ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ လမ်းညွှန်ထားတာရှိပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးလာအောင် အားလုံးပူးပေါင်းဆောင်ရွက်သွားရမှာပါ။ ခရီးသွားကဏ္ဍကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆက်နွှယ်ဆက်စပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနိုင်ငံတကာနဲ့ဆက်သွယ်ပြီး ကွန်ဖရင့်တွေကျင်းပခြင်းဟာ နိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ တခြားသောလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့ အထောက် အကူဖြစ်စေမှာပါ။ နိုင်ငံတော်က ခရီးသွားကဏ္ဍမြှင့်တင်ဖို့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ အာဆီယံနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နေတာရှိပါတယ်။ နိုင်ငံတော်က လမ်းဖွင့်ဆောင်ရွက်ပေးမှုအပေါ် အဖွဲ့အစည်းတွေက အပြန်အလှန် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံအတွက် အကျိုးကျေးဇူးတွေ ရရှိလာမှာပါ။
Mr.Ravindra Jain (Vice President & President Elect၊ Rotary Club of Yangon)
ဒီနေ့ပြုလုပ်တဲ့ ကွန်ဖရင့်ဟာ အရေးကြီးပြီး ကောင်းမွန်တဲ့ ကွန်ဖရင့်တစ်ခုလည်းဖြစ်ပါတယ်။ Mr.Tanga Raja နဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပေါင်းစည်းပြီး ပြုလုပ်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံရဲ့စီးပွားရေးကို တိုးတက်စေချင်တာဖြစ်ပါတယ်။ အိန္ဒိယနဲ့မြန်မာနိုင်ငံရဲ့ သွေးရင်း ပမာနှစ်နိုင်ငံဆက်ဆံရေးဟာ ၁၉၄၂ ခုနှစ်ကတည်းက တည်ရှိခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့နှစ်နိုင်ငံမှာ အင်မတန်ကောင်းမွန်ပြီး ခိုင်မြဲတဲ့ဘာသာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိဖို့ လိုအပ်တယ်ဆိုတာကို အမြဲပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အိန္ဒိယ-မြန်မာ ပူးပေါင်းပြီး အရည်အသွေးကောင်းမွန်တဲ့ မျိုးစေ့တွေနဲ့ဆန်းသစ်တဲ့ နည်းပညာတွေရရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကနေ စီးပွားရေးတိုးတက်မှုတွေရရှိဖို့ အသေအချာပါပဲ။ ဒါကြောင့်များများထုတ်လုပ်ပြီး ဝင်ငွေများများရနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ရပ်လို့မြင်မိပါတယ်။ ဒါဟာဝမ်း မြောက်ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။
ဦးရှိန်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း)
အခုကွန်ဖရင့်မှာ နိုင်ငံအတော်များများ ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ပိုပြီးအဓိကကျပါတယ်။ ကျွန်တော် တို့အသင်းအနေနဲ့ မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနဲ့ လက်မှတ်ထိုးထားတာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံဟာ မဖြစ်မနေကုန်သွယ်ရမယ့် နိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိအိန္ဒိယဟာ တိုးတက်မှုနှုန်းမြင့်မားပြီး မြန်မာနိုင်ငံနဲ့ သဘာဝ အခြေခံအပါအဝင် အသုံးအဆောင်ပစ္စည်းတွေ တော်တော်များများ တူညီကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာဆိုရင် အတုယူစရာများစွာရှိနေပါတယ်။ သုံးစွဲတဲ့ဓာတ်မြေဩဇာဆိုရင် မူရင်းပျောက်ဆုံးမှုမရှိဘဲ သဘာဝအတိုင်းအသုံးပြုနိုင်တာကိုတွေ့ရမှာပါ။ မျိုးစေ့ကဏ္ဍဆိုရင်လည်း အတုယူစရာကောင်းပါတယ်။ ကျွန်တော်တို့နဲ့ လျှပ်စစ်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါတယ်။
ဒီလိုဖိုရမ်တွေ များစွာဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာနဲ့ပတ်သက်တဲ့ စာတမ်းတွေ ထွက်လာစေပါတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် အကြံဉာဏ်ကောင်း များစွာရရှိတဲ့အပြင် မိတ်ဆွေတွေလည်း တိုးပွားစေတာကြောင့် မြန်မာနိုင်ငံအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အခွင့်အလမ်းကောင်းတွေဖြစ်ပါတယ်။
ဦးအောင်ဇော်ဝင်း(ဒုတိယဥက္ကဋ္ဌ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအသင်း)
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ အိန္ဒိယနဲ့မလေးရှားရဲ့ ပြောင်းလဲတိုးတက်မှုဟာ ထင်ရှားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တောင်သူလယ်သမားကဏ္ဍ ဖွံ့ဖြိုးလာစေမှာ အမှန်ပါ။ နိုင်ငံတော်အစိုးရက ကျေးလက်တောင်သူတွေရဲ့ လူမှုစီးပွားတိုးတက်အောင် လယ်ယာကဏ္ဍ ဖွံ့ဖြိုး ရေးကို ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ကျန်တဲ့အသင်းအဖွဲ့တွေကလည်း တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာမှာပါ။ စီးပွားရေးဖွံ့ဖြိုးမှုဟာ နိုင်ငံအေးချမ်းသာယာစေပြီး ဆင်းရဲချမ်းသာကွာဟမှုတွေကိုလည်း လျော့ကျ စေပါတယ်။
ဒေသတွင်း နိုင်ငံတချို့က စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပေမယ့်မြေနေရာ ရှားပါးတာမျိုးရှိတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတွေမှာ ရေခံမြေခံကောင်းမွန်တဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြပါတယ်။ ဒါကြောင့်ကျွန်တော်တို့နိုင်ငံလို စိုက်ပျိုးရေးအတွက် အခြေခံကောင်းတွေရှိတဲ့ နိုင်ငံကို စိတ်ဝင် စားကြတယ်။
ဖွံ့ဖြိုးမှုအပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မယ့် အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှားနဲ့ တောင်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံ ဆွေးနွေးမှုရလဒ်တွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ကျေးလက်နေ စိုက်ပျိုးတောင်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ကောင်းများစွာရရှိစေမှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း- သစ္စာ(MNA)
ဓာတ်ပုံ- မောင်သီ
Source: https://www.moi.gov.mm
ရုရှား - မြန်မာ စီးပွားရေးဖိုရမ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်အမှာစကားပြောကြားရာတွင် အထူး သဖြင့် ယခုလအတွင်း ပဉ္စမအကြိမ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် အောင်မြင်စွာဖြင့် လက်ခံကျင်းပနိုင်ခဲ့ကြောင်း။
ပိုမိုတိုးမြှင့်နိုင်ခဲ့ပြီဖြစ်
အဆိုပါ ကော်မရှင်အစည်းအဝေးမှနေ၍ ဆွေးနွေးမှုရလဒ်များအဖြစ် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေး၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း။
အထူးသဖြင့် မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခြေလှမ်းသစ်စတင်နိုင် သည့်အတွက် များစွာအားရကျေနပ်မိပါကြောင်း။
မိမိတို့ဘက်ကလည်း ခိုင်မာအားကောင်းသည့် ဥပဒေမူဘောင်များ ချမှတ်ထားခြင်းနှင့်အတူ ယနေ့အခမ်းအနား၏ ရလဒ်တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆွေးနွေးညှိနှိုင်းခြင်းကြောင့် သဘောတူစာချုပ်ကို မကြာမီလက်မှတ်ရေးထိုးနိုင် မည်ဟုမျှော်လင့်ပါကြောင်း။
ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပြည်တွင်းနှင့် ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစင်္ကြံလမ်းများတစ်လျှောက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာနှင့်အတူ အဆွေတော်တို့ကို ဖိတ်ခေါ်လိုပါကြောင်း။
ပိုမိုတိုးမြှင့်ဖော်ဆောင်လာနိုင်မည်
ယနေ့ကျင်းပပြုလုပ်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် အခမ်းအနားတွင်လည်း နှစ်နိုင်ငံအကြား အစိုးရချင်းသာမက နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍ အချင်းချင်းအကြား ဆက်သွယ်မှုကွန်ရက်ကို ပိုမိုတိုးချဲ့နိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများရရှိခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ အထူးသဖြင့် တည်နေရာအနေအထားအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အနည်းငယ်ဝေးကွာသည့်နေရာတွင် တည်ရှိသော်လည်း ယနေ့အခမ်းအနားမှ စီးပွားရေးဆိုင်ရာနယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံတွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဖော်ဆောင်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ကနဦးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည်ကို တွေ့ရသည့်အတွက် များစွာဝမ်းမြောက်ရကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးအခြေပြု အဆင့်မြင့် နည်းပညာလွှဲပြောင်းမှုအပိုင်းနှင့် စပ်လျဉ်း၍ အလေးထားပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးနိုင်ခဲ့ကြောင်း။
ထို့အပြင် စက်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့တွင်လည်း နည်းပညာအသစ်များဖြင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ အခြေခံအဆောက်အအုံ ကဏ္ဍပိုင်းတွင် မြန်မာနိုင်ငံ၏လိုအပ်ချက်နှင့်အညီ တောင်တန်းကုန်းမြင့်များနှင့် ရှည်လျားလှသည့်ကမ်းရိုးတန်းတစ်လျှောက်တွင် ဂေဟစနစ်ကိုထိခိုက်မှုမရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အထူးသဖြင့်လေစွမ်းအင်၊ နေစွမ်းအင်၊ ရေအားလျှပ်စစ်တို့ကို ထုတ်ယူနိုင်မည့် စီမံကိန်းများကို မကြာမီကာလအတွင်း အဆွေတော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း။
နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများကို အစပြုချိတ်ဆက်ထားနိုင်ပြီဖြစ်သဖြင့် ကုန်သွယ်မှုကို ယခင်ကထက် လွယ်ကူချောမွေ့စွာ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်တိုးတက်မှုတွင် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲတွင် ပါဝင်သည့်အတွက် သတင်းအချက်အလက်နည်းပညာနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်မှုကိုလည်း အဆွေတော်တို့နှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ယင်းနှင့်ဆက်စပ်၍ ယခင်ကတည်းကတိုးတက်ရန် လိုအပ်နေသေးသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင် ရုရှားနိုင်ငံနှင့် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံအတွက် နိုင်ငံတော်အဆင့် ကြိုးပမ်းဆောင်ရွက်ရမည့် အဓိကမဏ္ဍိုင်တစ်ရပ်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် လူ့စွမ်းအားအရင်း အမြစ်များကို မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် အထူးစိတ်ဝင်စားသည့် စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင် လုပ်ကိုင်နိုင်သည့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်များကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များ စီစဉ်ထားရှိသည်ကို သိရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအကြားတွင် လုပ်သာကိုင်သာရှိမည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် အလုပ်အကိုင်များရရှိနိုင်အောင် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဟု ထပ်လောင်းပြောကြားလိုကြောင်း။
မဝေးတော့သည့် အနာဂတ်တွင် နှစ်နိုင်ငံအကြား တန်းတူညီမျှသည့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တည်ဆောက်နိုင်မည့် နည်းလမ်းများကို အတူတကွ ကြိုးပမ်းဆောင်ရွက်ရင်း ဘုံတူညီသည့် အကျိုးစီးပွားများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် နံပါတ်(၁) အချက်ကတော့ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ကမ္ဘာ့မြောက်ခြမ်းမှာ အရှေ့နဲ့အနောက်ကို ရှည်လျားစွာ အရှေ့ကဆိုရင်လည်း အာရှဒေသကနေ အနောက်ဘက် ဥရောပဒေသအထိ ကျယ်ပြန့်စွာရှိနေတဲ့ မဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထဝီအနေအထားကလည်း အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံတကာကနေ စိတ်ဝင်စားမှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရုရှားနိုင်ငံရဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေကို တိုက်ခိုက်နေပါစေ ရုရှားနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နည်းပညာတွေကိုတော့ ဘယ်လိုမှ သူတို့နှိမ်နင်းလို့ရမှာ မဟုတ် ပါဘူး။ ဒါကြောင့်ခင်ဗျားတို့ရဲ့ ကြွယ်ဝမှုနဲ့နည်းပညာတွေကို ကျွန်တော်တို့ အာရှဒေသမှာ လာရောက်ဖြန့်ကြက်ပြီး ဆောင်ရွက်စေလိုတယ်။ ဒီအခွင့်အရေးကို မြန်မာနိုင်ငံက ခင်ဗျားတို့ကို ကျွန်တော်ပေးချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့မလုပ်ခင်မှာ မြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါ။ ဒီမှာလာတဲ့ မြန်မာနိုင်ငံက ပါလာတဲ့အဖွဲ့တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးလာတဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ခင်ဗျားတို့လာမယ်ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ ပကတိအခြေအနေကိုလည်း ဒီထက်ပိုပြီးသိရှိမှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်တဲ့အခါမှာလည်း ခင်ဗျားတို့က စီးပွားရေးလုပ်တယ်ဆိုတာ ဈေးကွက်ကို ကျွန်တော်တို့က စဉ်းစားရပါတယ်။ မြန်မာနိုင်ငံကလူဦးရေ ၅၁ သန်းပဲရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ပတ်ပတ်လည်မှာရှိတဲ့ နိုင်ငံတွေရဲ့လူဦးရေက ၂ ဘီလီယံကျော် ၃ ဘီလီယံနီးပါးလောက်ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံအပြင် အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ လူဦးရေများပြားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒီနိုင်ငံတွေကို ခင်ဗျားတို့ရဲ့ ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုခင်ဗျားတို့ ဈေးကွက်ရှာမလဲဆိုတာလည်း စဉ်းစားမယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။ တစ်ခုကတော့ မြန်မာနိုင်ငံ မှာရှိတဲ့ သဘာဝထုတ်ကုန်ပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်တဲ့ တန်ဖိုးမြင့်ပစ္စည်းတွေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ နောက်ခင်ဗျားတို့နိုင်ငံကနေ တိုက်ရိုက်လာပြီးတော့မှ Investment လုပ်ပြီးတော့မှ ခင်ဗျားတို့ရဲ့ နည်းပညာနဲ့ ခင်ဗျားတို့ပစ္စည်းတွေကို ထုတ်လုပ်ပြီးတော့မှ သွားတဲ့လုပ်ငန်း၊ ဒီနှစ်ခုလုံးကို မြန်မာနိုင်ငံမှာ လာလုပ်မယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်၊ မုချအကျိုးရှိပါလိမ့်မယ်။
မနေ့ကလည်း အဆွေတော်တို့သမ္မတကြီးနဲ့ ကျွန်တော်တွေ့တယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်နဲ့ ပတ်သက်ပြီး တော်တော်များများ ဆွေးနွေးသဘောတူညီချက်ရယူခဲ့တာရှိပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ တချို့သော အခက်အခဲတွေကို ခင်ဗျားတို့ခေါင်းထဲမှာ သိပ်မထည့်ပါနဲ့၊ ဒါတဒင်္ဂသာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီအခက်အခဲတွေကို အားလုံးကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အရေးကြီးတာတော့ လုပ်ချင်တယ်ဆိုတဲ့၊ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိတ်ဆွေရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ လုပ်ငန်းရှင်အားလုံးကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် အပြန်အလှန် အကောက်ခွန် စည်းကြပ်ခြင်းအစီအစဉ်သည် စည်းကြပ်ခွန်များ လျော့ပါးစေရေးကို ဖော်ဆောင်နိုင်မည့် စေ့စပ်ညှိနှိုင်းမှုများကို ကယောက်ကယက် ဖြစ်စေနိုင်သော်လည်း အလားတူ ပြင်းထန်သည့် လက်တုန့်ပြန်မှု ဖြစ်စေကြောင်းကို လေ့လာသူများက သတိပေးလျက်ရှိပါသည်။
“ဒါဟာ နိုင်ငံအားလုံးအပေါ် လုပ်ဆောင်ခြင်းဖြစ်ပြီး မိမိတို့အပေါ် မျှမျှတတ ဆက်ဆံလျှင် မိမိတို့ကလည်း မျှမျှတတ ပြန်ဆက်ဆံမည်”ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့ ပါသည်။ သမ္မတလုပ်ဆောင်မည့် အစီအစဉ်အသေးစိတ်အချက်အလက်များနှင့် အကျိုုးဆက်များမှာ အဘယ်နည်း။
အပြန်အလှန်အကောက်ခွန်စည်းကြပ်ခြင်းဆိုသည်မှာ
အကောက်ခွန်ဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခုက တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်း ဖြစ်ပါသည်။ ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ကတိပြုထားသည့် အပြန်အလှန်အကောက်ခွန် စည်းကြပ်ခြင်းအနေဖြင့် “တစ်ယောက်က လုပ်ရင် တစ်ယောက်က ပြန်လုပ်မှာဘဲ” ဆိုသည့် စကားကဲ့သို့ တစ်ဘက်က အကောက်ခွန်စည်းကြပ်ခြင်းအတွက် အခြား တစ်ဘက်ကလည်း အကောက်ခွန်စည်းကြပ်ရာတွင် တူညီသည့် ပမာဏကို ပြန်လည်ကောက်ခံခြင်းပဲ ဖြစ်ပါသည်။
“ကွန်မြူနစ်တရုတ်ကဲ့သို့ မဟာဗျူဟာမြောက် ယှဉ်ပြိုင်ဘက်၊ သို့မဟုတ် ဥရောပသမဂ္ဂ၊ သို့မဟုတ် ဂျပန်၊ သို့မဟုတ် ကိုရီးယားကဲ့သို့ မဟာမိတ်ဖြစ်ဖြစ် ကိစ္စမရှိဘူး”ဟု အိမ်ဖြူတော်မှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့ပါတယ်။
“အဆိုပါနိုင်ငံတစ်ခုချင်းစီအနေဖြင့် မိမိတို့ထံမှ နည်းလမ်းအမျိုးမျိုးဖြင့် အခွင့်ကောင်းယူနေကြပြီး သမ္မတက ဒီလိုဖြစ်ရခြင်းမှာ အပြန်အလှန် အကောက်ခွန် စည်းကြပ်မှုမရှိတဲ့အတွက်ကြောင့် ဖြစ်သည်ဟု သတ်မှတ်ကြောင်း” အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အပြန်အလှန် အခွန်စည်းကြပ်မှုသည် အခြားနိုင်ငံများမှ အမေရိကန်ထုတ်ကုန်ပစ္စည်းများအပေါ် သတ်မှတ်သည့်အဆင့်နှင့် ကိုက်ညီစေရန် သွင်းကုန်ပစ္စည်းများအပေါ် သတ်မှတ်နှုန်းထား တိုးမြှင့်ခြင်း များကို ဆိုလိုသည်ဟု ယူဆနိုင်ပြီး စည်းကြပ်ခွန်များကို တစ်နိုင်ငံချင်းအလိုက် သတ်မှတ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့တယ်။
သို့သော် အခြားနိုင်ငံများမှ အမေရိကန်ကုန်ပစ္စည်းများအပေါ် သတ်မှတ်ထားသည့် စည်းကြပ်ခွန်နှုန်းထားများအား ထည့်သွင်းစဉ်းစားမှုအပြင် ထရမ့်၏အစီအစဉ်တွင် ထပ်တိုး ကောက်ခံသော တန်ဖိုးမြှင့် ထုတ်ကုန်များအပေါ် ကောက်ခံသည့် အခွန်များ (VATs) ကဲ့သို့သော ပုံမှန်မဟုတ်သော အကောက်ခွန်စည်းကြပ်သည့် အကြောင်းအရင်းများကိုလည်း လေ့လာရပါမည်။
ဘယ်တော့သတ်မှတ်မလဲ
ယခုအချိန်တွင် ထရမ့်၏အစီအစဉ်၌ စီးပွားရေးရာဝန်ကြီးနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့အား ဘဏ္ဍာရေးဌာနအကြီးအကဲ အပါအဝင် အခြားသူများနှင့် တိုင်ပင်ကာ ပြဿနာအရင်းအမြစ်ကို လေ့လာပြီး ကုစားမည့် နည်းလမ်းများအား အဆိုပြုရန် တိုက်တွန်းခဲ့ပါ သည်။ ထရမ့်၏ စီးပွားရေးရာဝန်ကြီးအဖြစ် အဆိုပြုထားသူ Howard Lutnick က အကောက်ခွန် စည်းကြပ်ရေး ပြဿနာများအား လေ့လာပြီးနောက် အစောဆုံး ဧပြီလ ၂ ရက်နေ့တွင် စတင် နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ အိမ်ဖြူတော်မှာ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အရ အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေး လိုငွေပြမှု သို့မဟုတ် တစ်ဘက် စောင်းနင်း အဖြစ်ဆုံး နိုင်ငံများအား စိစစ်ပြီး အစီအမံများကို အမြန်ဆုံး စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘယ်သူတွေ အထိခိုက်ဆုံး ဖြစ်မလဲ
တစ်နိုင်ငံနှင့် တစ်နိုင်ငံ သွင်းကုန်အပေါ် အပြန်အလှန် စည်းကြပ်မှုက အမေရိကန်ထုတ်ကုန် တွေကို မဖြစ်အနေ အသုံးပြုနေရသည့် နလန်ထကာစ အချို့သော ဈေးကွက်စီးပွားရေး ဝန်းကျင်များ အတွက် “ဘူးလေးရာ ဖရုံဆင့်” ဆိုသလို အခွန်အထုပ် ကြီးမြင့်မှုကို ခါးဆီးခံကြရဖွယ် ရှိကြောင်း ဈေးကွက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် JP Morgan က ဝေဖန်သုံးသပ်ပါသည်။
အိမ်ဖြူတော်က နောက်ဆုံးပေါ် အခွန်အကောက် အစီအစဉ်ကို မိတ်ဆက်သည့်နေရာတွင် ဘရာဇီးနှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများ၏ အခွန်ကောက်ခံမှုစနစ်များကို ကိုးကားပြောကြားခဲ့ပါသည်။ ဉပမာအားဖြင့် ဘရာဇီးနိုင်ငံက အမေရိကန်နိုင်ငံ၏ ပို့ကုန်ဖြစ်သည့် အီသနောဓာတ်ငွေ့လောင်စာ ဆီအပေါ် သွင်းကုန်ခွန် ၁၈ ရာခိုင်နှုန်း စည်းကြပ်နေသည့်အချိန်တွင် အမေရိကန်က အီသနော ဓာတ်ငွေ့လောင်စာဆီ တင်သွင်းမှုအပေါ် ၂.၅ ရာခိုင်နှုန်း အခွန်စည်းကြပ်နေကြောင်း ထောက်ပြ ပါသည်။
အမေရိကန်၏ သွင်းကုန်များအပေါ် ၂.၅ ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းနှင့် နှိုင်းယှဉ်ပါက ဥရောပသမဂ္ဂအနေဖြင့် မော်တော်ကား တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခြင်းက ကုန်သွယ်မှုအပေါ် “အလွန်ကို ရက်စက်ရာ ကျသည်” ဟု အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူက ခိုင်းနှိုင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း အမေရိကန်၏ Light Truck ကုန်တင်ယာဉ် များကဲ့သို့ အခြားထုတ်ကုန်များအပေါ် အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံနေခြင်းက ဝေဖန် သုံးသပ်သူများက ထောက်ပြစရာ ဖြစ်နေပါသည်။
ပြဿနာတွေက ဘာလဲ?
VAT ကဲ့သို့သော အခွန်ကင်းလွတ်ခွင့် ကိစ္စရပ်များကို ဖြေရှင်းရန် အပြန်အလှန် အခွန် ကောက်ခံခြင်းများကို အသုံးပြုခြင်းက သာမန်အားဖြင့် အခွန်ကောက်ခံမှုကို ထိရောက်မှု ရှိစေနိုင် ပါသည်” ဟု သုတေသီ Goldman Sachs က ယခင်က ပြောကြားခဲ့ဖူးပါသည်။ သို့သော် “VAT ဆိုသည်မှာ နယ်မြေဖြတ်ကျော် ကုန်သွယ်ခွင့်အပေါ် အထူးအခွင့်အရေး အနေဖြင့် စည်းကြပ်မှု ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ပို့ကုန်များအပေါ် အခွန်လျှော့ချပြီး သွင်းကုန်များအပေါ် အခွန်တိုး ကောက်ခြင်းမျိုး ဖြစ်ကြောင်း” ဟု အခွန်နှင့်ပတ်သက်သည့် ဖောင်ဒေးရှင်းမှ သုတေသီများက မှတ်ချက်ပေးပါသည်။
တစ်ဘက်မှာ “ပို့ကုန်များအပေါ် ထောက်ပံ့ကြေးပေးသည်နှင့် သွင်းကုန်များအပေါ် အရေးယူမှုများကို အထင်အရှား တွေ့နေရသော်လည်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခွင့်နှင့်ပတ်သက်သည့် VAT ကတော့ ပုံမှန် အခြေအနေမှာပဲ ရှိနေကြောင်း” ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထိုအချက်က ဆွေးနွေးညှိနှိုင်းမှုများတွင် မပြတ်မသား ဖြစ်နေသည် ဆိုသည်ကို သက်သေပြနေခြင်း ဖြစ်ပါသည်။
“ထရမ့်အနေဖြင့် အခွန်အမျိုးမျိုးကို နှစ်ဆတိုးကောက်ပါက အခြားနိုင်ငံများကလည်း လက်တုံ့ ပြန်လာနိုင်ပါသည်” ဟု PIIE မှ အကြီးတန်း စီးပွားရေးပညာရှင် Maurice Obstfeld က သတိပေးခဲ့ပါသည်။
“အဓိကနိုင်ငံကြီးများအတွက် ထိခိုက်မှုများလေလေ၊ အခြားနိုင်ငံများကို ၎င်းတို့နှင့် ပူးပေါင်း လာရန် ကြိုးစားလာနိုင်ခြေများလေလေ ဖြစ်လိမ့်မည်” ဟု ၎င်းက ဆက်လက်ပြောဆိုပါသည်။ အမေရိကန်၏ အခွန်တိုးမြှင့်မှုသည်လည်း တင်သွင်းသူများအတွက် ကုန်ကျစရိတ် တိုးလာစေမည် ဖြစ်ပါသည်။
ရည်မှန်းချက်က ဘာလဲ?
ထရမ့်၏ မူဝါဒသည် တတိယနိုင်ငံများ “အမေရိကန်၏ ခွဲခြားဆက်ဆံမှု မခံရစေရန် အမေရိကန်၏ မျက်နှာသာပေးမှုကို ခံရစေရန်” ဖိအားပေးသည့် ရည်ရွယ်ချက် ရှိနေသည်” ဟု PIIE မှ ဝါရင့်ပညာရှင် Obstfeld က ဆိုပါသည်။ ဥပမာ- ဘရာဇီးနိုင်ငံက အမေရိကန်၏ ကားတင်သွင်းမှု အပေါ် အခွန်နှုန်းထားများကို လျှော့ချသော်လည်း အခြားနိုင်ငံက တင်သွင်းလာသည့် ကားများအပေါ် နှုန်းထားတူ အခွန်စည်းကြပ်မည်” ဆိုသည်မျိုး ဖြစ်ပါသည်” ဟု ၎င်းကဆက်ပြောတယ်။ အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှုအန္တရာယ်သည် ညှိနှိုင်းရေးဗျူဟာတစ်ခု မဟုတ်ခြင်းတော့ သေချာကြောင်း အကဲခတ်များက မှတ်ချက်ပြုပါသည်။ ယင်းသည် အမေရိကန်၏ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများကို အမှန်တကယ် ဖိအားများ ဖြစ်လာစေမည့် အနေအထားတစ်ခု ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော်အနေဖြင့် “အခွန်း စည်းကြပ်မှုကို တစ်ပုံစံတည်း သတ်မှတ်ကျင့်သုံးမည်” ဆိုသည့်ကိစ္စကို ပယ်ဖျက်မည်ဆိုသည်မျိုး ပြောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရပါသည်။
ကိုးကား- CNA
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပြီးနောက် လအနည်းငယ်အတွင်း တရုတ်အစိုးရ၏ မူဝါဒ ချမှတ် သူများသည် လာမည့် လေးနှစ်ကြာ အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် စိုးရိမ် ပူပန်စွာ ဖြင့် စောင့်ကြည့်နေကြကြောင်း ကမ္ဘာ့ထိပ်တန်းသတင်းစာကြီးတစ်ခုဖြစ်သည့် Foreign Affairs မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြခဲ့ပါသည်။ တရုတ်အစိုးရက ထရမ့်အစိုးရအနေဖြင့် တရုတ်နိုင်ငံအပေါ် တင်းကျပ်သည့် မူဝါဒများ ချမှတ်လာမည်ကို ကြိုတင် မျှော်လင့်ထားပြီး အဆိုပါမူဝါဒများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်၊ နည်းပညာစစ်နှင့် ထိုင်ဝမ် အရေး ပြဿနာများသည် ထိပ်တိုက်တွေ့ဆုံမှုကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း သုံးသပ်ပါသည်။ လက်ရှိမှာတော့ ယင်းထင်မြင်ချက်က မကြာမီ လာတော့မည့် တရုတ်-အမေရိကန် ဆက်ဆံရေး မိုးသက်မုန်တိုင်းများအတွက် တရုတ်ဘက်က ကြိုတင်ပြင်ဆင်နေပြီ ဆိုသည်ကို ပြသရာ ရောက်ပါသည်။
ယခုတစ်ပတ်အတွင်း တရုတ်ကုန်ပစ္စည်းအားလုံးအပေါ် ထရမ့်က ၁၀ ရာခိုင်နှုန်း အခွန် ကောက်ခံလိုက်ခြင်းသည် ထိုစိုးရိမ်မှုများအတွက် လုံလောက်သည့် အကြောင်းပြချက်တစ်ခု ဖြစ်သွားပါသည်။ အမေရိကန်၏ လုပ်ရပ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း မဆိုင်းမတွ ဆိုသလိုပင် အမေရိကန် ကုန်ပစ္စည်းအချို့အပေါ် အခွန်နှုန်းထား ပြင်ဆင် သတ်မှတ်ခြင်းများ၊ မဟာဗျူဟာမြောက် အရေးပါသည့် သတ္တုအမျိုးအစားများ တင်ပို့မှုကို ကန့်သတ်ခြင်းနှင့် အမေရိကန် အခြေစိုက် Google ကဲ့သို့ အထင်ကရ ကုမ္ပဏီကြီးတစ်ခုကို ပိတ်ဆို့မှု၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကြေညာချက်ထုတ်ခြင်းများကို ခပ်စိပ်စိပ် လုပ်လာပြီး လက်တုံ့ပြန်ခဲ့ပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ လက်ရှိအနေအထားက အမေရိကန် ကို ပုခုံးချင်းယှဉ်လောက်သည့် အနေအထား မရှိသေးဘဲ အကန့်အသတ်များ၊ စိန်ခေါ်မှုများ ရှိနေပါသေးသည်။
တရုတ် အစိုးရ၏ မူဝါဒချမှတ်သူများသည် ယင်းပြဿနာကို သိထားပြီး ဖြစ်သည့် အတွက်ကြောင့် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်းထက် အခြားနည်းလမ်းများကို ရှာဖွေနေဆဲ ဖြစ်ပါသည်။ ထရမ့်၏ ပထမသမ္မတသက်တမ်းတုန်းကလည်း တရုတ်အစိုးရက ၎င်းတို့၏ ချဉ်းကပ်မှုကို အမေရိကန်၏ တရုတ်မူဝါဒနှင့် လိုက်လျောညီထွေဖြစ်အောင် နည်းဗျူဟာများ ပြောင်းလဲကျင့်သုံးလုပ်ဆောင်ခဲ့ပါသည်။ လက်ရှိကာလအတွင်း ထရမ့်၏ မတည်ငြိမ်သေးသည့် မူဝါဒများကို စောင့်ကြည့်နေပြီး တန်ပြန်လုပ်ဆောင်ရန်နှင့် ၎င်းတို့ အတွက် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် မဟာဗျူဟာနည်းလမ်းအမျိုးမျိုး ကြိုးပမ်း ဖော်ထုတ် နေခြင်းဖြစ်ပါသည်။ သိသာသည့်အချက်တစ်ခုအနေဖြင့် တရုတ်သည် ပြည်တွင်း စီးပွားရေးနှင့် နိုင်ငံခြားဆက်ဆံရေးကို မြှင့်တင်ဖို့ အထူးကြိုးပမ်းနေသည်ဆိုသည့် သတင်း များ တိတ်တဆိတ် ပေါ်ထွက်လာခြင်းပင် ဖြစ်ပါသည်။
ဘိုင်ဒင်အစိုးရလက်ထက်က တရုတ်သည် အမေရိကန်ဆီမှာ ရင်းနှီးမြှုပ်နှံခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းများကို မဟာဗျူဟာကျကျ ဟန်ချက်ညီညီ လုပ်ဆောင်ခဲ့ပါသည်။ ယခု ထရမ့်လက်ထက်တွင်မူ တရုတ်အစိုးရ၏ မဟာဗျူဟာက ပြည်တွင်း စီးပွားရေးကို ပိုမို ခိုင်မာစေရန်၊ အဓိကအားဖြင့် အိမ်နီးချင်းများနှင့် သင့်မြတ်ရန်အပြင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံ များနှင့် နက်ရှိုင်းသည့်ဆက်ဆံရေးတည်ဆောက်ရန် အထူးအာရုံစိုက်နေပါသည်။ လတ်တလော အနေဖြင့် ထရမ့်၏အစီအမံက ရေတိုအောင်မြင်မှုကို ရယူနိုင်သော်လည်း တရုတ်၏အစီအစဉ် က ရေရှည်မှာ ပိုမိုအားသာလာနိုင်မှု ရှိ/မရှိ မေးခွန်းထုတ်ဖွယ်ရှိပါသည်။ တရုတ်ခေါင်းဆောင် ပိုင်းများသည် တရုတ်နိုင်ငံ၏ ကြီးမြတ်သည့်သမိုင်းကြောင်းအပေါ် လေးနက်သည့် ယုံကြည်မှု ရှိခြင်းကြောင့် အမေရိကန်၏ ကမ္ဘာ့ဩဇာအကြီးဆုံးအရိုက်အရာကို အစားထိုးရန် အစဉ်အမြဲ တွေးဆနေကြခြင်း ဖြစ်ပါသည်။ ထရမ့်၏မူဝါဒများသည် အမေရိကန်၏ အင်အားကို လျော့ကျစေပြီး ရေရှည်တွင် အမေရိကန်၏ ကမ္ဘာ့စူပါပါဝါအဖြစ် ရပ်တည်မှုကို လျော့ကျ စေမည်ဟု ၎င်းတို့ဘက်က မျှော်လင့်ထားကြပါသည်။ ထိုသို့ ဖြစ်လာပြီဆိုပါက တရုတ်သည် ယင်းအခွင့်အလမ်းကို အသုံးချဖို့ အသင့်ရှိလာပါမည်။
မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရေး
တရုတ်အစိုးရ၏ မဟာဗျူဟာများထဲတွင် အမေရိကန်ပြည်တွင်းရေးပဋိပက္ခ အားကောင်း စေရေးမှာ အဓိကအခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ ထရမ့် သမ္မတဖြစ်လာပြီးကတည်းက တာစူလာသည့် ကုန်သွယ်ရေးအသာစီးရလိုမှု၊ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ပို့ကုန်ထိန်းချုပ်မှု စသည့် ပုံစံများသည် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုဆီ တွန်းပို့နိုင်ကြောင်း တရုတ်တို့က မျှော်မှန်း ထားပါသည်။ သို့ဖြစ်၍လည်း တရုတ်အစိုးရက စီးပွားရေး ပိုမိုအားကောင်းလာရန်နှင့်ပြည်တွင်းစားသုံးမှုအတွက် လုံခြုံစိတ်ချရရန် နှိုးဆော်မှုအစီအမံများ စတင်ဆောင်ရွက် နေပြီဖြစ်ပါသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီး သုံးရက်အကြာ နိုဝင်ဘာလ ၈ ရက် နေ့တွင် တရုတ်အစိုးရက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် နှစ်နှစ် အတွင်း ဒေသဆိုင်ရာအစိုးရများ၏ ကြွေးမြီများကို လျှော့ချနိုင်ရန် နည်းလမ်းတစ်ရပ်အနေဖြင့် ပြည်တွင်းဈေးကွက် ခိုင်မာလာစေရန် ဒေါ်လာ ၁.၄ ထရီလီယံကို ပြည်တွင်း ဈေးကွက် အတွင်း လည်ပတ်စေမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဒေသဆိုင်ရာအစိုးရများ ရယူ ထားသည့် အကြွေးသည် ဒေါ်လာ ၉ ထရီလီယံခန့်ရှိနိုင်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါသည်။
ယခုကဲ့သို့ ဖြေရှင်းခြင်းသည် တရုတ်အတွက် ပြည်တွင်းစီးပွားရေးအခြေအနေကို တည်ငြိမ် စေပြီး တရုတ်နိုင်ငံဈေးကွက်အပေါ် နိုင်ငံတကာ၏ ယုံကြည်မှုတိုးမြှင့်စေနိုင်မည်ဖြစ်သဖြင့် ဗဟို အစိုးရက ယခုလို အားပေးလုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ယင်းသို့ပြည်တွင်း၌ ဒေါ်လာ စီးဆင်းမှု အားကောင်းအောင် ဆောင်ရွက်သည့် အစီအစဉ်အပြီး တစ်လအကြာ ဒီဇင်ဘာ ၉ ရက် နေ့တွင်မူ ဗဟိုအစိုးရက “ပိုမိုတက်ကြွတဲ့ ဘဏ္ဍာရေး မူဝါဒများနှင့် အတန်အသင့် ပျော့ပျောင်းသည့် ငွေကြေးမူဝါဒများ” ကို ချမှတ်သွားမည်ဟု ကတိပြုပြောကြားခဲ့ပါသည်။ ယင်းမှာ ၂၀၁၀ ခုနှစ် တည်းက တင်းတင်းကျပ်ကျပ် ကျင့်သုံးလာသည့် မူဝါဒများကို ဖြေလျှော့ပြီး စီးပွားရေး နှိုးဆော်မှုတွေ လုပ်ဆောင်မည်ဆိုသည့် မူဝါဒဆိုင်ရာ အပြောင်းအလဲပုံစံတစ်ခု ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွက် စီးပွားရေးမူဝါဒများကို ချမှတ်သည့် အစည်းအဝေး တစ်ခု ဖြစ်သည့် တရုတ်နိုင်ငံ၏ ဗဟိုစီးပွားရေးလုပ်ငန်းများဆိုင်ရာ အစည်းအဝေးမှာလည်း ထို အချက်များကို ထပ်မံအတည်ပြုခဲ့ပါသည်။ အဆိုပါ အစည်းအဝေးက ထွက်ပေါ်လာသည့် အကြံပြုချက်များတွင် အစိုးရအသုံးစရိတ် တိုးမြှင့်ရန်၊ အတိုးနှုန်း လျှော့ချရန်နှင့် ပြည်တွင်း ဈေးကွက် မြှင့်တင်ရန်စသည့် အချက်များ အဓိက နေရာက ပါဝင်နေပါသည်။
ထရမ့်အစိုးရက တရုတ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရှိနေသည့် တတိယ နိုင်ငံများကို အရေးယူနိုင်သည့်ဆုံးဖြတ်ချက်ကို ချမှတ်ကောင်းချမှတ်လာနိုင်ပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ၏စီးပွားရေးကို ထိခိုက်သွားစေနိုင်သော်လည်း ထရမ့်၏ လေးနှစ်တာ သက်တမ်းအတွင်း အလုံးစုံအကျပ်အတည်းထဲကိုတော့ တွန်းပို့နိုင်မည် မဟုတ် ကြောင်း တရုတ်ဘက်က ယုံကြည်နေဆဲဖြစ်ပါသည်။ ထရမ့်၏ ကုန်သွယ်ရေးနှင့် နယ်မြေ ချဲ့ထွင်ရေး ကဲ့သို့သော မူဝါဒများကို နိုင်ငံငယ်များက လက်တလော မလွန်ဆန်နိုင်သော်လည်း ကြာလာသည်နှင့်အမျှ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာနိုင်စရာရှိသောကြောင့် အမေရိကန် အစိုးရအပေါ် ယုံကြည်မှု လျော့ကျလာနိုင်သလို အမေရိကန်၏ တစ်ဖက်သတ် မူဝါဒများကြောင့် ၎င်း၏ ကမ္ဘာ့ခေါင်းဆောင်ဆိုသည့် အရိုက်အရာကိုလည်း တဖြည်းဖြည်း ထိခိုက်လာစေနိုင်ကြောင်း တရုတ်ဘက်က သုံးသပ်ကြပါသည်။
ထရမ့်၏ ယခု ဒုတိယသက်တမ်းအတွင်း ထိုအားနည်းချက်ကို အခွင့်ကောင်းယူပြီး တရုတ်ဘက်က ၎င်း၏ သြဇာလွှမ်းမိုးမှုကို မြန်မြန်ဆန်ဆန် တိုးချဲ့မည်ဆိုသည့် အလားအလာ များမြင်နေရပြီဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုအဖြစ် ပေါ်ထွက်လာခြင်းနှင့်အတူ အမေရိကန်ကို ကမ္ဘာ့တစ်ဦးတည်းသော စူပါပါဝါ အဖြစ်ကနေ ဖယ်ထုတ်နိုင်ရန် ကြိုးပမ်းချက်က လတ်တလော မဖြစ်နိုင်သေးသော်လည်း တရုတ် ၏ မျှော်မှန်းချက်ထက် ရည်မှန်းချက်အဖြစ် ပိုပြီးနီးစပ်လာနေပြီ ဖြစ်ပါသည်။ “ရာစုနှစ် တစ်ခု အတွင်း မမြင်ဖူးသေးသည့် ပြောင်းလဲမှုကို တွေ့မြင်ရစေမည်” ဆိုသည့်စကား ကို သမ္မတ ရှီက မကြာခဏ ပြောလေ့ရှိပါသည်။ အချုပ်အားဖြင့် တင်ပြရပါက အမေရိကန် ၏ တစ်ကိုယ် ကောင်းဆန်သည့် ပြိုင်ဘက်ကို အလဲထိုးရေးမူဝါဒက အခြားနိုင်ငံများ မတည်မငြိမ်ဖြစ်မှုကို ဖန်တီးပေးရာသာ ရောက်သွားနိုင်ပြီး တရုတ် အစိုးရအနေဖြင့် မည်သည့် မုန်တိုင်းမျိုးပင်ဖြစ်စေ ကျော်လွှားသွားမည်ဆိုသည့် အတွေးကို အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။ လက်တွေ့မှာ ဖြစ်နိုင်၊ မဖြစ်နိုင်ကတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ပါသည်။
ကိုးကား။ https://www.reddit.com/r/geopolitics/comments/1ijy15o/chinas_trump_strategy_beijing_is_preparing_to/
အမေရိကန်ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ဝင်များကို ကာကွယ်ရေး အတွက် GDP ၏ (၅) ရာခိုင်နှုန်းကို သုံးစွဲစေလိုကြောင်း မကြာသေးခင်က တိုက်တွန်းချက်နှင့် ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားများကွဲလွဲလာခဲ့ သည်။ဒေါ်နယ်ထရမ့်၏ လိုလားချက်အရ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိထည့်ဝင်နေသော အသုံးစရိတ်ထက် နှစ်ဆပိုများနေသည်။ထိုကဲ့သို့ ဒေါ်နယ်ထရမ့်၏ ကာကွယ်ရေးအသုံးစရိတ် ကြီးကြီးမားမားတိုးမြှင့်ရန် အဆိုပြုချက်ကို နေတိုးကအလေးအနက်ထားကြောင်း မပြသ သော်လည်း ၎င်း၏လက်ရှိ ကာကွယ်ရေး အသုံးစရိတ်သတ်မှတ်ချက်ထက် ကျော်လွန်သုံးစွဲရန် သဘောတူဖွယ်ရှိနေကြောင်း တာဝန်ရှိသူများနှင့်လေ့လာသုံးသပ်သူများထံမှသိရသည်။
လက်ရှိတွင် နေတိုးအဖွဲ့ဝင်နိုင်ငံအများစုသည် GDP ၏ (၂) ရာခိုင်နှုန်းသာ ကာကွယ်ရေး အတွက် သုံးစွဲနေကြခြင်းဖြစ်ပြီး (၅) ရာခိုင်နှုန်းသို့ တိုးမြှင့်ရန်ကိစ္စမှာမူ ထင်သလောက် လွယ်ကူမည့်ကိစ္စမဟုတ်ပေ။ယင်းအဆိုပြုချက်ကို ဦးဆောင်တိုက်တွန်းသည့် အမေရိကန် ပင်လျှင် ၎င်းသတ်မှတ်ချက်ကို ပြည့်မီရန်လိုအပ်နေသေးသည်။ဂရင်းလန်း၊ကနေဒါ၊ပနားမား တို့နှင့်ပတ်သက်၍ ထရမ့်၏ခြိမ်းခြောက်စကားများကြောင့် နေတိုးအဖွဲ့ဝင်များအကြား စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ၎င်း၏ပထမသက်တမ်းအတွင်း နေတိုးအသုံး စရိတ်အပေါ်အာရုံစိုက် ထားပြီး သတ်မှတ်ချက်မပြည့်မီသည့် မဟာမိတ်များကို အကာအကွယ်ပေးသွားမည် မဟုတ်ကြောင်း ခြိမ်းခြောက်မှုများကလည်း နေတိုးအဖွဲ့ဝင်များကို နှစ်ဆတိုးစိုးရိမ်ကြောင့်ကြ မှုဖြစ်စေသည်။နေတိုးနိုင်ငံများမှတာဝန်ရှိသူများက ကာကွယ်ရေးအသုံးစရိတ်ကိုထပ်မံတိုးမြှင့်ရန် လိုအပ်ကြောင်းထောက်ခံကြသော်လည်း (၅)ရာခိုင်နှုန်းအထိတိုးမြှင့်ရန်မှာမူ အဖွဲ့ဝင်အားလုံး နီးပါးအတွက် နိုင်ငံရေးအရနှင့်သာမက စီးပွားရေးအရပါ မဖြစ်နိုင်ဟု လေ့လာသုံးသပ်သူ များက ပြောကြားထားသည်။
သို့သော် ရုရှားသည် ယူကရိန်းပြီးနောက် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထပ်မံတိုက် ခိုက်လာနိုင်သည်ဟူသော ခြိမ်းခြောက်မှုများနှင့်အတူ ထရမ့်၏တိုက်တွန်းချက် များကြောင့် လာမည့် ဇွန်လတွင် သဟိဂ်၌ပြုလုပ်မည့် နေတိုးထိပ်သီး အစည်းအဝေးတွင် သတ်မှတ်ချက်အသစ်ကို သဘောတူဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အဆိုပါ သတ်မှတ်ချက်အသစ်သည် မည်သည့်အတိုင်းအတာအထိရှိနေသည်ဆိုသည်နှင့် ၎င်းသည် ထရမ့်ကို စိတ်ကျေနပ်မှုရှိစေမည်လားကိုမူ စောင့်ကြည့်ရဦး မည်ဖြစ်သည်။နေတိုး အဖွဲ့ဝင်(၃၂)နိုင်ငံက GDP ၏ (၃)ရာခိုင်နှုန်းခန့်ကိုဆွဲတင်ရန် အပြင်းအထန် ငြင်းခုံမှုများ ဖြစ်ပြီးနောက် ယခုအခါ သဘောတူနိုင်လိမ့်မည်ဟု အချို့က မျှော်လင့်နေကြသည်။သို့သော် အချို့အဖွဲ့ဝင်နိုင်ငံများကမူ (၂) ရာခိုင်နှုန်းသို့ ရောက်အောင်ပင် ဆယ်စုနှစ်တစ်ခုကြာခန့် ကြိုးစားခဲ့ရကြောင်းတွေ့မြင်ခဲ့ရပြီးဖြစ်သည်။
အီတလီကာကွယ်ရေးဝန်ကြီး Guido Crosetto က အပြောင်းအလဲတစ်ခု ဖြစ်လာ မည်ဟု မျှော်လင့်ကြောင်း၊သို့သော်ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးအတွက်(၅) ရာခိုင်နှုန်းဆိုသော ပမာဏမှာ မဖြစ်နိုင်ကြောင်း၊ယခင် (၂)ရာခိုင်နှုန်းကိုပင် မနည်းဖြစ် မြောက်အောင် လုံးပန်း နေရကြောင်း ၎င်းကမှတ်ချက်ပြုထားသည်။အီတလီသည် ကာကွယ်ရေး အသုံးစရိတ် အတွက် GDP ၏ (၁.၅) ရာခိုင်နှုန်း ခန့်သာ ထည့်ဝင်နိုင်သောကြောင့် ၎င်းသည် လက်ရှိ သတ်မှတ်ချက်ကိုပင် ပြည့်မီအောင် စွမ်းဆောင်နိုင်ခြင်းမရှိသော အဖွဲ့ဝင်နိုင်ငံ (၈) နိုင်ငံတွင် ပါဝင်နေသေးသည်။ယူကရိန်းနှင့်နယ်နိမိတ်ချင်း ထိစပ်နေသော ပိုလန်သည် နေတိုးအဖွဲ့ဝင် နိုင်ငံများအနက် ကာကွယ်ရေးတွင် GDP ၏ အမြင့်ဆုံးဝေစုကို သုံးစွဲသည့်အဖွဲ့ဝင် ဖြစ်ပြီး ယမန်နှစ်က (၄.၁၂) ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ခန့်မှန်းထားသည်။ ၎င်း၏နောက်တွင် အက်စ်တိုးနီးယားက(၃.၄၃)ရာခိုင်နှုန်းနှင့်အမေရိကန်က (၃.၃၈) ရာခိုင်နှုန်း သုံးစွဲနေကြောင်းတွေ့ရှိရသည်။
ပြီးခဲ့သောနှစ်တွင် GDP ၏ (၂.၁) ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲခဲ့သည့် ဆွီဒင်သည်လည်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Maria Malmer Stenergard က “မိမိတို့၏ ကာကွယ်ရေးတွင် ပို၍ရင်းနှီးမြှုပ်နှံရန် လိုအပ်နေကြောင်း ကောက်ခံထားသည့် စစ်တမ်းများက ဖော်ပြနေကြောင်း” ဖော်ပြထားသည်။ သို့သော် ဥရောပနိုင်ငံအများစုသည် ဘတ်ဂျက်အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီး လက်ရှိသတ်မှတ်နှုန်းထား(၂)ရာခိုင်နှုန်းရောက်ရန်ပင် ရုန်းကန်နေကြရသည်။ နေတိုးသည် အဖွဲ့ဝင်နိုင်ငံများထည့်ဝင်သော ကာကွယ်ရေးအသုံးစရိတ်ကို (၂၀၂၄) ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၁.၄၇၄) ထရီလီယံရှိမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ယင်းတို့အနက် အမေရိကန်မှ(၉၆၈)ဘီလီယံနှင့် ဥရောပနိုင်ငံများနှင့်ကနေဒါတို့မှ (၅၀၇) ဘီလီယံခန့်ရှိမည် ဟု ခန့်မှန်းထားသည်။ စုစုပေါင်းပျမ်းမျှသည် နေတိုး GDP ၏ (၂ ဒသမ ၇၁) ရာခိုင်နှုန်းခန့် ဖြစ်သည်။ အချို့သောအရာရှိများနှင့် လေ့လာသုံးသပ်သူများက နေတိုးသည် ထရမ့်၏ (၅) ရာခိုင်နှုန်း အကြံပြုချက်ကို လပေါင်းများစွာစေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင်(၃) ရာခိုင်နှုန်းနှင့် ပိုမိုအနီးစပ်ဆုံးအနေအထားဖြင့် ဆုံးဖြတ်နိုင်ခြေရှိကြောင်း သုံးသပ်ထား ကြသည်။ ပြီးခဲ့သည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုအတွင်း ထရမ့် သည် (၃) ရာခိုင်နှုန်း သတ်မှတ်ချက်ကို အဆိုပြုခဲ့ပြီး ထိုကဲ့သို့တိုးမြှင့်နိုင်မှုက နေတိုးနိုင်ငံ အများစုအတွက် ကာကွယ်ရေးအသုံး စရိတ်(၃၀)ရာခိုင်နှုန်းခန့်တိုးလာမည်ဟုဆိုသည်။
ရုရှား-ယူကရိန်းပဋိပက္ခနှင့်အတူတိုးမြှင့်သုံးစွဲရန်လိုလာသည့်နေတိုးကာကွယ်ရေး အသုံးစရိတ်ယူကရိန်းတွင် ရုရှားဘက်မှဆင်နွှဲလာသောစစ်ပွဲကြောင့် ဥရောပနိုင်ငံအများအပြားက ထိတ်လန့်တုန်လှုပ်သွားကာ မကြာသေးမီနှစ်များအတွင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့် ခဲ့ကြသည်။ သို့သော် အချို့နိုင်ငံများတွင် ပြည်သူ့ဘဏ္ဍာ ငွေကျပ်တည်းလာခြင်းနှင့်အတူ ကာကွယ်ရေးအသုံးစရိတ်များသည် နိုင်ငံရေးအရ ရေပန်းစားခြင်းမရှိတော့သောကြောင့် နေတိုးနိုင်ငံအစိုးရများအနေဖြင့် ကာကွယ်ရေးအတွက် GDP ၏(၃)ရာခိုင်နှုန်းကို သုံးစွဲရန် လှုံ့ဆော်ရေးမှာမူ လွယ်ကူမည်တော့မဟုတ်ပေ။ အပြည်ပြည်ဆိုင်ရာပညာရှင်များ အသိုင်း အဝိုင်းမှ ကာကွယ်ရေးဘောဂဗေဒပညာရှင် Fenella McGerty က မကြာသေးမီက တိုးတက်မှု များသည် သိသာထင်ရှားသော်လည်း သတ်မှတ်ချက်အသစ်များ ပြည့်မီနိုင်ရေးဆိုလျှင် နိုင်ငံများ အတွက် နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။“ ဥရောပသည် တိုးတက်မှု များအတွက် အကောင်အထည်ဖော်ရန် အရှိန်အဟုန်ဖြင့်သွားမည် ဆိုလျှင်တောင် သတ်မှတ် ချက်ကို ပြည့်မီရန် နောက်ထပ်(၁၀)နှစ်လောက် အချိန်ယူရမည်ဖြစ်ပါကြောင်း” ဟု ၎င်းက ပြောသည်။ သို့သော် ဥရောပနိုင်ငံအစိုးရအများစုက ဥရောပတိုက်ကြီးကို ကာကွယ်ရန် အတွက် ဆိုလျှင် အမေရိကန်ကို အားကိုးနေခြင်းထက် ကိုယ့်အားကိုယ်ကိုးသင့်ကြောင်း ဖော်ပြထား ကြသည်။
ပြင်သစ်နှင့် ဘောလ်တစ်နိုင်ငံတို့က ကာကွယ်ရေးအသုံးစရိတ် ရန်ပုံငွေအတွက် ဥရောပသမဂ္ဂမှချေးငှားရန် တွန်းအားပေးလျက်ရှိသည်။အဆိုပါဆွေးနွေးညှိနှိုင်းမှု၏ ရလဒ်သည် လာမည့်လတွင် ကျင်းပမည့် ဂျာမနီနိုင်ငံ ရွေးကောက်ပွဲအပေါ် မူတည်နေမည်ဖြစ်သည်။ အကြောင်းမှာ ဂျာမနီသည် ယင်းအချက်ကိုကန့်ကွက်နေသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် ဥရောပမဟာမိတ်များအနေဖြင့် ကိုယ့်အားကိုယ်ကိုးရန် နေတိုးကာကွယ်ရေး ရင်းနှီး မြှုပ်နှံမှု အပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သော Camille Grand က ဆိုသည်။ အကြောင်းမှာ ဥရောပ မဟာမိတ်များသည် လက်ရှိတွင် ဝေဟင်ထဲမှာပင် ဆီဖြည့်ခြင်း၊ စစ်ဘက်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေးနှင့်အီလက်ထရွန်နစ်စစ်လက်နက်များ စသည့်ကဏ္ဍများတွင် အမေရိကန်အပေါ် မှီခိုအားထားနေရဆဲကြောင့်ဖြစ်သည်။၎င်းကဏ္ဍအားလုံးမှာ ငွေကုန်ကြေးကျ အလွန်များသည်။ ထိုသို့သော လုံခြုံရေး လိုအပ်ချက်များကြောင့် ဥရောပအနေဖြင့် ကာကွယ်ရေး အသုံးစရိတ် အတွက်တိုးမြှင့်သုံးစွဲသင့်နေသည်။
နေတိုး၏ ကာကွယ်ရေးအသုံးစရိတ်ကိုမည်သူက အများဆုံးသုံးနေသနည်း
အမေရိကန်သည် ကာကွယ်ရေးအသုံးစရိတ် GDP ခွဲဝေမှု တိုးမြှင့်ရေးအတွက် တက်တက်ကြွကြွ ကတောင်းဆိုနေသော်လည်း ၎င်းသည် နေတိုးကာကွယ်ရေးအသုံးစရိတ် အများဆုံးအသုံးချသည့် အဖွဲ့ဝင်မဟုတ်ပေ။ထို့ပြင် ၎င်း၏စီးပွားရေး အရွယ်အစားအရ ၎င်းသည် နေတိုးကို အများဆုံး ထောက်ပံ့ပေးနေသည့် အဖွဲ့ဝင်ဖြစ်နေသည်။ဥပမာအနေဖြင့် (၂၀၂၃) ခုနှစ်က စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနမှပြုစုထားသော စာရင်းဇယား များအရ အမေရိကန်သည် နေတိုးအသုံးစရိတ်၏ (၆၈) ရာခိုင်နှုန်းကို တာဝန်ယူထားပြီး အခြားသော ဥရောပမဟာမိတ်အဖွဲ့ဝင်နိုင်ငံများက (၂၈) ရာခိုင်နှုန်းခန့်သာ တာဝန်ယူထားကြောင်း တွေ့ရှိရသည်။
ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲသည့်အဖွဲ့ဝင်ကို လေ့လာကြည့်ရာ ရုရှား၊ ယူကရိန်းနှင့်ရုရှားမဟာမိတ် ဘီလာရုစ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပိုလန်နိုင်ငံက အကြီးမားဆုံး သုံးစွဲသူဖြစ်နေကြောင်းတွေ့ရသည်။ (၂၀၁၄) ခုနှစ်တွင် နေတိုး GDP ၏ (၁ .၉) ရာခိုင်နှုန်းကို သုံးစွဲနေသော ၎င်းက (၂၀၂၃) ခုနှစ်တွင် (၃.၉) ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့ သည်။ ထို့ကြောင့် ၎င်းသည် နေတိုးရှိအဖွဲ့ဝင်(၃၁)နိုင်ငံအနက် ကာကွယ်ရေးအသုံးစရိတ် အများဆုံးသုံးစွဲသူဖြစ်လာခဲ့သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ တွက်ကိန်းများအရ တတိယကမ္ဘာစစ်သည် ဥရောပက စတင်မည်ဟု သုံးသပ်ထားကြသည်။ထို့ကြောင့် ရုရှား-ယူကရိန်းစစ်မီး တောက်လောင်ဆဲဖြစ်သော ဥရောပတိုက်အနေဖြင့် ကာကွယ်ရေးကို အရှိန် မြှင့်တင်ရေးကအရေးကြီးနေသည်။သို့သော် နေတိုးအဖွဲ့ဝင်နိုင်ငံများ ကြားမှာပင် သဘောထား ကွဲလွဲမှုများ၊ရပ်တည်ချက်ကွဲလွဲမှုများကြောင့် နေတိုး၏ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ရန်မှာ ခဲယဉ်းနေဦးမည်ဖြစ်သည်။သို့ပါသောကြောင့် (၂၀၂၅)ခုနှစ် ဇန်နဝါရီလ (၂၀) ရက်တွင် အမေရိကန်၏ တရားဝင်သမ္မတဖြစ်လာခဲ့သည့် ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏အဆိုပြုချက်ကို အောင်မြင်အောင်တိုက်တွန်းဖို့ရာ ၎င်း၏မူအတိုင်း ခြိမ်းခြောက်မှုများဖြင့် ရှေ့ဆက်သွားလော သို့တည်းမဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ဆောင်မည်လော စောင့်ကြည့်လေ့လာရဦးမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
Source: (တင်ဇာ) NP News
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါမျှော်မှန်းချက်များကို အောင်မြင်စွာ ဖြည့်ဆည်းရာတွင် အောက်ဖော်ပြပါ စီးပွားရေးဦးတည်ချက်(၃)ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
(က) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊
(ခ) တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊
(ဂ) ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကိုအားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး။
၂။ ထိုကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ အမိန့်အမှတ် (၅၆ /၂၀၂၄) ဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါသည်။
၃။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်အား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ထုတ်ကုန်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ စားရေရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြင့် ပြည်တွင်းဖူလုံပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးနှင့် ဈေးကွက်ဝေစုရရှိရေးကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော ရေရှည်တည်တံ့သည့် စိုက်ပျိုးမွေးမြူရေးစနစ်များကို ဖော်ဆောင်ရန်၊ လယ်ယာကဏ္ဍနှင့် ဆက်စပ်လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်အနေဖြင့် လိုအပ်သည့်မူဝါဒများချမှတ်၍ လယ်ယာစီးပွား (Agri-business) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်မှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
၄။ ထို့အပြင် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စက်မှုဇုန်များ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ အမိန့်အမှတ် (၅၄/ ၂၀၂၄) ဖြင့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်အနေဖြင့် နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်သင့်သည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အောင်မြင်မှုရရှိစေရန်နှင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည့်အပြင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝတိုးတက် မြင့်မားရေး၊ မိတ်ဖက်နိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) များ ပိုမိုဝင်ရောက်လာစေရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာရှိစေရေးအတွက် အရေးကြီးသည့် အခြေခံ အဆောက်အအုံ (Infrastructure) များဖြစ်သော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ နှစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ အမိန့်အမှတ်(၅၅/ ၂၀၂၄) ဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့် ပညာရှင်များ၏ တတ်သိကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း (Development Trends) ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာဖြေရှင်းနိုင်မည့် ဦးစားပေးဆောင်ရွက်သင့်သည့်လုပ်ငန်းများ ဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် မူဝါဒများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၆။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားကိုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်၏ ဒုတိယမြောက် စီးပွားရေးဦးတည်ချက်ဖြစ်သည့် MSME လုပ်ငန်းများကို ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက်ရှိလာစေရန် အားပေးကူညီ ဆောင်ရွက်လျက်ရှိပါသည်။ MSME လုပ်ငန်းဆိုသည်မှာ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမှစ၍ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်နေသော စီးပွားရေးလုပ်ငန်းများဖြစ်ပြီး အဓိက အရေးပါသည့် အခြေခံလုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MSME လုပ်ငန်းများအနေဖြင့် ပြည်တွင်းထွက်ကုန် ကြမ်းများကို အခြေခံသည့်ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စားရေရိက္ခာဖူလုံမှုအတွက် အဓိကထားထုတ်လုပ်သွားရန်ဖြစ်ပြီး ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၇။ MSME များကို အားပေးမြှင့်တင်ရာ၌ အဓိကကျသည့် ငွေပင်ငွေရင်း ရရှိစေရေးအတွက်လည်း MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေထူထောင်ထားပြီး အမှန်တကယ်လိုအပ်သည့် လုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ ချေးငွေများပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာ့စီးပွားရေးဘဏ်ကလည်း MSMEs လုပ်ငန်းများအား ဘဏ္ဍာငွေ ပံ့ပိုးကူညီနိုင်ရန်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေရယူ၍ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်း Two-Ste Loan (PMU) အစီအစဉ်ဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။ ထို့အပြင် ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော MSME လုပ်ငန်းများကို အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိပါသည်။
၈။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြောင်းလဲလာသည့် စီးပွားရေးပုံစံများနှင့်အညီ ထိရောက်သောကုန်သွယ်မှုမူဝါဒ (၆)ရပ်နှင့် ကုန်သွယ်ရေးအခြေခံမူ (၃)ရပ်တို့ကိုချမှတ်၍ မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ပေါ်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ဘက်စုံကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုး မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များ ပြည်တွင်း/ ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ ပံ့ပိုးမှုများရရှိရေး၊ အမျိုးသားပို့ကုန် မဟာ ဗျူဟာနှင့်အညီ ပို့ကုန်တန်ဖိုးကွင်းဆက် ခိုင်မာ အားကောင်းစေရေးနှင့် စံချိန်စံညွှန်း ပြည့်မီ၍ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသော တန်ဖိုးမြှင့် ထုတ်ကုန်များတိုးမြှင့်တင်ပို့နိုင်ရေး၊ ခိုင်မာသည့် ဈေးကွက်ဝေစုနှင့် ဈေးကွက်သစ်များရရှိရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ပါက ပြည်ပသွင်းကုန် ပစ္စည်းများကို မှီခိုနေရခြင်းမှ ကင်းလွတ်နိုင်မည်ဖြစ်ပြီး ပြည်တွင်းစားရေရိက္ခာဖူလုံနိုင်မည့်အပြင် ဈေးကွက်မတည်ငြိမ်မှုကိုလည်း ထိန်းကျောင်းနိုင်ရုံမျှမက ပို့ကုန်ရငွေ တိုးတက်ရရှိလာမည် ဖြစ်ပါသည်။
၉။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေကို တောင့်တင်းခိုင်မာစေပြီး ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို ပီပြင်စွာကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် ခေတ်စနစ်နှင့်လျော်ညီသည့် ဘဏ္ဍာရေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ ရငွေအတွက် အဓိကအကျဆုံးဖြစ်သော အခွန်အကောက်များ စနစ်တကျကောက်ခံ က်ခံခြင်း၊ အခွန်နှုန်းထားတိုးမြှင့်ခြင်းမဟုတ်ဘဲ Tax Base ချဲ့ထွင်ခြင်းဖြင့် ရငွေများကို တိုးမြှင့်ရရှိအောင် ဆောင်ရွက်ခြင်းနှင့် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို သတ်မှတ်ဘောင်အတွင်းထားရှိကာ အခြားအသုံးစရိတ်များကို လျှော့ချသုံးစွဲခြင်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဘဏ္ဍာရေးမူဝါဒများသာမက ထိရောက်သည့် အခွန်မူဝါဒများချမှတ်၍ ကောင်းမွန်သော အခွန်ကောက်ခံမှုစနစ်နှင့် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် ငွေကြေးလည်ပတ်မှုမှန်ကန်စေပြီး ငွေကြေးဖောင်းပွမှု မပေါ်ပေါက်အောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။
၁၀။ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ပေးအပ်လာသည့် ဘဏ္ဍာရေးအကူအညီများကိုလည်း နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံတည်ဆောက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသော ဖွံ့ဖြိုးမှုဦးစားပေး အစီအစဉ်များအလိုက် ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် “အားလုံး အကျုံးဝင်သည့် စွမ်းရည်ရှိသော လူ့အဖွဲ့အစည်း (Resilient Economies and Inclusive Societies: Empowering people)” အဖြစ် ရပ်တည်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော လူသားအရင်းအနှီး (Human Capital) ထူထောင်နိုင်ရန် ပြည်ပမှအတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု အကူအညီများရယူခြင်းနှင့် ပြည်ပသို့ပညာသင်များစေလွှတ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။
၁၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးတို့အတွက်လည်း နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွင်းရှိ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေ လည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များအား ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။
၁၂။ အချုပ်အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထိရောက်ပြီး လက်တွေ့ကျသည့် စီးပွားရေးဦးတည်ချက်များ၊ ကုန်သွယ်ရေးမူဝါဒများ၊ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ မေခရိုစီးပွားရေး တည်ငြိမ်စေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။
ဆွေးနွေးပေးသူ- ဦးသက်တင်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
၁။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် “အပြုသဘောဆောင်သည့် ကြားနေရေး" (Positive Neutrality) နိုင်ငံခြားရေးမူဝါဒဖြင့် ရပ်တည်ခဲ့ပါသည်။ ထို့နောက် ၁၉၇၁ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ” (Independence Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ စတုတ္ထအကြိမ် ပါတီ ညီလာခံမှ “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ" (Independent and Active Foreign Policy) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြေညာချက်အမှတ် (၃/၈၈) ဖြင့် “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြား ရေးမူဝါဒ" ကိုလည်းကောင်း ကျင့်သုံးခဲ့ပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၄၁)တွင် ပြဋ္ဌာန်းချက်နှင့်အညီ မြန်မာနိုင်ငံသည် "လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ" (Independent, active and non- aligned foreign policy) ကို ကျင့်သုံးလျက်ရှိပါသည်။ နိုင်ငံ့သမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ နိုင်ငံခြားရေးမူဝါဒ အဆင့်ဆင့် တိုးတက်ပြောင်းလဲ ခဲ့သော်လည်း အခြေခံအနှစ်သာရ ဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးနှင့် ငြိမ်းချမ်းရေး တို့သည် ပြောင်းလဲမှုမရှိဘဲ ခေတ်အဆက်ဆက် အမျိုးသားရေးအကျိုးစီးပွားကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို တစ်နိုင်ငံ၏နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူ ရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဟူသည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး (Peaceful co-existence) မူကြီး(၅)ချက်နှင့်အညီ ကျင့်သုံးလျက်ရှိပါသည်။ ထိုသို့ ကျင့်သုံးရာတွင် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြည်ပရှိ မြန်မာသံရုံးများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၊ ကုလသမဂ္ဂဆိုင်ရာနှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ၊ ပြည်တွင်းရှိ နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းရုံးများမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ချိတ်ဆက် ဆောင်ရွက်လျက် နှစ်နိုင်ငံအကြား (Bilateral)နှင့် နိုင်ငံစုံ(Multilateral) စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာဆောင်ရွက်လျက်ရှိပါသည်။
၃။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် မဟာဗျူဟာအရ အရေးပါသောနေရာ၌ တည်ရှိပြီး တရုတ်၊ အိန္ဒိယတို့ကဲ့သို့သော ကြီးမားသည့် ဈေးကွက်များနှင့် အရှေ့တောင်အာရှဒေသ တို့အကြား ပေါင်းကူး ဆက်စပ်ပေးနိုင်သည့် အခွင့်အလမ်းကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် စီးပွားရေး ချိတ်ဆက်မှုများပြုလုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အထူးသဖြင့် အာဆီယံ (ASEAN)၊ ဘင်းမ်စတက် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation, BIMSTEC)၊ အက်ခ်မက် (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy, ACMECS) စသည်တို့တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ပါဝင်လျက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ၊ မဲခေါင်-လန်ချန်း၊ မဲခေါင်-ဂျပန်၊ မဲခေါင်-ကိုရီးယားစသည့် မဲခေါင်မြစ်ဝှမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမျိုးစုံ၊ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်အဖွဲ့ (Regional Comprehensive Economic Partnership, RCEP) တို့၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများနှင့် စီးပွားရေးဆိုင်ရာ စီမံကိန်းများ" ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး၊ အခြေခံအဆောက်အအုံ တိုးတက်ရေးဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် အာဆီယံ၏ စီးပွားရေးအသိုက်အဝန်းအောက် တွင် အာဆီယံစီးပွားရေးလမ်းပြမြေပုံ(၂၀၂၅)နှင့် စီးပွားရေးပေါင်းစည်းမှု ရည်မှန်းချက်ပန်းတိုင် ပြည့်မီရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
၄။ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်ချက် ထားရှိကာ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး ချုပ်ဆိုရေး နှင့်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြည်ပဈေးကွက်များတွင် မြန်မာ့ဒေသထွက်ကုန်များ အရောင်း မြှင့်တင်ရေး၊ နိုင်ငံတကာခရီးသွားပြပွဲများ၊ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသရေး၊ စီးပွားရေးဇုန်များတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် ရင်းနှီးမြှုပ်နှံရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ခံဝန်ကြီးဌာနများနှင့် ပြည်ပနိုင်ငံများမှ ဌာန/အဖွဲ့အစည်းများအကြား မြန်မာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
၅။ အချုပ်အားဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့်အညီ ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ကာ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံချင်း(Bilateral)၊ ဒေသတွင်း(Regional)နှင့် နိုင်ငံစုံ(Multilateral) ပူးပေါင်းဆောင်ရွက်ရေးများမှတစ်ဆင့် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ နိုင်ငံတကာနှင့် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဆွေးနွေးပေးသည့်ဌာန - နိုင်ငံခြားရေးဝန်ကြီးဌာန
၁။ နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်တွင်လည်းကောင်း၊ ကမ္ဘာ့ငွေကြေးကိစ္စများတွင် လည်းကောင်း အမေရိကန်ဒေါ်လာ၏ ဩဇာညောင်းမှု၊ လွှမ်းမိုးမှုကြီးမားခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများ၊ ပထဝီနိုင်ငံရေးရေချိန်အနိမ့်အမြင့် အပြောင်းအလဲများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ၏ တွင်ကျယ်နေမှုကို စိန်ခေါ်မှုများ၊ ဆန့်ကျင်မှုများသည် အချိန်ကာလတစ်လျှောက်လုံး ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ စီးပွားရေး အင်အားကြီးနိုင်ငံအချို့က ယခင်ကာလများထက် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးကို ပို၍စိတ်ဝင်စား၊ ပို၍အားထုတ်မှုများ ရှိလာသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့်ဆက်စပ် နေသည့် နိုင်ငံများသာမက အမေရိကန်အစိုးရကိုယ်တိုင်ပင် စဉ်းစားစရာ၊ စိုးရိမ်စရာများရှိလာ သည်ဟု မှတ်ချက်ပြုကြသည်။
၂။ အမေရိကန်ဒေါ်လာ ငွေကြေးအသုံးပြုမှုကို လျှော့ချရေး(ခေါ်) ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization)ကို ကမ္ဘာ့ဘဏ္ဍာရေးတည်ငြိမ်မှုများအပေါ် သက်ရောက်နိုင်ခြေများသည့် ကြီးမားသောပြဿနာအဖြစ် အားလုံးက ထင်မြင်နေကြပြီဖြစ်၏။ ကမ္ဘာလုံးဆိုင်ရာအရန်အက်ဆက် (Reserve Asset)များတွင် ဒေါ်လာငွေပါဝင်မှု အပြောင်းအလဲများသည် နိုင်ငံအတော်များများတွင် ဘဏ္ဍာရေးမတည်ငြိမ်မှုများကို ဖန်တီးဖြစ်ပေါ်စေလျက် အရင်းအနှီး စီးဆင်းမှုများ၊ အက်ဆက်ဈေးနှုန်း အလှုပ်အရှားများဆီသို့ ဦးတည်နေသည်။ အထူးသဖြင့် အမေရိကန်ဒေါ်လာငွေကြေးဖြင့် နိုင်ငံခြားကြွေးမြီပမာဏ များပြားစွာ ယူထားသောနိုင်ငံများ၊ ထွန်းသစ်စဈေးကွက်နိုင်ငံများတွင် ဖြစ်လာနိုင်သည်။ နိုင်ငံအသီးသီးရှိ ပေါ်လစီရေးဆွဲသူများသည် ဘဏ္ဍာရေးတည်ငြိမ်မှုကို အကာအကွယ်ပေးနိုင်ရေးနှင့် အပြောင်းအလဲများ ထိန်းချုပ်ရေးလုပ်ဆောင်နိုင်ရေးတို့အတွက် လုံ့လဝီရိယ ပိုမိုစိုက်ထုတ်ရန်လိုသည်ဟု အကြံပြုကြသည်။
၃။ အမေရိကန်ဒေါ်လာနေရာတွင် စိတ်ချရသည့် ငွေကြေးသစ်တစ်မျိုး အစားထိုးသုံးစွဲနိုင်ရန်မှာ ခိုင်မာသောစီးပွားရေးအဆောက်အအုံ၊ အရည်အသွေးစိတ်ချရသည့် ငွေကြေး ဈေးကွက်များ၊ ကောင်းမွန်ထိရောက်သောငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒ မူဘောင်များရှိရန် လိုအပ်သည်ကို သတိပြုမိကြသည်။ လက်ရှိအခြေအနေတွင် အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ငွေကြေးအမျိုးအစား မတွေ့ရသေးပေ။ သို့သော် နိုင်ငံတကာက သတိပြုမိလောက်သည့် တိုးတက်မှုများရှိသောငွေကြေးများ ပေါ်ထွက်လာနေသည်။ အထူးသဖြင့် ဥရောပငွေကြေးယူရို နှင့် တရုတ်ငွေကြေး ယွမ်တို့ကို ထောက်ပြကြ၏။ ပေါ်လစီရေးဆွဲသူများအနေဖြင့် အမေရိကန် ဒေါ်လာငွေကြေးအသုံးပြုမှု လျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခက်အခဲများကို လျှော့ချ နိုင်ရေး အားထုတ်နေစဉ်မှာပင် ကွဲပြားခြားနားမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးကျေးဇူး များကို ရရှိခံစားနိုင်စေရန်အတွက် ငွေကြေးမျိုးစုံ အရန်ထားရှိသည့် စနစ်တစ်ရပ်ဖြစ်နိုင်ခြေရှိ၊ မရှိကိုပါ လေ့လာဖော်ထုတ်သင့်သည်ဟုသုတေသီအချို့ကဆိုသည်။ လက်ရှိအခြေအနေတွင် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျက် ယုံကြည်စိတ်ချရမည့် အခြားသောငွေကြေးတစ်မျိုး အစားထိုး နိုင်ရေးအားထုတ်မှုများသည် စတင်လုပ်ဆောင်ချိန်ကတည်းက အားလုံးအပေါ်တွင် ဖိအားဖြစ် စေသည့် ပြဿနာဖြစ်နေသည်။
၄။ အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချခြင်းသည် ငွေကြေးလဲလှယ်မှုနှုန်းများကိုလည်း မတည်ငြိမ်မှု ပိုမိုဖြစ်လာစေနိုင်သည်။ အထူးသဖြင့် ဒီဒေါ်လာရိုက်ဇေးရှင်း(De-dollarization) ပြုလုပ်သည့် အစောပိုင်းကာလများတွင် ပိုမိုဖြစ်လာနိုင်သည်ဟု မှန်းဆနေကြသည်။ ငွေကြေး လဲလှယ်နှုန်းအပြောင်းအလဲများသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်အရင်းအနှီး စီးဆင်းမှုများအပေါ် သက်ရောက်လွှမ်းမိုး ဖြစ်ပေါ်မှုများ ရှိလာနိုင်သည်။အထူးသဖြင့် ဘဏ္ဍာရေးစျေးကွက် အားနည်းနေသောနိုင်ငံများ သို့မဟုတ် ဈေးကွက်ကို ထိန်းကျောင်းပေးမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အားနည်းသော နိုင်ငံများတွင်အန္တရာယ်ရှိနိုင်သည်။ မူဝါဒချမှတ်သူများနှင့် စျေးကွက်အတွင်း ပါဝင်ပတ်သက်နေသူများက အခြေအနေအပြောင်းအလဲများကို စဉ်ဆက်မပြတ် ဂရုတစိုက်စောင့်ကြည့်လေ့လာလျက် အနှောင့်အယှက်အဟန့်အတား တစ်စုံတစ်ရာမဖြစ်ပေါ် စေရန် သင့်လျော်သော မူဝါဒအစီအမံများကို ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။
၅။ ဒီဒေါ်လာရိုက်ဇေးရှင်း၏ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံ၏ ငွေကြေးမူဝါဒ အပြောင်းအလဲဖြစ်လာနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသည် အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေး လျော့ကျလာနိုင်ကာ ၎င်းတို့၏ ငွေကြေးဆိုင်ရာအခွင့်အာဏာများကိုလည်းတိုးမြှင့်ရေးလုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။ အကျိုးဆက်များသည် အဆိုးအကောင်း တန်းစီနေပေလိမ့်မည်။ ငွေရေးကြေးရေးစနစ် အားနည်းသောနိုင်ငံများတွင် ဘဏ္ဍာရေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာ၌ ယခင်ကထက် ခက်ခဲမှုများ ပို၍ရှိလာနိုင်သည်။ အပြောင်းအလဲများကြောင့် ရှားပါးသော အရင်းအမြစ်များအပေါ်ပိုမို စူးစိုက်သုံးစွဲလာရသဖြင့် ကုန်ကျစရိတ်များပါ မြင့်တက် လာနိုင်သည်။
၆။ ဒီဒေါ်လာရိုက်ဇေးရှင်း (De-dollarization)ကြောင့် စတင်ပျိုးထောင်လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းသစ်များ အကျိုးဖြစ်ထွန်းမှုရှိလာနိုင်သကဲ့သို့ ခက်ခဲမှုများလည်း ပိုတွေ့လာ နိုင်သည်။ ထို့အတူ ပြည်တွင်းနှင့်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားပေးမှုများကြောင့် ဘဏ္ဍာငွေရရှိမှုအခြေအနေ ကောင်းမွန်လာနိုင်သော်လည်း ငွေကြေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုကို ဟန့်တားမှုများသည့် အခြေအနေများ ဖြစ်လာနိုင်သည်။ နယ်စပ်ဖြတ်ကျော် ငွေပေးငွေယူများ၌ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ကုန်ကျစရိတ်များမြင့်မားကာ ရှုပ်ထွေးမှုများ ရှိလာနိုင်လိမ့်မည်။
၇။ စဉ်းစားစရာများ ရှိနေသေးသည်။ ငွေကြေးအမျိုးအစားသစ်တစ်ရပ်ကို ဈေးကွက်များက မည်သို့မည်ပုံ တုံ့ပြန်နိုင်သနည်း။ လူတိုင်းစဉ်းစားနိုင်သည့်အချက်မှာ တီထွင်ဖန်တီးထားသည့် ငွေကြေးသစ်ကို ဈေးကွက်များက (မမှန်းဆနိုင်သည့်) နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်နိုင်သောကြောင့် ထူထောင်ခါစ လုပ်ငန်းများအပါအဝင် လုပ်ငန်းအတော်များများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဘေးအန္တရာယ်များ ကြုံတွေလာရနိုင်သည်။ လွယ်လွယ်ကူကူ စီမံခန့်ခွဲနိုင်မည် မဟုတ်၊ ပြင်ဆင်အားထုတ်နေစဉ်မှာပင် ဈေးကွက်မတည်ငြိမ်မှုကို ကြုံရနိုင်ပေသည်။ ကောင်းကျိုး များလည်း မျှော်လင့်နိုင်သည်။ စိန်ခေါ်မှုအသစ်များအောက်၌ နည်းပညာသစ်များ၊ လုပ်ငန်း မဟာဗျူဟာသစ်များ၊ စီးပွားရေးလုပ်ငန်းပုံစံသစ်များနှင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးဝန်းကျင်သစ် တစ်ရပ်ကို ဖန်တီးပေးနိုင်ပါက စွန့်ထွင်လုပ်ငန်းရှင်များ၏ စွမ်းရည်ကို လှုံ့ဆော်တွန်းအားပေး သကဲ့သို့ ဖြစ်လာနိုင်ပေသည်။
၈။ သေချာသည့်အချက်မှာ ဒီဒေါ်လာရိုက်ဇေးရှင်း(De-dollarization)ဟု ခေါ်ဆိုနေကြသည့် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချခြင်းကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို မိုက်ခရိုစီးပွားရေးရှုထောင့် (လုပ်ငန်းတစ်ခုချင်းစီ၏အခြေအနေကိုရှုမြင်မှု)မှဖြစ်စေ၊ မက်ခရို စီးပွားရေးရှုထောင့် (နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေကို ရှုမြင်မှု)မှဖြစ်စေ ကြိုတင် မှန်းဆကြည့်ပါက အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံးကို မြင်ရပေလိမ့်မည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန
စောနိုင် (အသုံးချဘောဂဗေဒ)