မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင် တစ်ဦးနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်း တစ်ဦးတို့ ပြန်လည်လွတ်မြောက်

News Image

  • မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင် တစ်ဦးနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်း တစ်ဦးတို့ ပြန်လည်လွတ်မြောက်

24 July 2025

 လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဘူးတောင်းကျေးရွာနေ ရဲတပ်ဖွဲ့ဝင်၏ ဇနီးဖြစ်သူ မလှိုင်မြတ်ဝေ(ခ)အိတုန်ချစ်(၁၉)နှစ်နှင့် ကံလည်ကျေးရွာနေ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဒေါ်ယုယုဝင်း(၄၇)နှစ်တို့သည် ခရီးသည်တင်မော်တော်ယာဉ်ဖြင့် သရက်မြို့မှ မင်းတုန်းမြို့သို့ ထွက်ခွာလာစဉ် သရက်-မင်းတုန်းသွားကားလမ်း မိုင်တိုင်အမှတ် ၃၀ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ခရီးသည်တင်မော်တော်ယာဉ်အား တားဆီးကာ မလှိုင်မြတ်ဝေ(ခ)အိတုန်ချစ်နှင့် ဒေါ်ယုယုဝင်းတို့ နှစ်ဦးအား မီးပေါက်(မြောက်)ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ခြိမ်းခြောက်၍ ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ကံလည်ကျေးရွာရှိ ၎င်းတို့၏ဆွေမျိုးများ နေအိမ်သို့ ရောက်ရှိခေတ္တနေထိုင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA