ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံတို့ စစ်ရပ်စဲရေး သဘောတူညီမှုရရှိ

News Image

  • ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံတို့ စစ်ရပ်စဲရေး သဘောတူညီမှုရရှိ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ တို့၏ ခေါင်းဆောင်များသည် ဇူလိုင် ၂၈ ရက် ညသန်းခေါင်မှ စတင် အကျိုးသက်ရောက်မည့် ချက်ချင်းနှင့် ကန့်သတ်ချက်မရှိ စစ်ရပ်စဲရန် သဘောတူညီမှုကို ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

"၎င်းသည် တင်းမာမှုများ လျော့ကျစေရန်နှင့် ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရန် ပထမဆုံးသော အရေးကြီးသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ နှစ်ဖက်စလုံးသည် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး အဆင့်အထိ တိုက်ရိုက်ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန် သဘောတူညီခဲ့ကြသည်" ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ စစ်ဒေသ ၁ နှင့် ၂ မှ ခေါင်းဆောင်များနှင့် ကမ္ဘောဒီးယား၏ စစ်ဒေသ ၄ နှင့် ၅ မှ ခေါင်းဆောင် များ အကြား တရားဝင်မဟုတ်သော အစည်းအဝေးတစ်ခု ကျင်းပရန် သဘောတူညီခဲ့ကြသည်။ "သဘောတူညီမှုရရှိပါက ၎င်းနောက်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၏ ညှိနှိုင်းမှုဖြင့် နှစ်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အစည်းအဝေး ကျင်းပမည်" ဟု အန်ဝါက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ ခေါင်းဆောင်များသည် ဩဂုတ်လ ၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် နှစ်နိုင်ငံအစိုးရ၏ နယ်စပ် ကော်မတီ အစည်းအဝေးကိုလည်း ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သော မလေးရှားသည်နယ်စပ်သဘောတူညီမှုအား အကောင်အထည်ဖော်ရန် စီစဉ်မှုနှင့် ကြီးကြပ်မှုများကို ပံ့ပိုးရန် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။

မလေးရှားဝန်ကြီးချုပ်က ပူထရာဂျာယာတွင်ကျင်းပသော ဆွေးနွေးပွဲများသည် နိုင်ငံတကာဥပဒေကို လိုက်နာရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်နှင့် ပဋိပက္ခအား တရားမျှတပြီး ရေရှည်တည်တံ့သော အဖြေ ရှာရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ "အပြုသဘောဆောင်သော စိတ်အား ထက်သန်မှု" ကို ပြသခဲ့သည်ဟု ထောက်ပြခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က "ယခုကြေညာချက် အခြေအနေ များ တိုးတက်ကောင်းမွန်လာစေရန်၊ နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိစေရန်နှင့် အနာဂတ်တွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား တင်းမာမှုများ လျော့ပါးစေရန် အခြေခံအုတ်မြစ် ချပေးနိုင်မည် ဟု မျှော်လင့်ပါသည်" ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားခေါင်းဆောင်က အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးပွဲများ စီစဉ် ပေးသည့်အတွက် မလေးရှားဝန်ကြီးချုပ်အား ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဇူလိုင် ၂၆ ရက်က ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက် ခေါင်းဆောင်များနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကူညီပေးမှုအတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်း၏ ယာယီဝန်ကြီးချုပ်က "ယနေ့ရရှိသော ရလဒ်များက နှစ်ဖက်၏ ကောင်းမွန်သောဆန္ဒဖြင့် အဆိုပါသဘောတူညီမှုအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂