မလေးရှား၏ ကြားဝင်ဖျန်ဖြေမှုကြောင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးနှင့် နှစ်နိုင်ငံအကြားတင်းမာမှုလျှော့ချရေး သဘောတူ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်သန် ဗီချိုင်ချိုင်တို့အကြား ဇူလိုင်လ ၂၈ ရက်တွင် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရေးနှင့်နှစ်နိုင်ငံအကြားတင်းမာမှုလျှော့ချရေးအတွက် သဘောတူလိုက်ပြီဖြစ်ကြောင်းသိရသည်။
နှစ်နိုင်ငံဝန်ကြီးချုပ်များသည် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆင့်မြင့်တွေ့ဆုံပွဲအတွင်း တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲရန်နှင့် တင်းမာမှုများကို လျှော့ချရန်ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ သဘောတူညီချက်အရ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား အပစ် အခတ်ရပ်စဲမှုသည် ဇူလိုင်လ ၂၈ ရက် ဒေသ စံတော်ချိန် သန်းခေါင်ယံအချိန်မှစတင် အသက်ဝင်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အီဘရာဟင်က ပြောသည်။
ထို့ပြင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား နှစ်နိုင်ငံစလုံးမှ တပ်မတော်များအကြား တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာခြင်းရှိ၊ မရှိ စောင့်ကြည့်ရန်အတွက် ပူးတွဲနယ်စပ်ဒေသ စောင့်ကြည့်ရေးကော်မတီတစ်ရပ်ကို ယခု နှစ် ဩဂုတ်လအစောပိုင်းမှစ၍ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မလေးရှားအစိုးရသည် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စောင့်ကြည့်သူများကို တာဝန်ပေးရန် ကမ်းလှမ်းခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံအကြားဖြစ်ပွားသည့် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းမည်ဟု ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့် ထိုင်းယာယီဝန်ကြီးချုပ် ဖွမ်သန်ဗီ ချိုင်ချိုင်တို့က မလေးရှားဝန်ကြီးချုပ် အီဘရာဟင်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
Ref: Rt
MWD Web Portal