ထိုင်းနိုင်ငံသည် ၅ ရက်တာ ပဋိပက္ခအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့

News Image

  • ထိုင်းနိုင်ငံသည် ၅ ရက်တာ ပဋိပက္ခအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖီချိုင်ချွန် ဟာဝီရာ က ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ၏ စီးပွားရေးအပေါ် သက်ရောက်မှု ကို အမြန်ဆုံးပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

ကနဦးခန့်မှန်းချက်အရ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ၅ ရက်ကြာ ပဋိပက္ခတွင် ဘတ်ငွေ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀၇ သန်း) ခန့် ဆုံးရှုံးခဲ့သည်။ ယင်းပမာဏတွင် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်များနှင့် ပျက်စီး ဆုံးရှုံးမှုများ ပါဝင်သော်လည်း စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု မပါဝင်ပေ။

ထိုင်းအစိုးရတွင် စီးပွားရေးလှုံ့ဆော်မှုအတွက် ဘတ်ငွေ ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၆၈ သန်း) ကျန်ရှိသော်လည်း ဖီချိုင်က အဆိုပါ ငွေပမာဏသည် မလုံလောက်နိုင်ကြောင်း သတိပေးခဲ့သည်။

ပဋိပက္ခကို ပြီးဆုံးစေရန် သဘောတူညီချက်ရရှိရခြင်း၏ အဓိက အကြောင်းရင်းမှာ စီးပွားရေးဆုံးရှုံးမှုပမာဏ ကြီးမားခြင်းကြောင့် ဖြစ်သည်။ပဋိပက္ခတစ်လကြာပါက ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ (GDP ၏ ၀.၂၅%) ၊ ကမ္ဘောဒီးယားမှာ အမေရိကန်ဒေါ်လာ ၄၇၃ သန်း (GDP ၏ ၁.၁%) ဆုံးရှုံးနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၈ ရက်တွင် မေလေးရှားတွင် ဆွေးနွေးပြီးနောက် ပဋိပက္ခကို ချက်ချင်းရပ်စဲရန် သဘောတူညီခဲ့သည်။ အဆိုပါပဋိပက္ခတွင် လူ ၃၈ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံမှ ကျေးရွာသား ၂၇၈,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂