အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် မည်ကဲ့သို့ ဆက်လက် ပူးပေါင်းဆောင်ရွက် မည့်အပေါ် ဆွေးနွေးမည်ဟု အီရန် ပြောကြား
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အရာရှိများသည် လာမည့်သီတင်းပတ်နှစ်ပတ် အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ “နည်းပညာ အရေးကိစ္စဆွေးနွေး” နိုင်ခြေရှိကြောင်း၊ နှစ်ဖက်က မည်ကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဇူလိုင် ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဥရောပတိုက်အနေဖြင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားအား ပြန်လည်စတင်ပိုင်ခွင့်မရှိဟု ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။
အီရန်အနေဖြင့် ယူရေနီယံသန့်စင်ခြင်းအပါအဝင် နျူကလီးယားအစီအစဉ်များကို ဆက်လက် တွန်းအားပေး ဖော်ဆောင်သွားမည်ဟုလည်း Esmaeil Baghaei က ထပ်မံအတိအလင်းပြောကြား ခဲ့သည်။
အီရန်နျူကလီးယားအဆောက်အဦ၏ လက်ရှိအခြေအနေ အသေးစိတ်နှင့်စပ်လျဉ်း၍ ၎င်းက IAEA ၏ သက်ဆိုင်ရာ အစီရင်ခံစာအား စောင့်ဆိုင်းနေကြောင်း၊ အီရန်အနေဖြင့် လွှတ်တော်ဥပဒေမူကြမ်း၏ အခြေခံပေါ်တွင် မည်ကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့်အပေါ် ဆွေးနွေးရန်အတွက် IAEA နှင့် ပရိုတိုကောလ် (Protocol) အသစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပ ဘက်အသီးသီးအနေဖြင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရား ဟူသည်အား အသုံးပြုပိုင်ခွင့်မရှိကြောင်း Esmaeil Baghaei က ထပ်မံပြောကြားခဲ့သည်။ “ကျွန်တော် တို့က ဒါကိုကန့်ကွက်ပြီး ဥရောပဘက်ကိုလည်း ရပ်တည်ချက်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါသည်” ဟု ၎င်းကဆိုသည်။ အဆိုပါယန္တရားအား အလွဲသုံးပါက အီရန်ဘက်က ပြတ်သားသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
အီရန်သည် ဇွန် ၂၅ ရက်တွင် ဥပဒေကြမ်းကို အတည်ပြု၍ အီရန်နှင့် IAEA ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီဆိုင်းငံ့ခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် အီရန်၏ နျူကလီးယားအဆောက်အဦ ဘေးကင်း လုံခြုံမှုနှင့် အီရန်က နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုပိုင်ခွင့်ကို အာမခံပေးနိုင်ပြီး အီရန်၏ အဆင့်မြင့်အမျိုးသားလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ရရှိထားသည်မှလွဲ၍ IAEA က စောင့်ကြည့်လေ့လာသူအနေဖြင့် အီရန်ပြည်တွင်းသို့ ဝင်ရောက်ပြီး စစ်ဆေးအတည်ပြုမှုလုပ်ဆောင် ခြင်းအား တားမြစ်လိုက်သည်။ ထို့နောက် အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အဆိုပါဥပဒေ ကြမ်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုထားသည့် အီရန်နျူကလီးယားသဘောတူညီချက်အရ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်အား ကန့်သတ်ရန် ကတိပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုကို ပယ်ဖျက်ပေးမည်ဖြစ်သည်။ ထို့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမှတ် ၂၂၃၁ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး အီရန်နျူကလီးယား သဘောတူညီချက်အား စိစစ် အတည်ပြုခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်တွင် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင် ရေး” ယန္တရားပါဝင်ပြီး အီရန်၏ စည်းကမ်းချိုးဖောက်သော လုပ်ရပ်အား ရင်ဆိုင်ရန်အတွက် သဘော တူညီချက်အား လက်မှတ်ရေးထိုးထားသည့် နိုင်ငံများက အစီအမံများလုပ်ဆောင်ရန် ခွင့်ပြုထား ကြောင်း၊ အဆိုပါယန္တရား၏ သက်တမ်းမှာ ယခုနှစ် အောက်တိုဘာ ၁၈ ရက်အထိဖြစ်ကြောင်း သိရ သည်။
အနောက်တိုင်းနိုင်ငံများက လတ်တလောကာလများတွင် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည် ဖော်ဆောင်ရေး” ယန္တရား ပြန်လည်စတင်မည်ဟူ၍ အကျပ်ကိုင်ကာ အီရန်က IAEA နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်ဖော်ဆောင်ရန်၊ အီရန်နျူကလီးယားသဘောတူညီချက်အရ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုပမာဏအား ကန့်သတ်ခြင်း စသည်တို့ အပါအဝင် အီရန်နျူကလီးယား သဘောတူညီချက်အား ဆက်လက်ဖော်ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။
ကိုးကား -ဆင်ဟွာ