ရွှေကူမြို့နယ်၌ KIA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • ရွှေကူမြို့နယ်၌ KIA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဩဂုတ် ၂

အကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် ၎င်းတို့အပေါ် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေကူမြို့အတွင်းသို့ KIA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ရွှေကူမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ “သိန်းကမ္ဘာ” သံတို/ သံစရောင်းဝယ်ရေးဆိုင်ရှေ့သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အမှတ် (၁) ရပ်ကွက်နေ အခြေခံ ပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားများဖြစ်သော မောင်မျိုးသော်တာအောင် (၁၂) နှစ်၊ မောင်လင်းရဝေအောင် (၈) နှစ်နှင့် အမှတ် (၁) ရပ်ကွက်နေ ဦးအောင်ကျော်ဦး (၄၉) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားဖြစ်သူ မောင်ပိုင်ခန့်ကိုကို (၁၃) နှစ်၊ ဦးစိုးနိုင်ဦး (၄၁) နှစ်၊ ဒေါ်ခင်မာလွင် (၆၂) နှစ်၊ ဒေါ်ဝင်းသန္တာ (၂၆) နှစ်၊ မောင်ဝေယံမွန် (၁၅) နှစ်နှင့် ဒေါ်ခင်မြင့် (ခ) ခင်ဦး (၅၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။