တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် တရားလွှတ်တော်ရှေ့နေ တစ်ဦး ပြန်လည်လွတ်မြောက်
31 July 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ် သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ကျေးရွာနေ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးရန်နိုင်လင်း(၃၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဦးရန်နိုင်လင်း၏ မျက်နှာအား အဝတ်စဖြင့်စည်း၍ ၎င်းပိုင် HONDA FIT အနက်ရောင်မော်တော်ယာဉ်နှင့်အတူ သဲချောင်းကြီးကျေးရွာအနီး တောအတွင်းရှိ တဲတစ်လုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၉ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် လူမှားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကာ မော်တော်ယာဉ်နှင့်အတူ စေလွှတ်ပေးခဲ့သဖြင့် လွတ်မြောက်ကာ ည ၈ နာရီ ၄၅ မိနစ်တွင် တီတွတ်ပြင်ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ တရားလွှတ်တော်ရှေ့နေ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်းအေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA