စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

16 August 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၈ နာရီတွင် ခင်ဦးမြို့နယ်၊ မြနန္ဒာရပ်ကွက်နေ မနွေးသဇင်ထွန်း(ခ)နွေးနွေး (၂၄)နှစ်သည် ခင်ဦးမြို့မဈေးမှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် အောင်ချမ်းသာရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံရှေ့အရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

MOHA