အမေရိကန်ပြည်ထောင်စုသည် ဗီဇာအတွက် ဒေါ်လာ ၁၅၀၀၀ အာမခံ ငွေပေးသွင်းမှုစနစ်ကို စမ်းသပ်အကောင်အထည်ဖော်မည်
အမေရိကန်ပြည်ထောင်စုသည် အချို့နိုင်ငံများမှ ခရီးသွားများအား ခရီးသွား သို့မဟုတ် စီးပွားရေးဗီဇာ (B-1/B-2) ရရှိရန် အမေရိကန် ဒေါ်လာ ၅,၀၀၀ မှ ၁၅,၀၀၀ အထိ အာမခံငွေပေးသွင်းရမည့် ရှေ့ပြေး အစီအစဉ်ကို ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည့် Federal Register တွင် ဖော်ပြထားမှုအရ သိရှိရသည်။
သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု ကို အဓိကထားကာ နယ်စပ်လုံခြုံရေး တိုးမြှင့်ခြင်း၊ လူသားချင်းစာနာမှု အစီအစဉ်များ ဖြတ်တောက်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေသုံးဆတိုးခြင်းစသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည်။
ယခုစမ်းသပ်အစီအစဉ်တွင် ဗီဇာသက်တမ်းကျော်နေထိုင်မှုနှုန်း မြင့်မားသော နိုင်ငံများ၊ စိစစ်ရန် အချက်အလက်အကန့်အသတ်ရှိသောနိုင်ငံများ သို့မဟုတ် နေထိုင်ခွင့်မလိုဘဲ ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့် ပေးသည့် နိုင်ငံများမှ စီးပွားရေး/ခရီးသွားဗီဇာ (B-1/B-2) လျှောက်ထားသူများ ပါဝင်မည်ဖြစ်ပြီး ၎င်းအစီအစဉ်ကို တစ်နှစ်ကြာ စမ်းသပ်ဆောင်ရွက်မည် ဖြစ်သည်။ ဗီဇာအတွက် ပေးသွင်းရမည့် အာမခံငွေပမာဏကို ခရီးသွား ရည်ရွယ်ချက်၊ အလုပ်၊ ဝင်ငွေ၊ အရည်အချင်းနှင့် ပညာရေးစသည့် လျှောက်ထားသူ၏ "ကိုယ်ရေးအချက်အလက်" အပေါ် အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ ယခင်ခရီးသွားတားမြစ်ပိတ်ပင်မှုစာရင်းတွင် ပါဝင်ခဲ့သည့် ချတ်ဒ်၊ အီရီထရီးယား၊ ဟေတီ၊ မြန်မာ၊ ယီမင် အပါအဝင် ဗီဇာ သက်တမ်းကျော်နှုန်းမြင့်နိုင်ငံများကို ဦးတည်နိုင်ကြောင်း ခန့်မှန်းရသည်။ ၂၀၂၃ ခုနှစ် အမေရိကန်နယ်စပ်လုံခြုံရေးအစီရင်ခံစာအရ ဗီဇာသက်တမ်းကျော် နေထိုင်သူ ငါးသိန်းကျော်ရှိပြီး မက္ကဆီကို (၄၉,၀၀၀) ၊ ကိုလံဘီယာ (၄၁,၀၀၀) ၊ဘရာဇီး၊ ဟေတီ၊ ဗင်နီဇွဲလား၊ ဒိုမီနီကန်သမ္မတနိုင်ငံ (၂၀,၀၀၀ ကျော်) တို့က ထိပ်ဆုံးတွင် ရပ်တည်နေသည်။
စီးပွားရေးပညာရှင်များက ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှု များသည် စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။ Moody's ၏ အကြီးတန်းစီးပွားရေးပညာရှင် Mark Zandi က "ရွှေ့ပြောင်း လုပ်သားနည်းပါးလာခြင်းသည် စီးပွားရေးအရွယ်အစား ကျုံ့သွားစေနိုင်ပြီး စီးပွားရေးကျဆင်းမှုကိုအစပျိုးနေသည်" ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂