မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အလယ်တန်းပြကျောင်းဆရာမ တစ်ဦး ပြန်လည်လွတ်မြောက်
06 August 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာနေ အခြေခံပညာအထက်တန်းကျောင်းခွဲ (အရာတော်)မှ အလယ်တန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ကြည်ကြည်ရွှေ(၅၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ)က မျက်လုံးအား အဝတ်ဖြင့်စည်း၍ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး “DCS ပြုလုပ်ရန်၊ မပြုလုပ်ပါက ၎င်း၏နေအိမ်အား သိမ်းဆည်းမည်ဖြစ်ပြီး ကျေးရွာ၌ နေထိုင်ခွင့်မရှိကြောင်း” ခြိမ်းခြောက်ပြောဆိုကာ ဩဂုတ် ၅ ရက် မွန်းတည့် ၁၂ နာရီတွင် မျက်လုံးအား အဝတ်ဖြင့်စည်း၍ ဆိုင်ကယ် တစ်စီးဖြင့် ၎င်း၏နေအိမ်ရှေ့သို့ ပို့ဆောင်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အလယ်တန်းပြကျောင်းဆရာမ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA