ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကျောင်းသူ နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ကျောင်းသူ နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

08 August 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက် မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အေးမြသာယာရပ်ကွက်၊ ယူမာကျေးရွာ၊ မှော်စီစာကျေးရွာနှင့် ဆိပ်မူကျေးရွာတို့၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းသူ နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဩဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် အဆိုပါရပ်ကွက်/ကျေးရွာများအတွင်းသို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ဖားကန့်အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသူများ ဖြစ်ကြသည့် ယူမာကျေးရွာနေ မရွှေသဇင်ဝင်း(၁၅)နှစ်၊ တစ်ရွာတည်းနေ မနီနီဝင်း(၁၈)နှစ်နှင့် ဆိပ်မူကျေးရွာနေ မခေတ်သစ်ဦး(၁၈)နှစ်၊ ငှက်ပျောတောအခြေခံပညာအလယ်တန်းကျောင်းခွဲမှ အေးမြသာယာရပ်ကွက်နေ Grade-4 ကျောင်းသူ မဟန်သူဇာထွန်း(၉)နှစ်၊ ကုဋေအခြေခံပညာမူလတန်းလွန်ကျောင်းမှ Grade-9 ကျောင်းသူ မဇွန်ရတီထက်(၁၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မရွှေသဇင်ဝင်းနှင့် မနီနီဝင်းတို့ နှစ်ဦးမှာ ရရှိထားသော ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး မဟန်သူဇာထွန်းနှင့် မခေတ်သစ်ဦးတို့မှာ ဆိပ်မူကျေးရွာရှိ မှော်ရှန်ဆေးရုံ၌ လည်းကောင်း၊ မဇွန်ရတီထက်မှာ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံ၌ လည်းကောင်း အသီးသီးဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ ကျောင်းသူများ သေဆုံး/ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA