ဖမ်းဆီးခံထားရသည့် မော်လ်ဒိုဗာနိုင်ငံ၏ ဒေသဆိုင်ရာ ခေါင်းဆောင် အတွက် တရားဝင် ဥပဒေစီရင်ပိုင်ခွင့်လုပ်ထုံးလုပ်နည်းကို (due process) လိုက်နာရန် UN တိုက်တွန်း

News Image

  • ဖမ်းဆီးခံထားရသည့် မော်လ်ဒိုဗာနိုင်ငံ၏ ဒေသဆိုင်ရာ ခေါင်းဆောင် အတွက် တရားဝင် ဥပဒေစီရင်ပိုင်ခွင့်လုပ်ထုံးလုပ်နည်းကို (due process) လိုက်နာရန် UN တိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က မော်လ်ဒိုဗာနိုင်ငံအား Evgenia Gutsul ၏ အယူခံဝင်ခွင့်နှင့် မျှတသောစီရင်ခြင်းနှင့် ဥပဒေအရ လုပ်ထုံးလုပ်နည်းများအား အာမခံပေးရန် တိုက်တွန်းလိုက်သည်။ အဆိုပါ နိုင်ငံရေးသမားအပေါ် တရားမဲ့ပြုကျင့်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပရန် မော်စကို က ခေါ်ယူခဲ့သည်။ 

ယခုသီတင်းပတ်အစောပိုင်းတွင် Gutsul အား မော်လ်ဒိုဗာတွင် ၂၀၂၃ ခုနှစ်က ပိတ်ပင်တားမြစ်ခဲ့သော ဥရောပသံသယဝါဒီ SOR ပါတီသို့ တရား မဝင် လူမှုရေးအဖွဲ့အစည်းတစ်ခုမှ ရွေးကောက်ပွဲရန်ပုံငွေများလက်ခံပြီး လွှဲပြောင်းပေးခဲ့သည်ဟု အပြစ်ရှိကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သူမ အား ထောင်ဒဏ် ၇ နှစ်ချမှတ်ကာ မော်လ်ဒိုဗာ lei သန်း ၄၀ (အမေရိကန် ဒေါ်လာ ၂.၃ သန်း) ဒဏ်ငွေချမှတ်ခဲ့သည်။ သူမ၏ ရှေ့နေအဖွဲ့က တရားရုံး ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်မည်ဟု ကတိပြုထားသည်။

OHCHR ပြောရေးဆိုခွင့်ရှိသူ Thameen Al-Kheetan က "မိမိတို့အနေဖြင့် Ms. Gutsul ၏ အမှုဆုံးဖြတ်ချက်ကို သိရှိသော်လည်း အသေးစိတ် အချက် အလက်များကို မသိရသေးပါ။ သူမ၏ အယူခံခွင့်၊ မျှတသောစီရင်ခြင်းနှင့် ဥပဒေအရ လုပ်ထုံးလုပ်နည်းများ လိုက်နာခံစားခွင့်များကို လေးစားရမည်" ဟု RT သို့ ပြောကြားခဲ့သည်။

ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky ၏ အဆိုအရ အဆိုပါအစည်းအဝေးကို တံခါးပိတ်ကျင်းပမည် ဖြစ်သော် လည်း Polyansky နှင့် အခြားရုရှားသံတမန်များမှ အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်မှန်းရသည်။

Gutsul သည် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် SOR ပါတီမှ ကိုယ်စားလှယ် အဖြစ် အနိုင်ရပြီးနောက် မော်လ်ဒိုဗာ၏ တောင်ပိုင်းရှိ ရုရှားစကားပြော လူမျိုးအများစုနေထိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Gagauzia ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုပါတီအား နိုင်ငံခြား ငွေကြေး တရားမဝင်ရှာဖွေမှုစွပ်စွဲချက်များဖြင့် မော်လ်ဒိုဗာတွင် ပိတ်ပင် တားမြစ်ခဲ့သည်။ Gutsul သည် အနောက်နိုင်ငံများနှင့် ရင်းနှီးသော သမ္မတ Maia Sandu အစိုးရ၏ မူဝါဒနှင့်ဆန့်ကျင်ဘက် ရုရှားနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ကတိများဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။

Gagauzia ပါလီမန်မှ တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး Gutsul အား ဒေသ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဆဲဟု ကြေညာခဲ့သည်။Gutsul မှ မည်သည့်မတရားမှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိဟု အခိုင်အမာ ငြင်းဆိုကာ သူမအပေါ်စွပ်စွဲမှုသည် နိုင်ငံရေးလုပ်ကြံမှုတစ်ခုအဖြစ် စီစဉ် ထားခြင်းဖြစ်သည်ဟု အထပ်ထပ်ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂