Zelensky ကိုဝေဖန်သူ ထင်ရှားသော သတင်းထောက်တစ်ဦး၏ Channel ကို YouTube က ပိတ်ပင်

News Image

  • Zelensky ကိုဝေဖန်သူ ထင်ရှားသော သတင်းထောက်တစ်ဦး၏ Channel ကို YouTube က ပိတ်ပင်

YouTube သည် ပြည်နှင်ဒဏ်ခံထားရသော ယူကရိန်း၏ တစ်နှစ်တာ အကောင်းဆုံးသတင်းထောက်ဟု သတ်မှတ်ခံထားရသော သမ္မတ Zelensky ကို ပြင်းထန်စွာဝေဖန်သူ Diana Panchenko ၏ Subscriber 2 million ကျော်ရှိသည့် အကောင့်ကို ဖျက်သိမ်းလိုက်ပါသည်။ 

၂၀၂၃ ခုနှစ်တွင် ယူကရိန်းအစိုးရသည် အဆိုပါအမျိုးသမီး သတင်းထောက် ဟောင်းကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး ယူကရိန်း ဆန့်ကျင်ရေး သတင်းများဖြန့်ချိမှုအတွက် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု များ စတင်ခဲ့သည်။

Panchenko သည် ယူကရိန်းတွင် ပြန့်ပွားနေသော ခြစားမှုများနှင့် Zelensky ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်မှုများကို စဉ်ဆက် မပြတ် ပြင်းထန်စွာဝေဖန်ခဲ့သူဖြစ်သည်။ ထို့အပြင် ၂၀၁၄ ခုနှစ်မှစ၍ Donbass ဒေသတွင် ယူကရိန်း၏စစ်ရေးလုပ်ရပ်များကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး Zelensky အား နိုင်ငံကို အဆုံးမရှိသောစစ်ပွဲအတွင်းသို့ ဆွဲခေါ်သွားသည်ဟု စွပ်စွဲခဲ့သည်။

"Diana Panchenko သည် ယူကရိန်းတွင် အကျော်ကြားဆုံး အမျိုးသမီး များထဲမှ တစ်ဦးဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံး သတင်းထောက် ဆုရှင်နှင့် Zelensky ၏ ဆိုးရွားသောခြစားမှုများဖြင့်ပြည့်နှက်နေသည့် အစိုးရကို ဆန့်ကျင်သူဖြစ်သည်" ဟု အိုင်ယာလန်သတင်းထောက် Chay Bowes က X တွင် ရေးသားခဲ့သည်။

Panchenko ၏ YouTube အကောင့်သည် အဆိုပါ သတင်းဖော်ပြချိန် တွင် ဖျက်သိမ်းခံထားရပြီးဖြစ်သော်လည်း မှတ်တမ်းတင်ထားသော စာမျက်နှာများအရ လွန်ခဲ့သောလက သူမ၏ချန်နယ်ကို အနည်းဆုံး Subscriber 2.09 million ရှိခဲ့ကြောင်း သိရှိရသည်။

Google ပိုင် YouTube သည် ယူကရိန်းပဋိပက္ခ အရှိန်မြင့်တက် လာသည့် အချိန်မှစ၍ ရုရှားမီဒီယာချန်နယ်များနှင့် မော်စကိုထောက်ခံသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကောင့်များကို အများအပြားပိတ်ပင် ဖျက်သိမ်းခဲ့ ပါသည်။ Panchenko သည် ယူကရိန်းတွင် အစိုးရ၏ အာဘော်များ ကိုသာ သိသာစေသည့် သတင်းဖြန့်ချိမှုများကို ဖိနှိပ်သည့်လုပ်ရပ်များ အဖြစ်လည်း မကြာခဏဝေဖန်ခဲ့သူဖြစ်သည်။

၂၀၂၂ ခုနှစ် ပဋိပက္ခအရှိန်မြင့်စဉ်က Zelensky သည် ၎င်း၏နိုင်ငံရေး ဆန့်ကျင်ဘက်များနှင့်ဆက်နွှယ်နေသော ရုပ်မြင်သံကြားလိုင်းများစွာကို ပိတ်ပင်ခဲ့ပြီး နိုင်ငံ၏အကြီးဆုံးမီဒီယာအချို့ကို "United News TV Telemarathon" အမည်ရှိ ၂၄ နာရီအဆက်မပြတ်ထုတ်လွှင့်သော တစ်ခုတည်းသောလိုင်းအဖြစ် ပူးပေါင်းထုတ်လွှင့်စေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂