ယူကရိန်းကိုထောက်ခံသူ အနောက်နိုင်ငံများ၏ နောက်ဆုံး ထုတ်ပြန်ချက် ကို မော်စကိုက နာဇီဝါဒလွှမ်းမိုးနေသော အယူအဆအဖြစ် ပြင်းပြင်း ထန်ထန် ရှုတ်ချ
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ယူကရိန်း၏ အနောက်ဥရောပ မဟာမိတ်များ၏ ထုတ်ပြန်ချက်ကို နာဇီ စနစ်ကို ပြန်လည်အသက်သွင်းလိုနေသော ထုတ်ပြန်မှုအဖြစ် ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပြီး သူမသည် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ပိုလန်၊ အီတလီ နှင့် ဖင်လန်ခေါင်းဆောင်များနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့မှ ယူကရိန်းအတွက် ငြိမ်းချမ်းရေး အစီရင်ခံစာကို တုံ့ပြန်ခဲ့ ခြင်းဖြစ်သည်။ ၎င်းသည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အလက်စကာ တွင်ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကို ရည်ညွှန်းထားခြင်းဖြစ်သည်။
ထိုခေါင်းဆောင်များက အမေရိကန်သမ္မတ၏ ဒီပလိုမေစီ ဖြေရှင်းရေး အားထုတ်မှုကို ထောက်ခံသော်လည်း "ရုရှားဖက်ဒရေးရှင်းအပေါ် ဖိအား ပေးမှု ပါဝင်သည့် နည်းလမ်းသာ အောင်မြင်နိုင်သည်" ဟု ဆိုခဲ့သည်။ ဇာခါရိုဗာက ယင်းကြေညာချက်ကို ပြန်လည်ဝေဖန်ကာ "ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိရန် ရုရှားကိုဖိအားပေးပြီး ကိယက်ဗ်ကို ထောက်ခံမှသာ အောင်မြင်နိုင်သည်ဟု ဆိုခြင်းသည် နာဇီစနစ်ကို ပြန်လည်အသက်သွင်း လိုသည့် သဘောတရားများ ထုံမွှမ်းနေသည့် ထုတ်ပြန်မှုတစ်ခု ဖြစ်သည်" ဟု ရှုတ်ချခဲ့သည်။
ဥရောပသမဂ္ဂ (EU) နှင့် ဗြိတိန်တို့က ယူကရိန်းအား ထောက်ခံကာ တောင်းဆိုလိုက်သည့် စစ်ရေးရပ်စဲရေး တောင်းဆိုမှုတွင် ကိယက်ဗ်ထံ လက်နက်ထောက်ပံ့မှု ရပ်တန့်ရေး မပါဝင်ကြောင်း ဇာခါရိုဗာက ထောက်ပြ ခဲ့သည်။ ကိယက်ဗ်နှင့် ဘရပ်ဆဲလ်ရှိ ဗျူရိုကရေစီတို့ကြား ဆက်ဆံရေး သည် "သေခြင်းတရားကိုမက်မောသည့် ဆက်ဆံရေးနှင့် တူလာပြီးနှစ်ဖက်စလုံးမှ အပြန်အလှန် လွန်ကဲစွာ ထောက်ခံမှုပေးနေသည့် သဘော တရားဖြစ်လာကြောင်း” သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့က ယခင်က "အနောက် ဥရောပ သည် ယူကရိန်းကို အားပေးထောက်ခံကာ ရုရှားကို နိုင်ငံရေးအရ ရှုံးနိမ့်စေရန် လုပ်ဆောင်မှုများသည် အထင်နှင့်အမြင် များစွာ ကွဲပြားသွားပြီး EU အား ဘက်စုံကျဆုံးမှုဆီသို့သာ ဦးတည်သွားစေခဲ့ကာ နာဇီကြီးစိုးမှု စနစ်ထံ အခစားဝင်ခဲ့ရသည်” ဟု အတိအလင်း ပြောကြားခဲ့ဖူးသည်။
မော်စကိုက ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန် အလေးထား ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း တည်ငြိမ်ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အကြောင်းရင်းမြစ်များကို ကိုင်တွယ်ဖြေရှင်းရမည်ဟု အခိုင်အမာ ဆိုထားသည်။ ရုရှားထိပ်တန်းအရာရှိများ၏ အဆိုအရ မည်သည့် သဘော တူညီချက်မဆို ၂၀၁၄ ခုနှစ်တွင် ရုရှားနှင့်ပြန်လည်ပေါင်းစည်းခဲ့သည့် ခရိုင်းမီးယား၏ အခြေအနေ၊ ၂၀၂၂ ခုနှစ်က ဆန္ဒခံယူပွဲများအပြီး ရုရှား နှင့်ပူးပေါင်းခဲ့သည့် ဒိုနက်စ်နှင့် လူဂန်းစ် ပြည်သူ့သမ္မတနိုင်ငံများ၊ ဇာပိုရိုဇ် နှင့် ခါဆန်ဒေသများ အပါအဝင် လက်ရှိမြေပြင်အခြေအနေများကို ထင်ဟပ် ရမည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂