ကျောက်ဆည်၊ စဉ့်ကိုင် ၊မြစ်သားမြို့နယ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး
ကျောက်ဆည်၊ ဩဂုတ်-၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာ၊ ဘိုးတိုင်ပေါက်ကျေးရွာ၊ မဉ္ဇူခြံကျေးရွာ ပြည်သူများအား နေလသုခ (၂) စားသုံးဆီရောင်းဝယ်ရေးဆိုင်မှ ဆီ (၃၃၀) ပိဿာ၊ အေးမြကြည်လင်ရပ်ကွက် ပြည်သူများအား ဗိုလ်တစ်ထောင်စားသုံးဆီရောင်းဝယ်ရေးဆိုင်မှ ဆီ (၁၁၀) ပိဿာ၊ စဉ့်ကိုင်မြို့နယ် အဲ့ပြကျေးရွာ ပြည်သူများအား ဒေါ်လာစားသုံးဆီရောင်းဝယ်ရေးဆိုင်မှ (၂၂၀) ပိဿာ၊ စဉ့်ကိုင်မြို့နယ် ကြက်လျှာ တောင်ရွာ၊ ကြက်လျှာမြောက်ရွာ၊ ရှမ်းကန်တောင်ရွာပြည်သူများအား အောင်စိုးမိုးဦး စားသုံးဆီအရောင်းဆိုင်မှ ဆီ(၃၃၀) ပိဿာ၊ မြစ်သားမြို့နယ် လောင်းတော်ဦး ကျေးရွာပြည်သူများအား ဒေါ်ဇာ စားသုံးဆီရောင်းဝယ်ဆိုင်မှ ဆီ(၂၈၈) ပိဿာ တို့အား (၁)ပိဿာငွေ(၇၂၂၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ဆီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများရောင်းချရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး သတ်မှတ်အရည်အသွေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ပြည်သူများ လက်ဝယ်အရောက် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)