အင်္ဂလန်၌ နေ့အပူချိန်များ မြင့်တက်လာသည့်အတွက် ကျန်းမာရေး သတိပေးချက် ထုတ်ပြန်ထား
အင်္ဂလန်နိုင်ငံတစ်ဝန်း၌ နေ့အပူချိန်များ မြင့်တက်လာသည့်အတွက် ကျန်းမာရေး တာဝန်ရှိသူများက အပူနှင့်သက်ဆိုင်သော ကျန်းမာရေးသတိပေးချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။
အင်္ဂလန်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း လေးကြိမ်မြောက်အပူလှိုင်းဖြစ်ပေါ်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်တွင် ဒေသအချို့၌ အပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာသည်ကို တွေ့ရကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပယင်းရောင်အဆင့် ကျန်းမာရေးသတိပေးချက်ကို အင်္ဂလန်နိုင်ငံရှိ ဒေသငါးခုအတွက် လည်းကောင်း၊ အဝါရောင်အဆင့် ကျန်းမာရေး သတိပေးချက်ကို တစ်နိုင်ငံလုံးအတွက်လည်းကောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ အချိန်ကာလမှာ ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက် ညအထိဖြစ်သည်။
လေဖိအားများရပ်ဝန်းဖြစ်ပေါ်မှုကြောင့်သာမက တောင်လေတိုက်ခတ်မှုတို့ပေါင်းဆုံခြင်းကြောင့် အင်္ဂလန်နိုင်ငံနှင့်ဝေးပြည်နယ်တို့တွင် အပူချိန်များမြင့်တက်နေမည်ဖြစ်ကြောင်း၊ နေရာဒေသအများစု၌ အပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ်အထက်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ အပူချိန်များမြင့်တက်လာသည့်အတွက် ကျန်းမာရေးအခြေအနေနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိလာ နိုင်သောကြောင့် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
Ref: Xinhua
MWD