တရုတ်နိုင်ငံသည် နျူကလီးယားလက်နက်များ အရှိန်အဟုန်ဖြင့် တီထွင်ထုတ်လုပ်လာကြောင်း အမေရိကန်စစ်ဌာနချုပ် ထောက်ပြ
တရုတ်၏ နျူကလီးယားလက်နက်များသည် ထင်ထားသည်ထက် ပို၍အလျင်အမြန် ကြီးထွားလာကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက ပြောကြား ကြသည်။ လွန်ခဲ့သည့်တစ်နှစ်အတွင်းတွင် အသုံးပြုနိုင်သည့် ဒုံးကျည်ထိပ်ဖူးပေါင်း ၁၀၀ ခန့် တိုးလာကြောင်း၊ အမေရိကန်စစ်ဌာနချုပ် Pentagon ၏ "တရုတ်စစ်အင်အားဆိုင်ရာ အစီရင်ခံစာ" တွင် ယခုနှစ်လယ်ပိုင်း အထိ တရုတ်နိုင်ငံ၏ လက်နက်သိုလှောင်မှုများ၌ ထိပ်ဖူးပေါင်း ၆၀၀ ကျော် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ လာမည့်ဆယ်စုနှစ်အကုန်တွင် ၁,၀၀၀ အထိတိုးလာနိုင်ပြီး တရုတ်အစိုးရခေါင်းဆောင်ပိုင်းအနေဖြင့် အနည်းဆုံး ၂၀၃၅ ခုနှစ်အထိ အင်အားကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်စစ်တပ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ သိုလှောင်မှုအား အနည်းဆုံး နှစ်ဆတိုးနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက ၂၀၂၀ ပြည့်နှစ်တွင်ယူဆခဲ့သော်လည်း လွန်ခဲ့သော ၄ နှစ်အတွင်းတွင်သုံးဆနီးပါး တိုးလာနေပြီဖြစ်ကြောင်း ခန့်မှန်းထား ကြသည်။
"လက်ဦးအဖြစ် အသုံးမပြု မူဝါဒ" ဟု ဆိုသည့် တရုတ်၏ နျူကလီးယားချဉ်းကပ်မှုကို ၎င်းအစီရင်ခံစာက မေးခွန်းထုတ်နေကြောင်းဖော်ပြထားသည်။ ကွန်မြူနစ် ပါတီအစိုးရ၏ရှင်သန်မှုကို အကြီးအကျယ် ခြိမ်းခြောက်မည့် ထိုင်ဝမ်တွင် သမားရိုးကျစစ်ရေး ရှုံးနိမ့်မှုနှင့်ရင်ဆိုင်ရပါက တရုတ်အနေနှင့် ဦးဆုံး တိုက်ခိုက်ရန် စဉ်းစားဖွယ်ရှိသည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းအစီရင်ခံစာ၌ တရုတ်နိုင်ငံ စစ်အသုံးစရိတ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုဆိုင်ရာ ကိစ္စများအားလည်းထောက်ပြထားပါသည်။ စစ်တမ်းတစ်ခုအရ ၎င်းဘတ်ဂျက်သည် ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်တွင် ကြေညာထားသည်ထက် ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ များနေကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။
ကိုးကား-NHK World