မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ သွားလာနေသည့် ကားလမ်းအား အကြမ်းဖက် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
13 August 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်တင်မော်တော် ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၂၀ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ကားလမ်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ အကြမ်းဖက် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ဖြတ်သန်းသွားလာလျက်ရှိသော 5B-XXXX FORLAND မြေသယ်ယာဉ်အား မောင်းနှင်လာသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာနေ ဦးစိုးမင်းထွန်း(၄၄)နှစ်တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာနေ ကိုဇေယျာစိုး(၂၇)နှစ် မောင်းနှင်လာသည့် 7L-XXXX ISUZU ၂၂ ဘီးမော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကိုကုလား (ခ)ချစ်သဲဦး(စိစစ်ဆဲ)တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး/ ဒဏ်ရာရရှိသူ နှစ်ဦးအား ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ကိုဇေယျာစိုးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ထိုသို့ အများပြည်သူသွားလာနေသည့် ကားလမ်းအား အကြမ်းဖက်မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA