ကျောက်ဆည်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်းပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများ လိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
ကျောက်ဆည်၊ ဩဂုတ်-၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပလတ်စတစ်အိတ်သုံးစွဲမှု လျော့နည်း ပပျောက်စေရေးနှင့် အစားထိုးသုံးစွဲမှုများလိုက်နာရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက် (၇)နာရီက ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးစံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့မွန်ကံတို့က ဈေးရောင်းချသူများ အနေဖြင့် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များ အစား ငှက်ပျောဖက်၊ အင်ဖက်၊ သတင်းစာစက္ကူစသည့် သင့်လျော်ရာများနှင့် အစားထိုး ထုပ်ပိုး သုံးစွဲသွားကြစေရေး ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်သာယာလှပဖို့ ပလတ်စတစ်အမှိုက်ကင်းစင်ရေး လိုက်နာဆောင်ရွက်သွားကြရန်အတွက် ပလတ်စတစ်၏ ဆိုးကျိုးများဖြစ်သည့် မြို့ပြ၏သန့်ရှင်းသာယာလှပမှုကို ထိခိုက်ခြင်း၊ မြေထုကိုညစ်ညမ်းခြင်း၊ ရေထုကိုညစ်ညမ်းခြင်း၊ လေထုကို ညစ်ညမ်းခြင်း အကြောင်းများနှင့် ပလတ်စတစ်အမျိုးအစားများအကြောင်း၊ ဖြေရှင်းရန်နည်းလမ်းများအကြောင်း ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ရေရှည်အသုံးပြုနိုင်သည့်အိတ်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)