အိမ်ဖြူတော်အစည်းအဝေးတွင် ယူကရိန်းနယ်မြေအရေးကို မဆွေးနွေး ခဲ့ဟု NATO အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

News Image

  • အိမ်ဖြူတော်အစည်းအဝေးတွင် ယူကရိန်းနယ်မြေအရေးကို မဆွေးနွေး ခဲ့ဟု NATO အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

NATO အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတ်က ဥရောပ ခေါင်းဆောင် များနှင့် သမ္မတ Trump တို့သည် ယူကရိန်းကိစ္စကို ဆွေးနွေးခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အိမ်ဖြူတော်အစည်းအဝေးအား အောင်မြင်သည် ဟု ဖော်ပြခဲ့သည်။ "မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး ညှိနှိုင်းခြင်း မရှိပါ။ သမ္မတဒေါ်နယ်ထရမ့် အပါအဝင် လူတိုင်းက နယ်မြေ ဆိုင်ရာကိစ္စရပ်သည် ယူကရိန်းသမ္မတ Zelensky က သုံးပွင့်ဆိုင် ဆွေးနွေးပွဲ သို့မဟုတ် ရုရှားသမ္မတ Putin နှင့် နောက်ထပ်ညှိနှိုင်းမှုတွေမှာ တိုက်ရိုက် ဆွေးနွေးရမည့်ကိစ္စဖြစ်ကြောင်း နားလည်ထားပါသည်" ဟု NATO အထွေထွေ အတွင်းရေးမှူးချုပ် မာ့ခ်ရုတ်က သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

NATO အထွေထွေအတွင်းရေးမှူးချုပ်က အိမ်ဖြူတော်တွင် သမ္မတ Trump နှင့် ဥရောပခေါင်းဆောင်များပြုလုပ်ခဲ့သည့် အစည်းအဝေးအား အောင်မြင်မှုတစ်ရပ်အဖြစ် သတ်မှတ်ခဲ့သည်။ ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များဦးစွာရရှိရန်လိုအပ်ပြီး ထို့နောက်မှသာ နယ်မြေဆိုင်ရာ ကိစ္စများကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ၎င်းတို့ သဘောတူညီခဲ့ကြပြီး မဟာမိတ်အဖွဲ့ဝင်နိုင်ငံအားလုံးသည် ထိုအာမခံချက်များ၏ အဓိပ္ပာယ်ကို ညှိနှိုင်းသဘောတူရန် လိုအပ်သည်ဟု ဆိုသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ထရမ့်နှင့် ဥရောပ ခေါင်းဆောင် များသည် "စစ်သည်အင်အား သို့မဟုတ် စစ်လက်နက် ပစ္စည်း ကန့်သတ်ချက် မရှိဘဲ မည်သည့်တိုက်ခိုက်မှုကိုမဆို ရင်ဆိုင်နိုင်သည့် အားကောင်းသော ယူကရိန်းတပ်မတော်"ကို တည်ဆောက်ရန် လိုအပ်ကြောင်း သဘောတူညီ ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖင်လန်သမ္မတ အလက်ဇန်းဒါ စတပ်က အနောက်နိုင်ငံ ခေါင်းဆောင် များသည် အစည်းအဝေးတွင် ဆုံးဖြတ်ချက်များကို သမ္မတထရမ့်မှ သမ္မတ ပူတင်ထံ အသိပေးရန် သဘောတူညီခဲ့ကြောင်း ဖော်ပြခဲ့သည်။ အစည်း အဝေး၏ ရည်ရွယ်ချက်တစ်ခုမှာ သမ္မတပူတင်နှင့် သမ္မတဇီလန်စကီး တို့ကြား ထိပ်သီးအစည်းအဝေးတစ်ရပ် စီစဉ်ရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သမ္မတထရမ့်က ထိုနေ့တွင်ပင် ရုရှား-ယူကရိန်းခေါင်းဆောင်များနှင့် အစည်းအဝေးစီစဉ်ရန် သမ္မတပူတင်နှင့် ဖုန်းဆက်သွယ်ခဲ့ကြောင်း ကြေညာ ခဲ့သည်။ ပူတင်-ဇီလန်စကီး ထိပ်သီးအစည်းအဝေး ပြီးနောက်တွင် အမေရိကန်၊ ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များကြား သုံးပွင့်ဆိုင် ထိပ်သီး အစည်းအဝေး တစ်ရပ် ကျင်းပမည်ဖြစ်သည်။ "ဥရောပနိုင်ငံများစွာမှ ပံ့ပိုးမည့် ယူကရိန်း လုံခြုံရေး အာမခံချက်များကို အမေရိကန်နှင့် ညှိနှိုင်း၍ မိမိတို့ ဆွေးနွေး ခဲ့ကြသည်" ဟု ထရမ့်က ရေးသားခဲ့သည်။

ဂျာမန်ဝန်ကြီးချုပ် Friedrich Merz ၏ဖော်ပြချက်အရ သမ္မတပူတင် သည် လာမည့် ရက်သတ္တပတ် ၂ ပတ်အတွင်း သမ္မတဇီလန်စကီးနှင့် တွေ့ဆုံရန် သဘောတူညီခဲ့ပြီး တွေ့ဆုံမည့်နေရာကိုမူ ယခုအချိန်တွင် မဆုံးဖြတ်ရသေးကြောင်း သိရသည်။

သမ္မတဇီလန်စကီးက ရုရှားဘက်မှ ယူကရိန်းနှင့် နှစ်နိုင်ငံချင်း တွေ့ဆုံမည့် အစီအစဉ်ကို အဆိုပြုထားပြီး နောက်ပိုင်းတွင် အမေရိကန် ခေါင်းဆောင် များနှင့် သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ရုရှားထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို ဖော်ပြထားသည့် မြေပုံတစ်ခုကို သမ္မတထရမ့်နှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

သမ္မတဇီလန်စကီးက ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပါက ယူကရိန်း၏မဟာမိတ်နိုင်ငံများက လုံခြုံရေးအာမခံချက်ဆိုင်ရာ အသေးစိတ် အချက်အလက်များကို ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။ "အဆိုပါအစီအစဉ်များကို လာမည့်သီတင်းပတ် သို့မဟုတ် ၁၀ ရက် အတွင်း တစ်နည်းနည်းဖြင့် တရားဝင်ဖော်ပြသွားမည်" ဟု ယူကရိန်း သမ္မတက ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂