ထိခိုက်ဒဏ်ရာရသူများအပါအဝင် လူသေဆုံးမှုများ ဖြစ်ပေါခဲ့သော ဂျာမနီနိုင်ငံ ခရစ္စမတ်ဈေးပွဲတော် တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်တိုက်မှုကျူးလွန်သူဟု သံသယရှိသူအား တရားရုံးတွင် ရုံးထုတ်စဉ် မေးခွန်းများထွက်ပေါ်လာ

News Image

  • ထိခိုက်ဒဏ်ရာရသူများအပါအဝင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော ဂျာမနီနိုင်ငံ ခရစ္စမတ် ဈေးပွဲတော် တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်တိုက်မှု ကျူးလွန်သူဟု သံသယရှိသူ အား တရားရုံးတွင် ရုံးထုတ်စဉ် မေးခွန်းများ ထွက်ပေါ်လာ

ဒီဇင်ဘာ ၂၁ ရက်နေ့ညနှောင်းပိုင်း တရားရုံးတွင် ရုံးတင်စစ်ဆေးမှုအပြီးတရားသူကြီးက သံသယရှိသူ အား ရုံးတင်စစ်ဆေးခြင်းမပြုမီ ထိန်းသိမ်းထားရန် အမိန့် ချမှတ်လိုက်ပါသည်။

ဂျာမနီအာဏာပိုင်များအနေဖြင့် ခရစ္စမတ်ဈေး တိုက်ခိုက်မှုဖြစ်မလာနိုင်အောင် ကြိုတင်စီမံ ဆောင်ရွက်နိုင်ပါလျက် ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည် ဟူသော စွပ်စွဲမှုများ တိုးလာ နေပါသည်။ Taleb Al Abdulmohsen သည် အဆိုပါတိုက်ခိုက်မှုအား ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသည်။ 

တိုက်ခိုက်မှုအတွက် အကြောင်းအရင်းကို ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း သံသယရှိသူမှာ ဂျာမနီနိုင်ငံတွင် ဆယ်စုနှစ်တစ်ခု ကျော်နေထိုင်ပြီး ဆော်ဒီနိုင်ငံသားများကို ၎င်း၏ဇာတိနိုင်ငံမှ ထွက်ခွာရန် ကူညီဆောင်ရွက်ပေးခဲ့သည့် အသက် ၅၀ အရွယ် ဆော်ဒီ နိုင်ငံသားဖြစ်သည်။

အဆိုပါသံသယရှိသူသည် ဂျာမနီနိုင်ငံ လက်ယာစွန်းရောက် (AFD) ပါတီကို စာနာကြောင်းပြသကာ အစ္စလာမ်ဘာသာအပေါ် ၎င်း၏ယုံကြည်မှုကို စွန့်လွှတ်ခဲ့သူတစ်ဦးကြောင်း ၎င်း၏ လူမှုကွန်ယက် ပေါ်တွင် ပွင့်လင်းစွာဖော်ပြထားပြီး ဂျာမနီနိုင်ငံသည် အစ္စလာမ်ဘာသာလွှမ်းမိုးရေးအတွက် မြှင့်တင် ဆောင်ရွက်နေကြောင်း စွပ်စွဲခဲ့သည်။

ဂျာမနီနိုင်ငံသည် မူစလင်အများအပြား နေထိုင်သည့် နိုင်ငံဖြစ်ပြီး အနောက်ဥရောပတွင် ပြင်သစ်နိုင်ငံပြီးလျှင် အစ္စလာမ်ဘာသာဝင် လူဦးရေ ဒုတိယ အများဆုံးနေထိုင်သည့် နိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဂျာမနီ လူဦးရေ၏ ၇ ရာခိုင်နှုန်းသည် မူစလင်လူမျိုးများ ဖြစ်ပါသည်။ အဆိုပါ သံသယ ရှိသူသည် ၎င်း၏လူမှုကွန်ယက်ပေါ်တွင် အစ္စလာမ်ဘာသာကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိသူဖြစ်ပြီး ဂျာမနီက ဆော်ဒီဒုက္ခသည်များအား ပြုမူဆက်ဆံသည့်ပုံစံအပေါ် နာကျည်း မုန်းတီးနေဖွယ် ဖြစ်နိုင်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ထပ်မံ ထုတ်ပြန်ခဲ့ပြီး သေဆုံးသူများတွင် အသက် ၉ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၄၅ နှစ်၊ ၅၂ နှစ်၊ ၆၇ နှင့် ၇၅ နှစ်အရွယ် အမျိုးသမီးလေးဦးတို့ ပါဝင်ကြောင်း သိရှိရပါသည်။

ဖက်ဒရယ်ရွေးကောက်ပွဲမတိုင်မီ နှစ်လခန့်အလိုတွင် လူဝင်မှုကြီးကြပ်ရေးပြဿနာဖြစ်နိုင်ဖွယ်ရာ လုံခြုံရေးကျိုးပေါက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများနှင့်အတူ အဆိုပါတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများ ဒေါသထွက်နေကြပြီး နိုင်ငံအတွင်း ရှုပ်ထွေးမှုများလည်း ဖြစ်ပေါ်နေပါသည်။ 

ဂျာမနီနိုင်ငံသည် ၂၀၁၆ ခုနှစ်၊ ဘာလင်တွင် လူအများအပြားသေဆုံးခဲ့သော ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ခရစ္စမတ်ဈေးပွဲတော်များတွင် လုံခြုံရေးတိုးမြှင့်ထားသည်။

Source: CNN